menu

Thursday 9 February 2012

ကမ္ဘာကြီးကို စာဖတ်စေခဲ့သူရဲ့ နှစ် ၂၀၀ ပြည့်ပွဲ


မြန်မာအပါအ၀င် ကမ္ဘာ့စာဖတ်ပရိသတ်နှင့် အကျွမ်းအ၀င်ဆုံး စာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ Charles Dickens ရဲ့ နှစ် ၂၀၀ ပြည့်မွေးနေ့ပွဲတော်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ စာဖတ်ပွဲတော်များနှင့်အတူ ဆင်ယင်ကျင်းပကြပါတယ်။ ဖေဖေါ်ဝါရီလ ၇ ရက်၊ ၂၀၁၂ နေ့ဟာ ကမ္ဘာကြီးကို စာဖတ်စေခဲ့သူရဲ့  နှစ် ၂၀၀ ပြည့်မွေးနေ့ရက်ပါ။
ဗြိတိန်နိုင်ငံ မင်းသား ချားစ်က  အင်္ဂလိပ်စာပေမှာ နာမည်ကျော်ကြား လူသိများတဲ့ ဝတ္ထုရေးဆရာ ချားစ်ဒစ်ကင်းရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ကို ဦးဆောင်ပြီး ဗြိတိသျှပါလီမန်မှာ ဆင်ယင်ကျင်းပခဲ့ပါတယ်။

အိမ်ရှေ့မင်းသားဟာ   ဝက်စ်မင်းစတာ ဘုရားကျောင်းက  စာပေပညာရှင်တွေအတွက် သတ်မှတ်ထားတဲ့ Poet Coner လို့ နာမည် ပေးထားတဲ့နေရာမှာ  ၁၈၇၀ ခုနှစ်က  မြှုပ်နှံထားတဲ့ ဒစ်ကင်းအုတ်ဂူမှာ အင်္ဂါနေ့မှာ လွမ်းသူ့ပန်းခွေချခဲ့တယ်။   အဲဒီနေရာမှာ သူ့ကို အခြား စာပေလောက က  ထင်ရှားတဲ့  ဂျက်ဖရီ ချောဆာ (Geoffrey Chaucer)၊ တန်နီဆန် (Tennyson) ၊ နဲ့ ဆန်မြူရယ် ဂျွန်ဆင် (Samuel Johnson) တို့နဲ့ အတူမြုပ်နှံထားပါတယ်။

နာမည်ကြီး  သရုပ်ဆောင် မင်းသား ရတ်ဖ် ဖင်းနီး (Ralph Fiennes) ကတော့  သူရဲ့ စာတွေကို ဖတ်ပြခဲ့ပါတယ်။  ဒစ်ကင်းရဲ့ အထ္ထုပတ္တိရေးသူ  စာရေးဆရာ ကလဲလ် တွမ်မလင် (Clair Tomalin) နဲ့ အတူ  ဒစ်ကင်းရဲ့  အဆက်အနွယ်တွေလည်း  တက်ရောက်ခဲ့ကြတယ်။ ပါလီမန်အမတ်များနဲ့ ဗြိတိန်နှင့် နိုင်ငံတကာက နိုင်ငံရေးနှင့် စာပေအထင်ကရ ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒစ်ကင်းကို ၁၈၁၂ ခုနှစ်  ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာ ဗြိတိန်နိုင်ငံ တောင်ပိုင်းက  ပို့စ်မောက်မြို့ မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီမြို့မှာတော့   နှစ် ၂၀၀ ပြည့် မွေးနေ့ ပွဲတော်ကို ဒီထက်ပိုကျယ်ပြန့်တဲ့  အခမ်းအနားတွေကို ကျင်းပခဲ့ပါတယ်။
ဘဝအစပိုင်းမှာ ပင်ပန်းဆင်းရဲ့တဲ့ ဘဝနဲ့ကြုံခဲ့ရတဲ့  ဒစ်ကင်းဟာ   ဗစ်တိုးရီးယားခေတ် အင်္ဂလန်မှာ လူမှုပြုပြင်ပြောင်းလဲရေးတွေ ဖြစ်စေဖို့ စာတွေကနေ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။
မြန်မာပရိသတ်များနဲ့လည်း ရင်းနှီးပြီးသား သူ့ဝတ္ထုတွေဖြစ်တဲ့ Oliver Twist, Great Expectations နဲ့ A Tale of Two Cities တို့ကို ကမ္ဘာပေါ်ရှိ သန်းပေါင်း များစွာသော လူတွေက ဖတ်ရှုကြပါတယ်။  ဆင်းရဲသားတွေနဲ့ အခွင့်အရေးတန်းတူ မရတဲ့ အောက်ခြေ လူတန်းစားတွေအကြောင်း ရေးဖွဲ့တဲ့ သူရဲ့ ဇာတ်လမ်းတွေထဲမှာ လူမှုရေး မညီမျှမှုတွေ၊ လောဘကြီးမှုတွေ၊ အကျင့်ပျက် ခြစားနေတဲ့ နိုင်ငံရေးသမားတွေ ပါဝင်ပြီး  ဒီအခြေအနေတွေကို ယနေ့တိုင် ဆက်လက်တွေ့နေရပါတယ်။
နိုင်ငံအသီးသီးကလည်း သူရဲ့ ကမ္ဘာကျော် ၀တ္ထုတွေကို ဘာသာပြန်ဆိုထားကြပါတယ်။ ၀တ္ထုရှည်ကြီးတွေကို ကလေးသူငယ်တွေ အတွက် ဖတ်ရလွယ်ကူအောင် အင်္ဂလိပ်စာ အခြေခံအဆင့်တွေအတွက်လည်း ပြန်လည်လို့ ရေးသားထားကြတယ်။
၂၁ ရာစုမျက်မှောက်ခေတ် ကျောင်းပညာရေးနှင့် စာပေလောကမှာ လွှမ်းမိုးနေဆဲ ၁၉ ရာစု ဂန္ထ၀င်စာရေးဆရာကြီးရဲ့ လက်ရာတွေကို မြန်မာကျောင်းသားလူငယ်တွေ ဖတ်ရှုလေ့လာသင့်ပါကြောင်း ကမ္ဘာကြီးကို စာဖတ်စေခဲ့သူ ချားလ်းဒစ်ကင်း နှစ် ၂၀၀ ပြည့်ကို ဂုဏ်ပြုရင်း မောက္ခက အကြံပြု တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
 Makkhu

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis