menu

Thursday 26 January 2012

ပုဂ္ဂလိကကုမ္ပဏီများ၏ သဘောဆန္ဒအတိုင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ကြောင်းနော်ဝေးနိုင်ငံခြားရေးဝန်ကြီးပြောကြား

လတ်တလောတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ နော်ဝေးနိုင်ငံ၏ အရေးယူမှုပိတ်ဆို့မှုအား ရုတ်သိမ်းပြီးဖြစ်သောကြောင့်  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၊ မပြုလုပ်ခြင်းမှာ ပုဂ္ဂလိကကုမ္ပဏီများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်သာ သက်ဆိုင်ကြောင်း နော်ဝေးနိုင်ငံခြားရေးဝန်ကြီး H.E Jonas Gahr Store က ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

''ကျွန်တော်တို့ နော်ဝေးနိုင်ငံအနေနဲ့ နိုင်ငံရေး အကြောင်းတရားတွေကြောင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိတ်ပင်ထားခဲ့တာရှိပါတယ်။ ‘ဒါပေမယ့် အဲဒီအရေးယူပိတ်ဆို့မှုကို လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး ရုပ်သိမ်းပေးလိုက်ပြီးပါပြီ။ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ၀န်ဆောင်မှုကဏ္ဍတွေကို ဖွင့်ပေးလိုက်တာပါ။ အခုနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်မယ်ဆိုရင်တော့ သက်ဆိုင်ရာကုမ္ပဏီရဲ့ သဘောဆန္ဒအတိုင်း သာဖြစ်ပါတယ်။ အခုလို စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းပေးတာကိုက ရင်းနှီးမြှုပ်နှံချင်တဲ့ စက်မှုလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ၀န်ဆောင်မှုကဏ္ဍ လုပ်ငန်းရှင်တွေကို ကျွန်တော်တို့ဘက်က အားပေးတဲ့သဘောပါ''ဟု နော်ဝေးနိုင်ငံခြားရေးဝန်ကြီး H.E Jonas Gahr Store က ပြောကြားခဲ့သည်။
ယခုအကြိမ်ပြုလုပ်သောဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကိုဆွေးနွေးခဲ့ကြပြီး မကြာမီနော်ဝေးနိုင်ငံမှ လုပ်ငန်းရှင်များလာရောက်၍ လက်တွေ့ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် လတ်တလောတွင် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးအဖွဲ့နှင့်အတူ နော်ဝေးနိုင်ငံမှမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုလည်း လိုက်ပါလာကြောင်း သိရှိရသည်။  ''အခု ကျွန်တော်တို့အဖွဲ့နဲ့အတူ မိုဘိုင်းကုမ္ပဏီတစ်ခုလည်း ပါလာပါတယ်။ သူတို့က ဒေသတွင်း ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း  ရင်းနှီးမြှုပ်နှံမှုလုပ်ဖူးပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ အစိုးရအပိုင်းက အကူအညီပေးသွားမှာပါ''ဟု ၎င်းကပြောပြခဲ့သည်။
အလားတူ EU နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍မူ လာမည့်ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကာလကို စောင့်ကြည့်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲဖြစ်ရေးအတွက် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများအား ခွင့်ပြုပေးရန်လိုလားကြောင်း ယင်းကိစ္စအဆင်ပြေပြီးနောက်ပိုင်းမှသာ ဥရောပသမဂ္ဂနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းသွား ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ မှန်ကန်ပြီးမျှတသော ရွေးကောက်ပွဲဖြစ်ရေး၊ မြန်မာနိုင်ငံစစ်မှန်သော ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ကူးပြောင်းရောက်ရှိရေး၊ ဥပဒေစိုးမိုးမှုရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နော်ဝေးနိုင်ငံမှ ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးပြောကြားလိုက်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis