menu

Tuesday 3 January 2012

၂၂၇ ကြိမ်မြောက်ထီစနစ်မှစတင်ကာ ကျပ်သိန်း ၁၅၀၀ ဆုအားတိုးမြှင့်ပေးမည်

၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် ၂၇၇ ကြိမ် မြောက်ထီစနစ်မှ စတင်၍ အထူးဆု ကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ ဆုအား တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ပြီး ထီဆုမဲတိုးမြှင့်လိုက်သည့် အတွက် ထီလက်မှတ်ဈေးနှုန်းများ အပြောင်းအလဲမရှိကြောင်း အောင်ဘာလေသိန်းဆုဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ပွင့်လင်းရာသီကာလဖြစ်သောကြောင့် ထီဝယ်လိုအားမြင့်တက်လာပြီး ထီလုပ်ငန်းအပေါ်တွင်
အများပြည်သူပိုမိုစိတ်ဝင်စား အကျိုးဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကျပ်သန်း ၁၅၀၀ အထူးဆုကြီးအား တိုးမြှင့်ပေးအပ်ရခြင်းဖြစ်သည်ဟု သိရှိရသည်။

''၂၇၇ ကြိမ်မြောက်ထီနစ်ကစပြီး ထီဆုကို အထူးဆုကြီးအဖြစ် ကျပ်သိန်း ၁၅၀၀ အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။ အဲဒီလို ပေးအပ်လိုက်တဲ့အတွက် ကျပ်သိန်း ၁၀၀၀ ဆုကတော့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ယခင်ကျပ်သိန်း ၁၀၀၀ အမြင့်ဆုံးဆုအပြင် ကျပ်သိန်း ၁၅၀၀ ဆုကိုပါ ထပ်တိုးခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် ထီလက်မှတ်တန်ဖိုးတွေက အပြောင်းအလဲရှိမှာမဟုတ်ပါဘူး။  အခုလက်ရှိမှာက ထီထိုးတဲ့သူ အရေအတွက်ကလည်း များလာတဲ့ကြောင့် ထီလုပ်ငန်းကို ပိုပြီးစိတ်ဝင်စားလာအောင် ယခုလိုတိုးမြှင့်ပေးအပ်ခြင်းဖြစ်ပါတယ်''ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ထီဝယ်လိုအား တက်လာခြင်းကြောင့် ၂၇၇ ကြိမ်မြောက် ထီစနစ်မှစတင်၍ ယခင် ၂၇၆ ကြိမ် ထက် ထီအက္ခရာ ၃ လုံးတိုးမြှင့် ထုတ်လုပ်ခဲ့ကြောင်း၊ ထီအက္ခရာတစ်လုံးလျင် ထီအစောင်ရေကိုးသိန်းနီးပါးရှိသောကြောင့် ထီအက္ခရာသုံး လုံးတိုးသောကြောင့် ထီအစောင်ရေ ၂၇ သိန်းနီးပါးခန့် တိုးမြှင့်ထုတ်လုပ် ထားကြောင်း သိရှိရသည်။ ထီအက္ခရာတိုးထုတ်သည့်အတွက် ထီဆုငွေများကိုလည်း ၂၇၆ ကြိမ်မြောက် ထက်တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

''၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ စတင်ရောင်းချပြီး ၂၀၀၉ ခုနှစ်ဇန်န ၀ါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ကျပ်သိန်း ၁၀၀၀ ထီစနစ်ပြောင်း လိုက်တော့ ထီလက်မှတ်ဈေးနှုန်း တွေက နှစ်ဆဖြစ်သွားတယ်။ အခု ကျတော့ ကျပ်သိန်း ၁၅၀၀ ဆုတိုး လိုက်ပေမဲ့ ထီလက်မှတ်ဈေးက အရင်အတိုင်းပဲ။ ထီထိုးသူတွေ ဆုပိုရလာတာပေါ့''ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

လစဉ်ထီရောင်းရငွေအားလုံး၏ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့်  ၄၀ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ် ပေးသွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။By EMG

ထီစနစ်ပြောင်းလဲမှုအချို့
ခုနှစ် ထီဈေးနှုန်း အမြင့်ဆုံးဆု အနိမ့်ဆုံးဆု
၁၉၉၁(ဧပြီ) ၁၀ ကျပ် ၁၀ သိန်း ၁၅၀၀ ကျပ်
၁၉၉၈(ဒီဇင်ဘာ) ၅၀ ကျပ် ၃၀၀ သိန်း ၁၀၀၀၀ ကျပ်
၂၀၀၅(နိုဝင်ဘာ) ၁၀၀ ကျပ် ၅၀၀ သိန်း ၂၀၀၀၀ ကျပ်
၂၀၀၉(ဇန်န၀ါရီ) ၂၀၀ ကျပ် ၁၀၀၀ သိန်း ၁ သိန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis