menu

Thursday 22 May 2014

ပြည်သူ့ညည်းတွားသံ ကြားကြပါစ

Photo
မေလလယ်မှစ၍ မြန်မာအိမ်ထောင်စုများအတွင်း အရေးတကြီး တွက်ချက်တိုင်းထွာရန် ကိစ္စတစ်ခု ပေါ်လာပါပြီ။ ယင်းမှာ နိုင်ငံရေးအင်အားစုအချို့ ပြင်ဆင်လိုနေကြသည့် အခြေခံဥပဒေပြင်ဆင်ရေးမဟုတ်ပါ။ ၂၀၁၄ နှစ်ကုန်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲလည်း မဟုတ်ပါ။ အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်လာသည့်ကြားက နှစ်ဆတိုးပေးဆောင်ရသည့် မီတာခနှုန်းထားအတွက် အိမ်စရိတ်ကို ဘယ်လိုချွေတာသုံးစွဲရမလဲဆိုသည့် ပုစ္ဆာပင်ဖြစ်သည်။
ဝန်ထမ်းလစာ ၂၀,၀၀၀ ကျပ် မတိုးမီကတည်းက မီးဖိုချောင်သုံး သားငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်တို့ တရိပ်ရိပ်တက်လာခဲ့သည်။ မီးဖိုချောင်စရိတ်ကို ချွေတာ၍မဆုံးခင်မှာပင် နှစ်ဆတိုးမြှင့်လိုက်သည့် မီတာခက လျှပ်စစ်မီးကို မကြာမတင်လေးကမှ အချိန်ပြည့်နီးပါး သုံးစွဲခွင့်ရသည်။ လူလတ်တန်းစား အိမ်ထောင်စုများနှင့် စက်မှုလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။
ယခုတိုးမြင့်နှုန်းထားအရ အိမ်သုံးမီတာ ယူနစ်တစ်ရာကျော်ပါက တစ်ယူနစ် ကျပ်ငါးဆယ်နှုန်း ဖြစ်သည်။ ထိုနှုန်းအရ တစ်လယူနစ်တစ်ရာကျော်သုံးသည့် အိမ်ထောင်စုအတွက် ပေးဆောင်ရမည့်မီတာခမှာ လူလတ်တန်းစားတစ်ဦး တစ်လစာဝင်ငွေ၏ ဆယ်ရာခိုင်နှုန်းနီးပါး ဖြစ်နေပြီဖြစ်သည်။
လတ်တလောကုန်ဈေးနှုန်းနှင့် မီတာခ၏ချောင်ပိတ်မှုကြောင့် ကျပ်တည်းနေသော ပြည်သူများအတွက် သမ္မတဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများက နှုတ်ဆိတ်နေပါသည်။

ပြည်သူတို့၏ အခက်အခဲအကျပ်အတည်းများကို ကျန်ရှိသမ္မတသက်တမ်းအတွင်း အာရုံစိုက်သွားမည်ဟုပြောထားသော သမ္မတဦးသိန်းစိန်က မီတာခများ တိုးမြှင့်ကောက်ခံသင့်ကြောင်း သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။
မဲဆန္ဒနယ်ပြည်သူများ၏ လိုအပ်ချက်များကို အစဉ်လေ့လာ နားထောင်နေပါသည်ဆိုသော လွှတ်တော်ကိုယ်စားလှယ်အများစု၏ သဘောတူညီမှုဖြင့် ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။
အချိန်ရှားပါးသော မြို့ပြလူလတ်တန်းစားအိမ်ထောင်စုများအတွင်း လျှပ်စစ်သုံးမီးပူ၊ ရေမော်တာ၊ ရေခဲသေတ္တာတို့ကို မရှိမဖြစ်သုံးစွဲရသည်။ မိသားစုငါးဦးရှိသည့် အိမ်ထောင်စုတွင် ယင်းအသုံးအဆောင်များကိုသုံးစွဲပါက တစ်လလျှင် အနည်းဆုံးယူနစ်တစ်ရာ အသာလေးကျော်သွားမည်ဖြစ်သည်။
လစာများမတိုးခင်က ကြက်၊ ဝက်နှင့် အမဲသားဈေးနှုန်းများမှာ ကျပ်တစ်ဆယ်သားလျှင် အမြင့်ဆုံး ၈၀၀ ခန့်ရှိခဲ့ရာမှ ယခုတစ်ထောင်ဈေးဖြစ်လာသည်။ ငါးပေါသည့်မိုးဦးရာသီတွင်ပင် ငါး၊ ပုစွန်ဈေးမှာ အရွယ်အစားအလိုက် လက်လီဈေး ကျပ် ၁,၂၀၀၊ ကြက်ဥတစ်လုံး ကျပ်၁၅၀ ထိ ဖြစ်လာခဲ့ပြီး ဧည့်မထဆန်တစ်အိတ် ကျပ်၂၄,၀၀၀မှ ၂၇,၀၀၀ အထိ ဈေးတက်လာသည်။ လျှပ်စစ်မီး မကြာခဏပြတ်နေသည့်အတွက် မီးသွေးနှင့် ဂက်စ်ဈေးနှုန်းများလည်း တက်လာခဲ့ပြီး မီးသွေးတစ်ပိဿာ ကျပ် ၈၀၀ နှင့် ဂက်စ်တစ်ပိဿာလျှင် ၂,၇၀၀ မှ ၃,၀၀၀ သို့ ဈေးတက်သွားသည်။
ကုန်ဈေးနှုန်းတက်၍ ဝင်ငွေထွက်ငွေမမျှတရသည့်အထဲ မီတာခတက်လာသည့်အတွက် အိမ်ရှင်မအချို့က လျှပ်စစ်မီးကို ချွေတာသုံးရန် စဉ်းစားသလို အချို့ကလည်း မီးဖိုချောင်စရိတ်ကို ချွေတာရန် စဉ်းစားနေရပြီဖြစ်သည်။
ထို့ပြင် တက်လာသည့်ကုန်ဈေးနှုန်းကို သင့်တော်သလို ပြန်လည်လျှော့ချပေးဖို့ အစိုးရကိုတောင်းဆိုလိုပြီး မီတာခကို ယူနစ်သတ်မှတ်သည့်ပမာဏများ ဥပမာ အိမ်သုံးကို ယူနစ် ၃၀၀ အထိ ၃၅ ကျပ်ဖြင့် ကောက်ခံစေလိုကြောင်း တောင်းဆိုမှုများရှိလာသည်။
‘‘အရင်က အိမ်စရိတ် တစ်လကို တစ်သိန်း။ အခု နှစ်သိန်းလောက်ကုန်တယ်။ မီတာခတက်ပေမယ့် အိမ်မှာကလေးငယ်ရှိတော့ ရာသီဥတုပူတော့ အဲကွန်းမဖွင့်လို့မှမရပဲ။ ရေကလည်း မသုံးလို့မဖြစ်တော့ မော်တာမောင်းရတယ်။ ဒါကြောင့် အစားအသောက်ကို နည်းနည်းချွေတာလိုက်တယ်။ အစိုးရကို ကုန်ဈေးနှုန်းတွေပြန်ကျအောင်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်’’ဟု မှော်ဘီမြို့နယ်မှ အိမ်ရှင်မ မသဉ္ဇာကိုကိုကပြောသည်။
အစိုးရက လျှပ်စစ်မီးကို တစ်နှစ် မြန်မာငွေကျပ် ၂၈၄ ဘီလီယံကျော် အရှုံးခံဖြန့်နေပြီး ယခုမီတာခတိုးမြှင့်ခြင်းကြောင့် တစ်နှစ် ၁၂ ဘီလီယံသာ စိုက်ရတော့မည်ဟု လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။
သို့သော် ဘယ်အပိုင်းက ဘယ်လိုလုပ်၍ ဘယ်လိုရှုံးနေသလဲဆိုတာ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိရှိတင်ပြသင့်ပြီး အစိုးရ၏အရှုံးထဲတွင် မသမာသည့်စီးပွားရေးသမားအချို့နှင့် လျှပ်စစ်ဝန်ထမ်းအချို့ပူးပေါင်း၍ ဓာတ်အားခိုးသည့်ပြဿနာများလည်း ပါဝင်နိုင်ကြောင်း အသက်(၃၀)နှစ်အရွယ် အင်္ဂလိပ်စာဆရာမ မဇင်သီအေးကပြောသည်။
‘‘ကျွန်မတို့မြို့နယ်မှာ ပုံနှိပ်စက်တွေ ဆိုင်းဘုတ်မတင်ဘဲ ဒိုင်လျှိုလုပ်နေတယ်။ လူမနေဘဲ ပိတ်ထားတဲ့အခန်းလိုလိုနဲ့ စီးပွားရေးသမားတွေက မီတာခိုးပြီးလုပ်နေတာ။ ဒီပြဿနာအပါအဝင် ရှုံးရတဲ့အကြောင်းတွေကို အရင်းမစစ်ဘဲ အလွယ်တကူ မီတာခတွေတက်တာဟာ ပြည်သူကို ရေနစ်သူဝါးကူထိုးသလိုပါပဲ’’ဟု ၎င်းကပြောသည်။
အဆိုးဆုံးက မီတာခသာတိုးမြှင့်သွားပြီး မီးကတော့ မလာတစ်ခါ ပြတ်တစ်လှည့် ဖြစ်နေခြင်းပင်။ အမြတ်နည်းသွားသော်လည်း သုံးစွဲသူများကို ဈေးပိုတောင်း၍မရသဖြင့် မီးကိုတော့ ပုံမှန်လာစေချင်ကြောင်း Oscar အင်တာနက်ဆိုင်မှ ကိုကျော်ဇေမိုးကပြောသည်။
‘‘အရင်က တစ်လကို မီတာက ကျပ် ၇၀,၀၀၀ လောက်ကနေ အခု တစ်သိန်းလေးသောင်းလောက် ဆောင်ရတယ်။ တစ်လဝင်ငွေက ခုနစ်သိန်းလောက်ရှိတယ်။ အမြတ်နည်းသွားပေမယ့် လာသုံးတဲ့သူတွေကို တိုးတောင်းလို့မရဘူး။ တစ်နာရီ ၄၀၀ ဆိုတာပဲ လွန်လှပြီ။ လာကစားတဲ့သူ လျော့သွားလိမ့်မယ်။ မီးပုံမှန်လာနေရင်တော့ ဒီလောက်မီတာတက်တာကို ကြိတ်မှိတ်ခံရမှာပဲ။ မီးလေးတော့ ပုံမှန်လာစေချင်တယ်’’ဟု ၎င်းကပြောသည်။
‘‘ကျွန်မတို့က ပါးစပ်ပိတ်နေတာမဟုတ်ဘူး။ အရင်ကတည်းက ဒီပြဿနာတွေဖြစ်မယ်ဆိုတာသိလို့ လွှတ်တော်မှာ ကန့်ကွက်ခဲ့တယ်။ ဒါပေမဲ့ မဲခွဲဆုံးဖြတ်တဲ့အခါ ရှုံးသွားတယ်။ အခု မီတာခတက်တာ၊ ကုန်ဈေးနှုန်းတက်တာကို နိုင်ငံတော်က ဘယ်လိုတာဝန်ယူမလဲဆိုတာ လာမယ့်လွှတ်တော်မှာမေးမှာ။ ကျွန်မတို့က အတိုက်အခံပါတီ။ အစိုးရမဟုတ်ဘူး။ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေက သူတို့လောက်မရှိဘူး’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။ သူက လျှပ်စစ်မီတာခတိုးကောက်ရေးအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်ခဲ့သည့် တစ်ဦးတည်းသောအမတ်လည်း ဖြစ်သည်။
အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေးအင်အားစုများအကြား အခြေခံဥပဒေပြင်ရေး၊ မပြင်ရေး လှုပ်ရှားပြောဆိုဝေဖန်မှုများက အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေသည်။
‘‘အခြေခံဥပဒေပြင်ဆင်ရေးက အရမ်းအရေးကြီးတာ လက်ခံပါတယ်။ ပြည်သူတွေအတွက်ကလည်း အားကိုးတဲ့လူတွေဆီက မျှော်လင့်တာပေါ့’’ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
ခေတ်နှင့်အညီ မီတာခတိုးကောက်ခြင်းကို လက်ခံသော်လည်း သုံးစွဲသည့်ယူနစ်ပမာဏနှင့် လုပ်ငန်းရှင်တိုင်းပေးဆောင်ရသည့် ဓာတ်အားဆုံးရှုံးမှု ၁၀ ရာခိုင်နှုန်းကို ပြန်စဉ်းစားစေလိုကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့သူများအသင်း အမှုဆောင် ဦးမျိုးညွန့်ကအကြံပြုသည်။
‘‘အရင်မီတာခက တစ်လ ၇၃ သိန်းကို အခုသိန်း ၁၂၀ ဆောင်ရတယ်။ ကျွန်တော်တို့က ပြည်ပကိုတင်ပို့တာဖြစ်လို့ ငါတို့ မီတာခတက်လို့ဆိုပြီး ဟိုဘက်ကို ဈေးပိုတောင်းလို့မရဘူး။ မီတာနှုန်းထားသတ်မှတ်ချက်ကို ပြင်စေချင်တယ်။ ယူနစ် ၅,၀၀၀ အထိကို ၇၅ ကျပ်၊ ၅,၀၀၀ ကနေ ၂၀,၀၀၀ အထိဆို ၁၀၀ အဲဒီလို Range ကို ကျယ်ပေးစေချင်တယ်’’ဟု ၎င်းကပြောသည်။
မြန်မာသည် အရှေ့တောင်အာရှတွင် စွမ်းအင်အများဆုံးတင်ပို့သော ငါးနိုင်ငံတွင် ပါဝင်သလို နိုင်ငံတွင်း လျှပ်စစ်မီးအနည်းဆုံးရသည့်စာရင်းတွင်လည်း ပါဝင်နေသည်။ မိုးလေးနည်းနည်းရွာသည်နှင့် မီးပြတ်သည့်အလေ့ထွန်းကားဆဲ၊ နိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံသာ လျှပ်စစ်မီးသုံးစွဲနိုင်ဆဲ မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအင်များသည် အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ ရောက်ရှိနေသည်။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၉၆ မြို့နယ်အနက် ၂၂၄ မြို့နယ်နှင့် ကျေးရွာပေါင်း ခြောက်သောင်းကျော်အနက် ၄၀,၀၀၀ ကျော်မှာ လျှပ်စစ်မီးမရရှိသေးဘဲ တစ်နိုင်ငံလုံး လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသာ အစိုးရဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားကိုရရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
‘‘မြို့ပြနဲ့ ကျေးလက်တန်းတူညီမျှဖွံ့ဖြိုးဖို့ တိုးလာတဲ့မီတာခတွေနဲ့ ပြည်နယ်တွေကို လျှပ်စစ်မီးပေးဖို့လုပ်တာဆိုတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခွဲခြားတဲ့အသံတွေနဲ့ ဒီအဆိုကို ဝန်ကြီးဌာနက တင်လာကတည်းက ကျွန်တော်တို့ ကန့်ကွက်ခဲ့တယ်။ အခုဝန်ကြီးဌာနက ပြည်သူအပေါ် ဆိုးသထက်ဆိုးလာရင်၊ ပြည်သူတွေ မခံရပ်နိုင်အောင် ဖြစ်လာရင် လာမယ့်လွှတ်တော်မှာ ဝန်ကြီးဌာနကို အယုံအကြည်မရှိအဆို တင်သွင်းကောင်း တင်သွင်းရလိမ့်မယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။
အရပ်သားအစိုးရ၏ ဆင်းရဲမွဲတေမှုလျှော့ချရေးစီမံကိန်း စတင်ခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ပြည်သူများကမူ ကျပ်သထက်ကျပ်၍သာလာနေသည်။
ကုန်ဈေးနှုန်းနှင့် မီတာခ ပြဿနာက မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်သုံးစွဲသည့် မိသားစုအများစုထံမှ ဝေဖန်သံများ ညံလာနေပြီ ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ လူထုတွေ့ဆုံပွဲများတွင် ယင်းပြဿနာများနှင့် ထိတွေ့လာရပြီဟုဆိုသည်။ ထို့ကြောင့် မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေးများတွင် ပြည်သူ့အသံ လွှတ်တော်အသံ ဖြစ်၊ မဖြစ် စောင့်ကြည့်ရမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis