menu

Monday 18 November 2013

ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်မြို့တော်သို့ ပထမဆုံး လာရောက်


ရန်ကုန်၊ နိုဝင်ဘာ ၁၇

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အပစ်အခက် ရပ်စဲရေး ညှိနှိုင်းနေဆဲဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော်သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညတွင် ရန်ကုန်မြို့သို့ လာရောက်မည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး တစ်ဦးက ပြောကြားသည်။

ဗိုလ်ချုပ် ဂွမ်မော်သည် ရန်ကုန်မြို့တွင် နှစ်ရက်ကြာ နေထိုင်မည် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခက် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏ ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ထိုင်းပြည်ဝင်ခွင့် ဗီဇာ ပြုလုပ်ရန် လာရောက်ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောကြားသည်။

သို့သော် မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အခြားအကြီးတန်း အကြံပေး တစ်ဦးအဖြစ်သူ ဦးလှမောင်ရွှေမှာ ဗိုလ်ချုပ်ဂွမ်မော် ခရီစဉ်အတွက် ကေအိုင်အိုက အစိုးရနှင့် MPC သို့ အကြောင်းမကြားထားကြောင်း The Voice သို့ ပြောကြားသည်။


ဗိုလ်ချုပ်ဂွမ်မော်၏ ရန်ကုန်ခရီးစဉ်ကို အစိုးရနှင့် MPC တို့ကို ကြိုတင် ညှိနှိုင်းထားမှုအရ ထူးဖောင်ဒေးရှင်က တာဝန်ယူ စီစဉ်ခြင်း ဖြစ်ပြီး အဲပုဂံ လေကြောင်းလိုင်းဖြင့် မြစ်ကြီးနားမြို့မှ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ လေးနာရီတွင် ထွက်ရှိရန်နှင့် ရန်ကုန်သို့ ည ၇ နာရီခွဲ ဝန်းကျင်းတွင် ရောက်ရှိလာရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း လေယာဉ် စက်ချို့ယွင်းမှုကြောင့် ည ၁၀ နာရီခန့်မှ မြစ်ကြီးနားမြို့မှ ထွက်ခွာနိုင်မည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က အတည်ပြု ပြောကြားသည်။

“မြစ်ကြီးနားက လေးနာရီ ထွက်မယ့်ဟာ လေယာဉ် စက်ပစ္စည်းပျက်လို့ ရန်ကုန် ပြန်မှာရတယ်လို့ အဲပုဂံက ပြောတယ်။ အဲဒီတော့ ည ၁၀ နာရီဝန်းကျင်မှ ထွက်ပြီး ရန်ကုန်ကို ည ၁၂ လောက်မှ ရောက်မှာပေါ့” ဟု PCG မှ ဦးလမိုင်ဂွန်ဂျာက ဆိုသည်။

ဗိုလ်ချုပ်ဂွမ်မော်က ရန်ကုန်၌ နှစ်ရက်ကြာ နေထိုင်စဉ် MPC အပါအဝင် ရန်ကုန်မြို့ရှိ ကချင် တိုင်းရင်းသားရေးရာ အသင်းအချို့မှ တာဝန်ရှိသူများ၊ ကချင် တိုင်းရင်းသားများနှင့် တွေ့ဆုံသွားဖွယ် ရှိကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီ ညီလာခံ (လိုင်းဇာ) က ဖွဲ့စည်းထားသည့် NCCT တွင် အဖွဲ့ဝင် ၁၄ ဦး ပါရှိပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံလုံးအဆင့် အပစ်အခက် ရပ်စဲရေး တာဝန်ယူ ညှိနှိုင်းရန် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

နိုင်ငံလုံးအဆင့် အပစ်အခက် ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘားအံမြို့၌ ဒီဇင်ဘာလအတွင်း တွေ့ဆုံ ဆွေးနွေးရန် သဘောတူထားပြီင်္း ယင်း ဆွေးနွေးပွဲ မတိုင်မီ လိုင်ဇာ သဘောတူညီချက် အပြီးသတ် ရေးဆွဲရေးဆိုင်ရာ NCCT ၏ အစည်းအဝေးများ ပြုလုပ်မည် ဖြစ်ကြောင်း ယင်း NCCT က ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis