menu

Sunday 25 August 2013

သက်ငယ်ရာဇ၀တ်မှုများနှင့် လမ်းပျောက်နေသော လူငယ်များ

မန္တလေးကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးအား ရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်ညပိုင်းတွင် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ အဆိုပါ လူငယ်အုပ်စုသည် မည်သည့်ရန်ငြိုး ရန်စမှ မရှိပါဘဲ မန္တလေးကျုံးဘေး တစ်ဝိုက်တွင် ရမ်းကားမှု ခြောက်ကြိမ်အထိ ကျူးလွန်ခဲ့ကြပြီး လူလေးဦးအားလည်း အကြောင်းမဲ့ ဓားဖြင့်လိုက်ခုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ထူးခြားသည့် အချက်မှာ အဆိုပါ အကြောင်းမဲ့ လက်နက်ကိုင် ရမ်းကားခဲ့သည့် လူငယ်များမှာ အသက် ၂၀ အောက် လူငယ်များဖြစ်နေကြပြီး အသက် ၁၄ နှစ်အရွယ် လူငယ်ထိပါ ပါဝင်နေခြင်းပင် ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ လူထုက အမျိုးမျိုး တုံ့ပြန်ပြောဆိုကြရာတွင် အချို့ကလည်း လူငယ်များ ဖြစ်သည့်အတွက် ညှာညှာတာတာ အပြစ်ပေးရန် ပြောဆိုကြသလို အချို့ကလည်း နောင်မလုပ်ရဲရန်အတွက် ပြင်းထန်စွာ အပြစ်ပေးရန် ပြောဆိုကြသည်။ ယခုကိစ္စသည် မျက်တောင်တစ်ဆုံးထက် မျက်စိတစ်ဆုံး ကြည့်ရမည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ သူတို့အား အပြစ်ပြင်းပြင်းထန်ထန် ပေးလိုက်ရုံနှင့် ယခုပြဿနာသည် ဖြေရှင်းပြီး ဖြစ်သွားနိုင်မည်လား။ လူငယ်ဆိုသည်မှာ ကလေးဘ၀နှင့် လူကြီးဘ၀တို့၏ ပေါင်းကူးဆုံမှတ် ဖြစ်သည်။ လူငယ်အရွယ်တွင် အရာရာကို စူးစမ်းပြီး စမ်းသပ်ချင်တတ်ကြသည်။ အတုမြင် အတတ်သင်ချင်ကြသည်။ လူငယ်တိုင်းတွင် ပင်ကိုအဖြူထည် စိတ်ခံရှိကြပါသည်။ အဖြူထည်ဆိုသည်မှာ အရောင်ဆိုး ခံရရန်အတွက် အကောင်းဆုံးဖြစ်သည့် အားလျော်စွာ လူငယ်ဘ၀သည် လူတစ်ယောက်ကို ပုံသွင်းဖို့ရန်အတွက် အကောင်းဆုံးအရွယ် ဖြစ်သည်။ ထိုအရွယ်တွင် ကောင်းမွန်စွာ ပြုပြင်ပုံသွင်းမှု မခံရသည့်အခါ လူဆိုးတစ်ယောက် ဖြစ်လာရန်အတွက် လမ်းစဖြစ်သွားနိုင်ပါသည်။


ယခုဖြစ်စဉ်သည် ရှေ့ဆက်စရာလမ်းကြောင်း ပျောက်ဆုံးသလို ဖြစ်နေသည့် မြန်မာနိုင်ငံမှ လူငယ်အများစုတို့၏ အခြေအနေကို မီးမောင်းထိုးပြ လိုက်သကဲ့သို့ပင် ဖြစ်ပါသည်။ ယခုဖြစ်စဉ်အတွက် ထိုက်သင့်သော ပြစ်ဒဏ်များ ခံစားကြရမည် ဖြစ်သော်လည်း ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်း တစ်ခုတည်းဖြင့်သာ ဖြေရှင်းခြင်းကတော့ မှန်ကန်သော ဖြေရှင်းနည်းတစ်ခု မဖြစ်နိုင်ပါ။ ပါဝင်ကျူးလွန်ခဲ့ကြသည့် လူငယ်တို့၏ ပင်ကိုစိတ်အခံသည် မည်သည့်အကြောင်းအရာတို့၏ ပံ့ပိုးမှုများကြောင့် ယခုကဲ့သို့ ဆိုးသွမ်းရက်စက်သော စိတ်ရိုင်းများသို့ ပြောင်းလဲသွားရသနည်းဆိုသည့် အချက်မှာ ယခုဖြစ်စဉ်တွင် စဉ်းစားသုံးသပ်ရမည့် အဓိကအချက် ဖြစ်ပါသည်။ ဆေးဝါးများကြောင့်လား၊ အလွယ်တကူ ရရှိနေသော အရက်သေစာ သောက်သုံးမှုများကြောင့်လား၊ ခေတ်စားလာသော ရက်စက်ကြမ်းတမ်းသည့် ဂိမ်းများကြောင့်လား၊ ပတ်ဝန်းကျင်ကြောင့်လား စသည့်အဓိက အချက်များကို သုံးသပ်အဖြေရှာခြင်း မပြုဘဲ ပြင်းထန်သော ပြစ်ဒဏ်ကိုသာ ပေးမည်ဆိုပါက နောင်ဖြစ်လာနိုင်မည့် ယခုလို အဖြစ်အပျက်များကို တားဆီးနိုင်မည် မဟုတ်သလို နုနယ်ပြီး နားမလည်သေးသော လူငယ်များ၏ ရင်ထဲတွင်လည်း နာကြည်းမှု အငြိုးအတေးများ ဖြစ်ပေါ်လာနိုင်ပါသည်။

မြန်မာနိုင်ငံ ရှိလူငယ်များ လက်ထဲသို့ ဆေးဝါးများ၊ အရက်သေစာများ လွယ်လင့်တကူ ရောက်ရှိနိုင်နေသည်မှာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ ဖြစ်သည်။ ထိုတရားဥပဒေ စိုးမိုးမှု နည်းပါးနေသည့် အခြေအနေများသည် လူငယ်တို့အား လမ်းမှားရောက်အောင် တွန်းပို့နေသည့် အကြောင်းအရာများပင် ဖြစ်သည်။ ယခု အဖြစ်အပျက်သည် လူငယ်များ၏ အနာဂတ်အတွက် အန္တရာယ်များ ရှိနေဖြစ်ဆိုသည်ကို ပြသနေသည့် သတိပေး ခေါင်းလောင်းသံ ဖြစ်သလို နစ်မြုပ်နေသော ရေခဲ၏ ထိပ်ဖျားဖြစ်နိုင်ပါသည်။ လူမသိသူမသိ လမ်းမှားရောက်သွားသည့် လူငယ်အများအပြားလည်း ရှိနေနိုင်ပါသည်။ ထို့ကြောင့် ယခုအဖြစ်အပျက်ကို နမူနာအဖြစ် ရှုမြင်ကာ လမ်းပျောက်နေသော လူငယ်များအား လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာရန် တည့်မတ်ပေးရန် အတွက်မှာ လူတိုင်းနှင့် သက်ဆိုင်သော တာဝန်တစ်ရပ် ဖြစ်သည်ဟု The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။

 The Daily Eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis