menu

Thursday 29 August 2013

နိုင်ငံရေးပါတီများ နိုင်ငံခြား တိုင်းပြည်များမှ အထောက်အပံ့ ယူပါက ပါတီဖျက်သိမ်း ခံရမည်ဟု ရွေးကောက်ပွဲ ကော်မရှင် သတိပေး

နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံခြား တိုင်းပြည်များမှ ငွေကြေး၊ ပစ္စည်းနှင့် အခြားအထောက်အပံ့များ ယူပါက ပါတီဖျက်သိမ်းသည်အထိ အရေးယူ ခံရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၃ ရက် နေ့စွဲဖြင့် နိုင်ငံရေး ပါတီများသို့ သတိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)တွင် နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် နိုင်ငံခြားတိုင်းပြည် တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း၊ အလားတူ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ (စ)၊ ပုဒ်မ ၇(ဃ)၊ ပုဒ်မ ၁၂(ခ)နှင့် ယင်းနည်းဥပဒေ ၁၅(စ) တို့အရ အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)တွင် ပြဋ္ဌာန်းချက်ကို ငြိစွန်းကြောင်း ကော်မရှင်က တွေ့ရှိပါက ယင်းပါတီကို ပါတီမှတ်ပုံတင် ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းချက်များ ပါရှိသည်ဟု ကော်မရှင် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၀၇ (ဂ) ပါ ပြဋ္ဌာန်းချက်များကို နိုင်ငံရေးပါတီဝင် တစ်ဦးက စောင့်ထိန်းလိုက်နာခြင်း မရှိပါက လိုက်နာခြင်းမရှိသော ပါတီဝင်များအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည်ဖြစ်ပြီး ထုတ်ပယ်ခြင်းမရှိဘဲ တမင်ထိမ်ချန် ထားရှိပါက ယင်းဥပဒေပုဒ်မ ၁၂(ခ) အရ ထိုပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်ဟူ၍ ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်းလည်း အဆိုပါစာတွင် ဖော်ပြထားသည်။
အဆိုပါ အချက်များကြောင့် နိုင်ငံရေး ပါတီများသည် ပါတီအနေဖြင့်သော် လည်းကောင်း၊ ပါတီ၏ အဖွဲ့ခွဲ အဆင့်ဆင့် အနေဖြင့်သော် လည်းကောင်း၊ ပါတီဝင် တစ်ဦးချင်း အနေဖြင့်သော် လည်းကောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)ပါ ပြဋ္ဌာန်းချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာပါက ပါတီမှတ်ပုံတင် ပယ်ဖျက်သည်အထိ မလွှဲမရှောင်သာ အရေးယူ ဆောင်ရွက်ရမည်ဟု ကော်မရှင်၏ အကြောင်းကြားချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ကော်မရှင် အကြောင်းကြားစာတွင် အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂ၊ ကော်မတီ၊ ကွန်ရက်၊ တပ်ဦး၊ ကလပ် စသည့် အသင်းအဖွဲ့ ဟူသမျှသည် ပြည်ထဲရေး ၀န်ကြီးဌာနသို့ သတ်မှတ်ထားသည့်အတိုင်း ဖွဲ့စည်းခွင့် လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ဖွဲ့စည်းခြင်း၊ ရပ်တည်လှုပ်ရှားခြင်းပြုလျှင် ပုဒ်မ ၆ အရ ပြစ်မှုကျူးလွန်ရာ ရောက်စေမည် ဖြစ်ပါသည်ဟုလည်း ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis