menu

Tuesday 18 September 2012

ငြိမ်းချမ်းရေး အတွက် နိုင်ငံတော်သမ္မတ နှင့် KIO ဥက္ကဌထံ ဖားကန့် မြို့မှ ဆရာတော် ၃၃ပါး မေတ္တာရပ်ခံ

ဖားကန့်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော် ၃၃ပါးက ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့်အတူ တကွ နေထိုင်ရေးအတွက် နိုင်ငံတော် သမ္မတကြီးနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဌ ထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း မိုးညှင်းခရိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ မေတ္တာ ရပ်ခံစာတွင် နှစ်ဦးနှစ်ဖက် တာဝန် ရှိသူများ အားလုံး အပစ်ခတ် ရပ်စဲပေးကြရန်၊ နှစ်ဖက် တာဝန်ရှိ လူကြီးမင်းများ တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက် အမြန် တည်ဆောက် ပေးကြရန် ၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု အပြည့်ဖြင့် တရင်းတနှီး လက်ဆွဲ နှုတ်ဆက်ကြကာ ကချင်ပြည်နယ်ကြီး တစ်ခုလုံး ငြိမ်းချမ်းပြီ်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာ နိုင်ငံတော် လွှတ်တော်မှ ကြေငြာနိုင်ရန် စသည့် အချက်သုံးချက် ပါဝင်သည်။

“ ဖားကန့်မြို့မှာ သံဃာတော်တွေက ပြည်သူတွေ ဒုက္ခ ခံစားနေရတဲ့အတွက် မေတ္တာရပ်ခံတာ ဖြစ်ပါ တယ်။ ခုဆိုရင် ဖားကန့်မှာ ဒုက္ခ ရောက်နေတဲ့ သူတွေကို မိုးညှင်းမြို့ကနေ ထောက်ပံ့ဖို့ ဆန်အိတ်တွေ ရှိနေပါပြီ ။ လုံခြုံရေးကြောင့် ပို့လို့ မရသေးပါဘူး “ ဟု ဦးကျော်စိုးလေးက The Voice Weekly သို့ ပြောကြားသည်။

အစိုရးတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ အပစ်ခတ် ရပ်စဲရေးအ တွက် ပြန်လည် ဆွေးနွေးနေသည့် နှစ်လတာ အတွင်းတွင် တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ၈ ရက်နှင့် ၉ ရက်မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလထိ တိုက်ပွဲပေါင်း ၁၇၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေက ထုတ်ပြန်ထားသည်။
The Voice Weekly
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis