menu

Thursday 31 May 2012

လူ ၁၀၀ ကျော် အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆီးရီးယားတပ်များကို ကုလလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချသည့် အစီရင်ခံစာ ထုတ်ပြန်




Houla မြို့တွင် အသတ်ခံရသူများကို မြှုပ်နှံနေသည့်ပုံအား ဆီးရီးယား အတိုက်အခံတို့က ထုတ်ပြန်ပေးခဲ့ပုံ
မေလ ၂၅ ရက်က ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ Houla မြို့တွင် ကလေး ၄၀ ဦးအပါအ၀င် လူ ၁၀၀ ကျော် အစုလိုက် အသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆီးရီးယားအစိုးရတပ်များအပေါ် အပြစ်တင် ကန့်ကွက်ရှုတ်ချသည့် အစီရင်ခံစာကို ကုလလုံခြုံရေးကောင်စီက မေလ ၂၇ ရက် တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများနှင့် ကလေး ဒါဇင်များစွာ သေဆုံးခဲ့မှုတွင် ဆီးရီးယားအစိုးရတပ်များက လူနေရပ်ကွက်များသို့ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ တင့်ကားများဖြင့် ပစ်ခတ်ခြင်း၊ အနီးကပ် ပစ်သတ်ခြင်းတို့ ပါဝင်ကြောင်း မေလ ၂၇ ရက် မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့သော ကုလလုံခြုံရေး ကောင်စီ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုဖီအာနန်၏ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ မြို့များတွင် တပ်စွဲထားသော တပ်များနှင့် လက်နက်ကြီးများကို ချက်ချင်းရုပ်သိမ်းရန် ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ဆီးရီးယားအစိုးရကို တိုက်တွန်းခဲ့သည်။

ကုလဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး ဘာရှားဂျာဖာရီက အဆိုပါ အစီရင်ခံစာအရ ယင်းအသတ်ခံရမှု ဖြစ်စဉ်တစ်ခုလုံးနှင့် ပတ်သက်ပြီး ဆီးရီးယားအစိုးရကိုသာ အပြစ်တင်ထားခြင်း မဟုတ်ကြောင်း၊ သေဆုံးမှုအများစုမှာ သေနတ်ပစ်ခံရခြင်းဖြစ်ကြောင်း၊ ကုလအစီရင်ခံစာတွင် ယင်း ကဲ့သို့ သေဆုံးမှုများကို အထူးပြုမပြောကြားထားကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆတ်၏ ကာလရှည်မဟာမိတ်ဖြစ်သော ရုရှားကလည်း ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့မှု၊ ယင်းဖြစ်စဉ် ဖြစ်ပွားစေသည့် အကြောင်းအရင်းတို့ကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ထုတ်ပြန်ခဲ့သည်။

ဂျာမန်သံအမတ်ကြီး Peter Wettig က ယင်းအသတ်ခံရမှုများတွင် အစိုးရနှင့်ပတ်သက်နေမှုမှာ ရှင်းရှင်းလင်းလင်း ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်လက်ထောက် သံအမတ်ကြီး မာတင်ဘရိုင်းစ်က ကုလစောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ၏ အစီရင်ခံမှုအရ ယင်းဖြစ်စဉ်တွင် ဆီးရီးယား အစိုးရသည် အရပ်သားများကို ကာကွယ်ပေးရန် ပျက်ကွက်ရုံသာမက အရပ်သားများကို တိုက်ရိုက်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်တွင် အမျိုးသမီး ၃၄ ဦးနှင့် အသက် ၁၀ နှစ်အောက် ကလေး ၄၉ ဦးသေဆုံးခဲ့ပြီး သေဆုံးသူ ၁၀၈ ဦးအထိရှိလာကြောင်း ဆီးရီးယားတွင် ရောက်နေသော ကုလစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားအစိုးရက ယင်းအသတ်ခံရမှု ဖြစ်စဉ်တွင် အစိုးရတပ်များ ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ယင်းဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမည့် ကော်မရှင်တစ်ခု ဖွဲ့သွားမည်ဟုဂျာဖာရီက ပြောကြားခဲ့သည်။ 
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis