menu

Saturday 14 April 2012

ဆင်ဆာခွင့်ပြုချက်ကြောင့် သီးလေးသီးအဖွဲ့ သံချပ်မထိုးဖြစ်



သံချက်စာသားများအား မြို့တော်ခန်းမတွင် ဆင်ဆာခွင့်ပြုချက်တင်ရမည် ဖြစ်သောကြောင့် သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့က ရန်ကုန်သင်္ကြန်တွင် သံချပ်မထိုးဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောသည်။  
“ ဒီနှစ်က သံချပ်တွေမထိုးရဘူးလို့တော့ မပြောဘူး။ ရန်ကုန်တွင်းမှာတော့ မြို့တော်ခန်းမတစ်နေရာမှာပဲ ထိုးရမယ်တဲ့။ မြို့တော်ခန်းမမှာ နာမည်စာရင်းရယ်၊ ထိုးမဲ့စာသားကို အရင်တင်ထားရမယ်တဲ့ သူတို့က ဆင်ဆာဖြတ်ပြီးတော့မှ သံချပ်ထိုးလို့ရမှာဆိုလို့ ကိုယ်ထိုးချင်တဲ့ စာသားမှ မပြောရတော့ ဒီနှစ်ကို သံချပ်မထိုးဖြစ်တော့တာပါ။” ဟု သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့မှလူရွှင်တော် ဂေါ်ဇီလာက ပြောသည်။ 
သင်္ကြန်တွင်း သီးလေးသီးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးတွင်ရှိမည်ဖြစ်ပြီး သင်္ကြန်ပြီးမှ မန္တလေးမြို့ တံတားဦးမြို့နယ်တွင် ကပြဖျော်ဖြေသွားမည်ဖြစ်သည်။ 
သီးလေးသီးနှင့်ဆေးရောင်စုံအငြိမ့်ကို ၂၀၀၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာပရိသတ်ကြား၌ နာမည်ကြီး ရေပန်းစားခဲ့သည်။
၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်ပသို့သွားရောက် ဖျော်ဖြေခဲ့ရာတွင် အစိုးရအားဝေဖန်သည့် ပြက်လုံးများထုတ်ဆိုခဲ့ခြင်းကြောင့် ပြည်တွင်းဝင်ရန်စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ၌နှစ်အတန်ကြာနေထိုင်ခဲ့သည်။
၂၀၁၁ခုနှစ် သြဂုတ်လ (၁၇) ရက်တွင် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းကြောင့် ပြည်တော်ပြန်ခဲ့ခြင်းဖြစ်သည်။
“သီးလေးသီးအဖွဲ့က ပျက်လုံးတွေက အရမ်းကောင်းတော့ ကြိုက်ပါတယ်။ ကျွန်တော်တို့ ဒဂုံဆိပ်ကမ်းမှာ လာဖျော်ဖြေမယ်ဆိုရင် သွားကြည့်ပြီး အားပေးမှာပါ။” ဟု ဒဂုံဆိပ်ကမ်းမြို့ခံ ကိုကျော်စွာက ပြောသည်။ 
Myitmakha 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis