သယံဇာတ ရင်းမြစ်ကြွယ်ဝသော ပင်လယ်ပြင် ဧရိယာတွင် မြန်မာနှင့်
ဘင်္ဂလားဒေ့ရှ်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို
အဆုံးအဖြတ်ပေးသည့်အနေဖြင့် နှစ်နိုင်ငံကြား ပင်လယ်နယ်နိမိတ်သစ်တစ်ခုကို
ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for
the Law of the Sea) က မတ်လ ၁၄ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။
ဂျာမနီနိုင်ငံ၊
မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက ချမှတ်ခဲ့သည့် အမိန့်အရ
ပင်လယ်ပိုင်း နယ်နိမိတ်သစ်ကို တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟိုဆေးလူးဝစ်ဂျီးဆပ်စ်က
တင်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ
ကမ်းဦးရေတိမ်ပိုင်းနှင့် ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို
ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက အမိန့်ချခဲ့သည်။ နယ်နိမိတ်အား တိုင်းတာရာတွင်
မြန်မာ၏ နည်းလမ်းကို ထောက်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က
ဧရိယာပိုမိုရရှိခဲ့သည်။
တရားရုံး၏ ဆုံးဖြတ်ချက်ပါ
တချို့အစိတ်အပိုင်းများအပေါ် တရားသူကြီးအချို့ သဘောထား ကွဲလွဲခဲ့သော်လည်း
ဆုံးဖြတ်ချက်ကိုမူ တစ်ကမ္ဘာလုံးမှ တရားသူကြီး ၂၃ ဦးက တညီတညွတ်တည်း
ချမှတ်ခဲ့ခြင်းဖြစ်သည်။ ''နှစ်ဖက်စလုံးဟာ တစ်စုံတစ်ရာကို ရရှိခဲ့ကြသလို
တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးခဲ့ကြပါတယ်''ဟု ဂျာမန်တရားသူ ကြီး
ရူဒီဂျာဝိုလ်ဖရမ်က ပြောကြားခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ
နှစ်ဖက်စလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး
ဒီပူမိုနီက ပြောကြားခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က
အနိုင်ရရှိခဲ့သော နေရာတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံ တူးဖော်နိုင်ပြီဟုလည်း
ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ သီးသန့် စီးပွားရေးဇုန် ရေမိုင် ၂၀၀ ကို
တရားရုံးကသတ်မှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု
တောင်းဆိုထားသည့် စိန့်မာတင်ကျွန်း တစ်ဝိုက်နေရာတစ်ခုကိုလည်း
အတည်ပြုပေးခဲ့သည်။
ပိုင်နက်အငြင်းပွားမှုမှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး မြန်မာသည်
အငြင်းပွားရေပိုင်နက်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည်ဟု ဘင်္ဂလားဒေ့ရှ်က
စွပ်စွဲခဲ့သည့် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံမှာ စစ်ရေးပဋိပက္ခ ဖြစ်လုနီးပါး
အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ဘင်္ဂလားပင် လယ်အော်တွင် ကြီးမားသည့်
သဘာဝဓာတ်ငွေ့သိုက်များ မြန်မာက တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က
ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့်နေရာတစ်ခုတွင် နောက်ထပ်တူးဖော်ရန်
ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် အလားတူ
ပင်လယ်ပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းရန်
မျှော်လင့်ထားသည်။
EMG |
No comments:
Post a Comment