menu

Friday 16 March 2012

‘ကျွန်တော်က သီချင်းတွေ ဆိုနေရရင်၊ စတူဒီယိုထဲ ၀င်နေရရင်ကို ပျော်နေပါပြီ’ တေးသံရှင် လှိုင်ဦးမော်နှင့် တွေ့ဆုံခြင်း




ဂီတအနုပညာ ပန်းခင်းကြီးထဲက အော်တာနေးတစ် ဂီတရဲ့ အခက်အလက်တစ်ခု အဖြစ် စတင်ရပ်တည်ခဲ့တဲ့သူ။ ကိုယ်ပိုင်သံစဉ်တွေကိုပဲ တစိုက်မတ်မတ် လုပ်လာခဲ့တဲ့ ဂီတချစ်သူတစ်ဦး။ သူက ဂီတအနုပညာရှင်တွေ အတော်များများ မွေးဖွားကြီးပြင်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ချစ်စရာ တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်တဲ့ တောင်ကြီးမြို့သား။ နာမည်က လှိုင်ဦးမော်တဲ့။ သူပါဝင်တဲ့ န၀ရတ်ရော့ခ် ၂ စီးရီးထွက် ရှိခြင်း အထိမ်းအမှတ် စာနယ်ဇင်းတွေ့ဆုံပွဲမှာ ဆုံတဲ့အခိုက် သူ့ဘ၀ထဲက ဂီတအနုပညာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာတွေက  . . .
e4504 မေး- အစ်ကို့ရဲ့ လက်ရှိဂီတနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုကို စပြောပေးပါလား။
ဖြေ- လက်ရှိမှာ ကျွန်တော် န၀ရတ်ရော့ခ် ၂ ထွက်ထားတယ်။ ရှိုးပွဲတွေ လက်ခံထားတာ ရှိပါတယ်။ နောက်ပြီး သင်္ကြန်အပြီးလောက်မှာ ကျွန်တော်ထွက်ခဲ့သမျှ စီးရီးတွေထဲက အကောင်းဆုံး သီချင်းတွေကို ရွေးထုတ်ပြီး အကောင်းဆုံးတေးများ Selection ခွေထုတ်ဖို့ စီစဉ်ပါမယ်။
မေး- အခုလက်ရှိထွက်ထားတဲ့ န၀ရတ်ရော့ခ် ၂ ထဲမှာ ဘယ်လိုဂီတပုံစံမျိုးတွေ ထည့်ထားလဲ။
ဖြေ- န၀ရတ်ရော့ခ်အခွေထဲမှာ  ကျွန်တော် ရော့ခ်ပုံစံနှစ်ပုဒ်နဲ့ ကျွန်တော် ဆိုနေကျပုံစံ ခပ်အေးအေး တစ်ပုဒ်မျှပြီး ထည့်ထားပါတယ်။
မေး- အစ်ကိုရဲ့ Selection စီးရီးအကြောင်းလည်း ပြောပြပေးပါဦး။
ဖြေ- Selection စီးရီးခွေမှာ ကျွန်တော်ထွက်ခဲ့တဲ့ စီးရီးသုံးခွေထဲက ပရိသတ်ကြိုက်ခဲ့တဲ့ သီချင်းတွေ၊ ကျွန်တော်ကြိုက်တဲ့ သီချင်းတွေကို စုပြီးပြန်ထုတ်မှာပါ။ ဒီအခွေထဲမှာတော့  တချို့သီချင်းတွေ ကို  Version  အသစ်နဲ့ပြန်လုပ်ဖို့ ပြင်နေပါတယ်။
မေး- အစ်ကို လျှောက်ခဲ့တဲ့ ဂီတလမ်းရဲ့ အစောပိုင်းကာလ အကြောင်းလေး ပြောပြပေးပါဦး။
ဖြေ- အခက်အခဲတွေကတော့ ရှိခဲ့တာပေါ့။ ကျွန်တော် ရန်ကုန် စဆင်းလာကာစ ၁၉၉၉ခုနှစ်လောက်တုန်းက ဆိုရင် ကိုယ်ပိုင်သံစဉ်ဆိုတာ ပရိသတ် လက်ခံဖို့အတွက် ကြိုးစားနေဆဲ ကာလလို့ ပြောလို့ရပါတယ်။ ကိုယ်ပိုင်သံစဉ်နဲ့နေရာ တစ်နေရာရဖို့၊ ကိုယ့်ပုံစံနဲ့ကိုယ် နှစ်သက်တဲ့ Music တစ်ခုကို ပရိသတ်ကိုတင်ပြဖို့ တော်တော်လေး ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ ဆယ်စုနှစ်တစ်စုကျော် ပရိသတ်သိဖို့ ကြိုးစားခဲ့ရပါတယ်။
မေး- အစ်ကိုကြိုးစားခဲ့တဲ့ အတိုင်းအတာနဲ့ အခု လက်ရှိ ပရိသတ်အားပေးတဲ့ အနေအထားအပေါ် ကျေနပ်နေပြီလား။
ဖြေ- ကျွန်တော်ကျေနပ်နေပြီဗျ။ ကျွန်တော်ပေးချင်တဲ့ အနုပညာနဲ့ ပရိသတ် လက်ခံသွားတဲ့ ပုံစံလေးက အရမ်းလှပါတယ်။ ဒီထက်လည်း အရမ်း မအောင်မြင်ချင်တော့ပါဘူး။ ကျွန်တော်လုပ်ချင်တဲ့ Music ပုံစံလေးတွေ ကို ကျွန်တော်ဆိုပြမယ်။ ပရိသတ် ကြိုက်တယ်ဆိုရင် ကျွန်တော်ကျေနပ်တယ်။ ပျော်တယ်။ ဒီအနေအထားလောက်ကို ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်က သီချင်းတွေ ဆိုနေရရင်၊ စတူဒီယိုထဲဝင် နေရရင် ကို ပျော်နေပါပြီ။
မေး- အစ်ကိုဂီတလောကကို စ၀င်ကာစမှာ အော်တာနေးတစ်ဂီတရဲ့ အခြေအနေက ဘယ်လိုရှိနေပြီလဲ။
ဖြေ- ကျွန်တော် ဂီတလောကကို ၀င်ကာစတုန်းက မြန်မာပြည်မှာ အော်တာဆိုတာစပြီး ထိုးဖောက်ကာစ အချိန်ပေါ့။ အဲဒီတုန်းက စဆိုခဲ့တဲ့သူ တွေဆိုရင်The ants တို့၊ ကိုအယ်နောင်းတို့၊ ဒိုးလုံးတို့ ဆိုနေကြပြီဗျ။
မေး- အဲဒီလို အော်တာနေးတစ်က စထိုးဖောက်ကာစမှာ အစ်ကိုက ကိုယ်ပိုင်သံစဉ်နဲ့ ဒီဂီတကို ရွေးလိုက်တဲ့အခါ ဘယ်လိုတွေကြုံခဲ့ ရလဲ။
ဖြေ- အရမ်း အပြောခံခဲ့ရပါတယ်။ အတော်များများ အပြောခံခဲ့ရတယ်။ ဘယ်လိုပုံစံကြီးလဲ။ ဘယ်လို Music ကြီးလဲ၊ ဘယ်လိုစတိုင်ကြီးလဲလို့ စသည်ဖြင့်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ်လုပ်ချင်တဲ့အရာကို တစိုက်မတ်မတ် လုပ်တယ်။ ကျန်တာကို သိပ်မစဉ်းစားဘဲနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ နောက်သုံးလေးနှစ်လောက် ကြာတဲ့အချိန်မှာတော့ ဒီ ဂီတပုံစံကို လက်ခံသွားကြပါတယ်။
မေး- ကိုဒိုးလုံးနဲ့ အစ်ကိုရဲ့ အတူဖြတ်သန်းခဲ့ဖူးတဲ့ အနုပညာ လှုပ်ရှားမှုတွေဆိုရင်။
ဖြေ- ဒိုးလုံးနဲ့ ကျွန်တော်က ငယ်ပေါင်းတွေပါ။ သူနဲ့ကျွန်တော် နေ့ မအိပ်၊ညမအိပ်နဲ့ သီချင်းတွေအတူ တူလုပ်ခဲ့ကြတယ်။သူကအခွေ အရင်ထွက်သွားခဲ့တယ်။ ကျွန်တော် သီချင်းဆိုတိုင်း၊ အသံသွင်းတိုင်း သူ့ကိုအမြဲတမ်း အမှတ်ရပါတယ်။ ဒိုးလုံးနဲ့ ကျွန်တော် အတူတူရေးခဲ့ ဆိုခဲ့ကြတယ်။ အတူရေးတဲ့သီချင်း တွေထဲက ပရိသတ်သိတာဆိုရင် ‘ဆုတောင်း’၊ ‘ဘုန်းကြီးပါစေ သက်ရှည်စေ’၊ ‘ချစ်ဦးမေ’ သီချင်းတွေ ရှိပါတယ်။
မေး- ဒီနေ့ ဒီအချိန်ထိ အစ်ကိုဖက်တွယ်ခဲ့တဲ့ အနုပညာ ယုံကြည်ချက်ဆိုတာက။
ဖြေ- ကျွန်တော် ဂီတကိုချစ်တာ တစ်ခုတည်းနဲ့ ရပ်တည်နေတာပါ။ကျွန်တော်ရေးမယ်၊ ဆိုမယ်။ ဒါပဲ လုပ်မယ်ဆိုပြီး ယုံကြည်ချက်ကြီးကြီးမားမားနဲ့ လုပ်နေခဲ့တာပါ။ ကျန်တာလည်း ကျွန်တော် ဘာမှ မလုပ်တတ်ပါဘူး။
မေး- အစ်ကို့ကိုအားပေးတဲ့ ပရိသတ်အတွက်  ပြောချင်တဲ့စကားရှိရင်။
ဖြေ- ပရိသတ်ကို ကျေးဇူးတင်ပါတယ်လို့။ ကျွန်တော်က အခွေ ထွက်တာလည်းကြာတယ်။ အခွေ အများကြီးလည်း မထွက်နိုင်ဘူး။ စောင့်ပြီး အားပေးကြတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်လို့။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis