menu

Saturday 11 February 2012

ရွာသား ၁၄ ဦးကို KIA က ပေါ်တာအဖြစ်ခေါ်ဆောင်

KIA
ဖေဖေါ်ဝါရီ ၃ ရက်နေ့က ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် တာလောကြီးကျေးရွာသား ၁၄ ဦးအား ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့များက ပေါ်တာအဖြစ် စေခိုင်းဖို့ ခေါ်ဆောင်သွားကြောင်း ယင်းရွာမှ ရွာသားများက ပြောသည်။
မြစ်ကြီးနားမြို့တာလောကြီးရွာမှ ရွာသားများ မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျှက်ရှိရာ ယခင်လကုန်ခါနီးတွင် ဒုက္ခသည်များထဲတွင်ပါဝင်သည့် ကျောင်းဆရာမများကို မိမိတို့နေထိုင်ရာကျေးရွာသို့ ပြန်ပြီး ကျောင်းဖွင့်ရန် ၎င်းတို့အား ကချင်ပြည်နယ် ၀န်ကြီးချုပ်က ညွှန်ကြားခဲ့သည်။

ထိုသို့ညွှန်ကြားပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ဒုက္ခသည်များက ၎င်းတို့ နေရပ် တာလောကြီး ကျေးရွာသို့ ပြန်သွားပြီးနောက် ယခုလ ၃ ရက်နေ့၌ ကချင်လွတ်မြောက်ရေး တပ်မတော်က ပေါ်တာအဖြစ် အသုံးပြုရန် ကျား ၄ ဦး မ ၁၀ ဦးကို ခေါ်ဆောင်သွားခြင်းဖြစ်သည်။

တာလောကြီးကျေးရွာနှင့် အဆက်အသွယ်ရှိသူ တဦးကပြောရာတွင် “ ရွာသားတွေ ကသူတို့ရွာက ဆရာမတွေ ပြန်သွားပြီးကျောင်းဖွင့်ပြီဆိုတော့ ရွာသို့ပြန်သွားတာ၊ အဲဒီနောက် ရက်ပိုင်းအတွင်းမှာ ဆီမုံညင်းရိတ်သွားရင်း ညနေဘက် ကေအိုင်အေက ပေါ်တာခိုင်းဖို့ခေါ်သွားတာပဲ” ဟုပြောသည်။

ခေါ်ဆောင်သွားခံရသူ များအနက်တွင် ကျား ၄ ဦးနှင့် မ ၁၀ ဦးပါဝင်ကာ အသက်၂၀ အရွယ် မိန်းကလေး တဦးလည်းပါဝင်သည်ဟု ၎င်း၏ မောင်ဖြစ်သူက ရွာသားများအား ပြန်လည်ပြောပြသည်။ ထိုနေ့က ရွာနှင့် ၂ မိုင် ၃ မိုင်ကွာဝေးသည့် မုံညင်းခင်းများရှိရာသို့ သွားရောက်ရာမှ အပြန်တွင်ခေါ်ဆောင်သွားခြင်းဖြစ်၍ ယင်းနေ့တွင်ပင် ဧရာဝတီမြစ်ကမ်းအနီးရှိ ရှမ်းလူမျိုးစုများ နေထိုင်ရာကျေးရွာများမှ ပေါ်တာအဖြစ်စေခိုင်းရန် လူ ၆၀ ကျော် ၇၀ ကိုခေါ်ဆောင်သွားခဲ့သည်ဟု မြင်တွေ့လိုက်သူများက ပြောသည်။

တာလောကြီးကျေးရွာတွင် ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့က ပေါ်တာဆွဲခြင်းမှာ ယခုအကြိမ်သည်  တတိယအကြိမ် မြောက်ဖြစ်သည်ဟုလည်း ရွာသားများ၏ ပြောဆိုချက်အရသိရှိရသည်။ ယင်းဒေသကို ကေအိုင်အေ တပ်မဟာ ၅ နှင့် မြန်မာအစိုးရစစ်တပ် ကပါ လှုပ်ရှားသည့်နယ်မြေ ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဇွန်လဆန်းကတည်းက ဖြစ်ပွားလျှက်ရှိသည့် ကေအိုင်အေနှင့် အစိုးရစစ်တပ်များအကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းနေထိုင်သူ အများအပြား မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ လိုင်ဇာ၊ မိုးမောက်နှင့် မံစီမြို့များသို့ ထွက်ပြေးခိုလှုံလျှက်ရှိရာ ဖေဖေါ်ဝါရီလ ပထမပတ် ကောက်ယူထားသည့် စာရင်းများအရ မြို့နယ်အသီးသီးတွင် ဒုက္ခသည်ပေါင်း ၂၆၀၀၀ ကျော်ရှိသည်ဟု ဒုက္ခသည်ကူညီရေး အသင်းအဖွဲ့များက စုဆောင်းသည့် စာရင်းများအရသိရသည်။      ။
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၂ (YPI)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis