menu

Wednesday 29 February 2012

မညီညွတ်ခြင်းရဲ့ အတိတ်သမိုင်းဖြစ်ရပ်(၀မ်းအိုဝမ်းကျော်ဝင်းမောင်)



ကျွန်တော်တို့ခေါင်းဆောင်ကြီးများဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့ အကြောင်းကို ဒီလိုစဉ်းစားမိတယ်။ ဂျပန်တော်လှန်ရေးအောင်ခဲ့တာဟာ ဒီခေါင်းဆောင်သုံးယောက် ညီညွတ်လို့ပဲ။

သခင်စိုးက သဘောတရား တော်တယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းကလဲ သဘောတရား အတော်အသင့်ရှိတယ်။ ဒါပေမယ့် စစ်ရေးမှာ ပိုတော်တယ်လို့ ပြောရမယ်။ သခင်သန်းထွန်းကတော့ သဘောတရားတို့ စစ်ရေးတို့ထက် စည်းရုံးရေးမှာ တော်တယ်လို့ ကျွန်တော်သုံးသပ်မိတယ်။ သခင်စိုးဟာ ဂျပန်တော်လှန်ရေးကာလတုန်းက တောမှာအနေများပြီး ဂျပန်တော်လှန်ရေးကို လုပ်ရတယ်။ သူ့အတွက် တစ်နည်းမဟုတ်တစ်နည်းပြောရရင် လုံခြုံမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့မှာ လက်နက်ကိုင်တပ်ကြီးရှိတယ်။ လျို့ဝှက်ရေးလုပ်ပေမယ့် ဂျပန်က ဂျပန်တော်လှန်ရေးသတင်းပေါက်ကြားလို့ သူ့ကိုအန္တရာယ်ဖြစ်အောင် လုပ်မယ်ဆိုရင် ဂျပန်ကိုပြန်ခုခံနိုင်တယ်။ သေချင်လည်း သူသတ်ကိုယ်သတ် တုံ့ပြန်နိုင်တယ်။သခင်သန်းထွန်းကျတော့ အသေခံသက်သက်ပဲ။ ဂျပန်တော်လှန်ရေးလုပ်တာ ဂျပန်သိသွားရင် သူကတော့ ခံရုံသက်သက်။ သူတို့ သုံးယောက်ထဲမှာ သူဟာအန္တရာယ်နဲ့ အနီးဆုံးပဲ။ ဒါပေမယ့် ဂျပန်တော်လှန်ရေးသာ ပြီးသွားတယ်၊ သူဂျပန်လက်ထဲ မရောက်ခဲ့ဘူး။ ဒါကြောင့် သူဟာ နိုင်ငံရေး စစ်ရေးတို့ထက် စည်းရုံးရေးမှာ အင်မတန်တော်တယ်လို့ ဆိုရပါမယ်။ သူတို့သုံးယောက်မှာ အရည်အချင်းကောင်းတွေ တစ်မျိုးစီရှိကြတယ်။ သူတို့သုံးဦးပေါင်းထားတဲ့အတွက် ဂျပန်တော်လှန်ရေးဟာ အကောင်အထည်ပေါ်ခဲ့တယ်။


ဒါပေမယ့် သူတို့သုံးဦးကွဲ လိုက်တာနဲ့ တစ်ပြိုင်နက် ဘာမှဖြစ်မလာဘူးလို့ သမိုင်းက ထောက်ပြနေတယ်။ ဂျပန်တော်လှန်ရေးအပြီးကိစ္စကိုကြည့်ရင် ၄၆ ခုနှစ် ကွန်မြူနစ်ပါတီကွဲပြီး အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်)၊ ဗမာပြည်ကျွန်မြူနစ်ပါတီဆိုပြီး နှစ်ပါတီဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ။ နောက်ဆုံးအလံနီက သခင်စိုး၊ ဗကပက သခင်သန်းထွန်း၊ ဖဆပလက ဗိုလ်ချုပ်အောင်ဆန်း။ အဲဒီလိုကွဲခဲ့လေတော့ နောက် ဗိုလ်ချုပ်အောင်ဆန်းလည်း အာဇာနည်အဖြစ် ကျဆုံးခဲ့တယ်။ သခင်သန်းထွန်းလည်း သူ့တပ်က သစ္စာဖောက်တို့ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့တယ်။ သခင်စိုးလည်း နောက်ဆုံးအတွေ့အကြုံတွေ တစ်ပုံတစ်ခေါင်းကြီး သင်ခန်းစာတွေ အများကြီးနဲ့ပဲ ကွယ်လွန်ခဲ့တယ်။

နောက်သခင်စိုးက အရှေ့အာရှ ကွန်မြူနစ်ခေါင်းဆောင်လို့ဆိုရင်လည်း မမှားပါဘူး။ ပြောရရင် သခင်သန်းထွန်းက သဘောတရား အားနည်းတယ်။ သခင်စိုးက လမ်းစဉ်တစ်ခုချရင် သခင်သန်းထွန်းက အဲဒီလမ်းစဉ်ကို အနှေးနဲ့အမြန် ကော်ပီလုပ်တယ်။
သခင်စိုးက သပိတ်အစုံ သူပုန်ထမယ်ဆိုတုန်းက သခင်သန်းထွန်းမှာ ဒီသူပုန်ထဖို့ဆိုတဲ့ လမ်းစဉ်မျိုးရေးသားထားတာ တစ်ခါမှမရှိခဲ့ဘူး။ သခင်စိုးက ရှေ့က ကြွေးကြော်သွားတဲ့လမ်းစဉ်ကို လိုက်ခဲ့တယ်။ သူပုန်ထဖို့ လမ်းစဉ်ချခဲ့တဲ့သခင်စိုးက သခင်သန်းထွန်းနောက်မှ သူပုန်ထ နိုင်ခဲ့တယ်။ တစ်ခါတလေ သခင်စိုးလမ်းစဉ်ကိုသူက တိုက်ရိုက်မကူးချဘူး။ သခင်စိုးက သူ့လမ်းစဉ်ကို တရုတ်ပြည်ပို့လိုက်တယ်။ တရုတ်ဆီကမှ သခင်သန်းထွန်းက ယူခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့မှာလက်နက်ကိုင်တပ်ကြီးရှိတယ်။ လျို့ဝှက်ရေးလုပ်ပေမယ့် ဂျပန်က ဂျပန်တော်လှန်ရေး သတင်းပေါက်ကြားလို့ သူ့ကိုအန္တရာယ်ဖြစ်အောင်လုပ်မယ်ဆိုရင် ဂျပန်ကို ပြန်ခုခံနိုင်တယ်။ သေချင်လည်း သူသတ်ကိုယ်သတ် တုံ့ပြန်နိုင်တယ်။

ဥပမာ သခင်စိုးရဲ့အတွင်းရေးမှူးချုပ် အစီရင်ခံစာကို ၅၄ ခုနှစ်က ချခဲ့တယ်။ အောက်မြန်မာပြည်အပါအ၀င် ပါတီခေါင်းဆောင်တွေက လက်မခံကြပါဘူး။ ဒါပေမယ့် နောက်ပိုင်းအောက်မြန်မာပြည် ခေါင်းဆောင်တွေက ဂျီအာကို လက်ခံကြတယ်။ အထက်မြန်မာပြည် ခေါင်းဆောင်တွေကတော့ ပြတ်ပြတ်ပဲ၊ လက်မခံကြဘူး။ အဲဒီတော့ ပါတီနဲ့ စစ်ဘက်တာဝန်ရှိသူတွေက အတွင်းရေးမှူးအစီရင်ခံစာကို ကန့်ကွက်တော့ သူတို့တာဝန်ယူနေတဲ့ နေရာတွေကနေ ဖယ်ပေးလိုက်ရတယ်။ အဲဒီမှာ အပြစ်ကျတဲ့လူ၊ ဓားပြတိုက်လို့ အဖမ်းခံထားရတဲ့ လူတချို့က ပါတီကွဲတာ မှန်တယ်လို့ပြောတော့ သူတို့အပြစ်တွေကို ကွင်းလုံးကျွတ်လွတ်သွားရုံမက ပါတီနဲ့ စစ်ရေးတာဝန်တွေကိုပါ ယူလိုက်တယ်။ အစဉ်အလာရှိတဲ့ မူလခေါင်းဆောင်တွေကို ဖမ်းတယ်။ ဆီးတယ်။ လိုက်တိုက်ခိုက်တဲ့အထိ ဖြစ်တာပဲ။
ဒီလိုအလံနီသခင်စိုးက ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေကို လုပ်တာကို တရုတ်ပြည်ကို ပို့လိုက်တယ်။ တရုတ်ပြည်က ခေါင်းဆောင်မှုလဲကျမလိုဖြစ်နေတဲ့ မော်စီတုန်းက ဗမာပြည်က သခင်စိုးရဲ့ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းအတိုင်း လူငယ်တွေမွေးပြီး သူ့ခေါင်းဆောင်မှုကို ထူ ထောင်ခဲ့တယ်။ သူပုန်ခေတ်က တိုက်ပွဲအလီလီကို တိုက်ခဲ့ပြီး အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ ချူတေး၊ လူလျောက်ချီ အစရှိတဲ့ခေါင်းဆောင်တွေကို အပုပ်ချခဲ့တယ်။ လူလျောက်ချီကို ထောင်အတွင်း အကျဉ်းချခဲ့တယ်။ အလွန်ကျော်ကြား လူသိများခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ခေါင်းဆောင်ကြီး ချူအင်လိုင်းတောင် အပုပ်ချမှု အဖျားခတ်ခံခဲ့ရသေးတယ်။ အဲဒီလိုတရုတ်ပြည်မှာ ပြန်လည်ပြင်ဆင်ရေးတွေ လုပ်လာတော့ ဗကပပါတီတွင်းမှာလည်း ပြန်လည်ပြင်ဆင်ရေးတွေ လုပ်လာတယ်။
အလံနီရဲ့ ဖြုတ်ထုတ်လမ်းစဉ်ကို တရုတ်ပြည်က ကူးတယ်။ တရုတ်ပြည်မှာလည်း ပြန်လည်ပြင်ဆင်ရေးနှင့် ဖြုတ်ထုတ်လုပ်ငန်းကို တစ်ပြိုင်တည်းလုပ်သလို ဗကပအတွင်းမှာလည်း ပြန်လည်ပြင်ဆင်ရေးနှင့် ဖြုတ်ထုတ်သတ်ကို တရုတ်ပြည်က ကူးယူခဲ့တယ်။ ပြန် လည်ပြင်ဆင်ရေးအတွင်း ဖြုတ်ထုတ်သတ်လုပ်လိုက်တာ တစ်ချိန်ကစတင်ပြီး အင်္ဂလိပ်တော်လှန်ရေး၊ ဂျပန်တော်လှန်ရေးတွေကို လုပ်ခဲ့တဲ့ ၀ါရင့်ရဲဘော်ကြီး ဂိုရှယ် ခေါ် ရဲဘော်ဘတင်၊ ရဲဘော်ဌေး အစရှိတဲ့ ရဲဘော်တွေကိုပင် မကြားဝံ့မနာသာ သုတ်သင်ခဲ့တယ်။ သားကအဖေကို ပြန်သတ်တဲ့ ခေတ်သစ်အဇာတသတ်တွေထိ ပေါ်ပေါက်ခဲ့တယ်။ မြန်မာပြည်ရဲ့သမိုင်းမှာ အင်မတန်အရုပ်ဆိုး အကျည်းတန်ခဲ့တယ်။

ဇာတ်တူသားကို စားကြသော ဟင်္သာကိုးသောင်း ပျက်ဆီးတယ် ဆိုတာ ဇာတ်တော်ထဲမှာ ကြားခဲ့ဖူးတယ်။ အခုတော့ ကျွန်တော်တို့ခေတ်မှာ လာကြုံတွေ့ခဲ့ဖူးတယ်။ ဒါတွေဟာ သမိုင်းမှာ ကျန်ခဲ့ပေမယ့် အဖြစ်အပျက်တွေပဲ။ သခင်စိုးကတော့ ဥပဒေဘောင်အတွင်း ရောက်လာတဲ့အခါ ပါတီကွဲတာတွေကြောင့် ဒီနေ့ထိ တိုင်းပြည်မှာ ကြုံတွေ့နေခဲ့ရတဲ့ အနိဌာရုံတွေဟာ သူ့ကြောင့်ပါဆိုပြီး ကိုယ့်ကိုယ်ကို ဝေဖန်ရေးလုပ်ခဲ့တယ်။ တိုင်းပြည်ကို ၀န်ချတောင်းပန်ခဲ့တယ်။ ဒါတွေက ကျွန်တော်လက်ရှိ အသက် ၉၃ နှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ သမိုင်းဖြစ်ရပ်ပါ။

ဂျပန်တော်လှန်ရေး ကာလတုန်းက ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း သုံးယောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အတွက် အောင်ပွဲရခဲ့တယ်။ ဒါကြောင့် ညီညွတ်ခြင်းရဲ့ အကျိုးရလာဒ်၊ မညီညွတ်ခြင်းရဲ့ အတိတ်ကသမိုင်းဖြစ်ရပ်ကို သတိရပြီး၊ သိရှိပြီး သင်ခန်းစာယူနိုင်အောင် ရေးသားဖော်ပြရခြင်းဖြစ်တယ်လို့ ဆိုရပါစေလား။ အားလုံးငြိမ်းချမ်းသာယာမှု အဖြာဖြာကျရောက်ပါစေ။ကျန်းမာ၊ ချမ်းသာကြပါစေ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis