menu

Wednesday 11 December 2013

မြို့တော် ကိယက်ဗ်ရှိ လီနင်ရုပ်တုကို ယူကရိန်း ဆန္ဒပြသူများ ဖြိုချ

Photo: မြို့တော် ကိယက်ဗ်ရှိ လီနင်ရုပ်တုကို ယူကရိန်း ဆန္ဒပြသူများ ဖြိုချ

ကိယက်ဗ်၊ ဒီဇင်ဘာ ၉

ယူကရိန်းတွင် အုံလိုက်ကျင်းလိုက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေသူများက မြို့တော် ကိယက်ဗ်တွင် ဆိုဗီယက်ခေတ်က စိုက်ထူထားခဲ့သော ကွန်မြူနစ် ခေါင်းဆောင် ဗလာဒီမာလီနင်၏ ရုပ်တုကို ဝိုင်းဝန်း ဖြိုချလိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန်အတွက် ဒီမိုကရေစီရေး၊ တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှုများ ဆိုင်ရာ ကိစ္စရပ်များကို လက်မှတ်ရေးထိုးရန် ယူကရိန်း အာဏာရ အစိုးရက နှောင့်နှေးနေခြင်းကို ဆန့်ကျင် ဆန္ဒပြနေကြခြင်း ဖြစ်သည်။
“မျက်နှာဖုံး စွပ်ထားတဲ့ လူတွေက လီနင်ရုပ်တုကို ဖြိုချလိုက်ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးက AFP ကိုပြောကြားသည်။

ဆန္ဒပြသူများသည် ယူကရိန်း အမျိုးသားရေး လွတ်လပ်ရေးပါတီ အလံများကို ဝှေ့ယမ်းကြပြီး လူအင်အား သိန်းပေါင်း များစွာဖြင့် လမ်းမပေါ် ဆန္ဒပြပွဲများ ပြုလုပ်ကြခြင်း ဖြစ်သည်။

လီနင်သည် ဆိုဗီယက် ပြည်ထောင်စုကို ထူထောင်သူ ဖြစ်ပြီး ယူကရိန်း အမျိုးသားရေး ဝါဒီများအတွက် အမုန်းတရား၏ သင်္ကေတ ဖြစ်သည်။

လီနင်အရုပ်ကို ဖြိုချလိုက်သူများမှာ လူငယ် ဆန္ဒပြသူများ ဖြစ်ကြပြီး လဲကျသွားသော အရုပ်ကိုလည်း ပုဆိန်များ၊ လက်နက် ကိရိယာများဖြင့် ဖျက်ဆီးခဲ့ကြသည်ကိုလည်း ရုပ်သံပုံများတွင် တွေ့ရသည်။

လီနင်၏အရုပ်မှာ ခေါင်းတခြား ကိုယ်တခြား ဖြစ်နေပြီး ထိုအတိုင်း ထားခဲ့ကြသည်ဟု သတင်းထောက်များက ဆိုသည်။

အရုပ်၏ အချို့အစိတ်အပိုင်း များကို အဓိက ဆန္ဒပြသူများ နေရာယူထားရာ လွတ်လပ်ရေး ရင်ပြင်ကို သယ်ဆောင် သွားကြပြီး လူအုပ်ကို စကားပြောသူများက လီနင်အရုပ်မှ လက်ပြတ်ကြီးကို ကိုင်ကာ ပြသခဲ့ကြသည်။

ဒုတိယကမ္ဘာစစ် ပြီးခါစ ၁၉၄၆ တွင် ၁၁ပေမြင့်သော အဆိုပါ ရုပ်တုကို ကိယက်ဗ်မြို့တွင် အနီရောင် ဂရင်းနိုက်ဖြင့် တည်ဆောက် ထုလုပ်ထားသည်။

လီနင်၏ ရုပ်တုကို ဖယ်ရှားလိုက်ပြီးနောက် အတိုက်အခံအမတ် အင်ဒရေ ရှက်ချင်ကိုက လွတ်လပ်ရေး ရင်ပြင်တွင် အတိုက်အခံ ခေါင်းဆောင်များ စုပေါင်းမိပြီ ဖြစ်ကြောင်း အောင်ပွဲခံ ပြောကြားခဲ့ကာ လူထုက ကိုယ်တိုင် စုစည်းနိုင်ခဲ့ပြီဟုလည်း ဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis