menu

Monday 16 December 2013

မိဘများ သဘောမတူသော ယောက်ျားကို ယူသဖြင့် ဖခင်က သမီး၊ သမက်၊ မြေးတို့ကိုသတ်ဟု ရဲအရာရှိပြော

ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ဖြစ်ပွားခဲ့သော မိသားစုဝင်သုံးဦး အသတ်ခံခဲ့ရသည့်အမှုမှာ သမီးဖြစ်သူက မိဘများသဘောမတူသည့် ယောက်ျားကို ယူကာ ကလေးမွေးခဲ့သောကြောင့် သမီးနှင့် သမက်အပြင် နှစ်လသားအရွယ် မြေးဖြစ်သူကိုပါ သတ်ခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

““အဖေအရင်းကသတ်တယ်လို့ စစ်ဆေးတွေ့ရှိရပြီး စခန်းမှာ ထိန်းသိမ်းထားပါတယ်။ အခင်းဖြစ်တဲ့နေ့က မူးယစ်ဆေးဝါးသုံးစွဲထားမှုရှိ၊ မရှိ ဆိုတာကိုလည်း ဆေးရုံမှာ စစ်ဆေးနေပါတယ်”” ဟု ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မွှေလုံရွာတောင်ယာခင်းအတွင်း နေထိုင်သည့် မိသားစုဝင်သုံးဦး ဒီဇင်ဘာလ ၁၂ ရက်က အသတ်ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါရွာနေ ဦးအားဂျွေဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။ ဦးအားဂျွေမှာ သေဆုံးသူအမျိုးသမီး၏ ဖခင်အရင်းဖြစ်ကြောင်း သတင်းရရှိသည်။

““သမီးရော၊ သမက်ရော၊ မြေးဖြစ်သူကိုပါ ဓားနဲ့ထိုးပြီး သတ်ထားတာပါ။ သူသုံးခဲ့တဲ့ဓားကိုလည်း သက်သေခံပစ္စည်းအဖြစ် သိမ်းထားနိုင်ပါပြီ။ ဒီအမှုက မိသားစုချင်းဖြစ်တဲ့ပြဿနာမို့လို့ ရှုပ်ထွေးပြီး အရေးကြီးတဲ့အတွက် အမှုကို ခိုင်မာအောင် တည်ဆောက်နေပါတယ်””ဟု ကျိုင်းတုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အသတ်ခံခဲ့ရသည့် မိသားစုဝင်သုံးဦးတွင် ပါဝင်သည့် ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး နှစ်လအရွယ်သာရှိသေးကာ အဆိုပါအမှုကို ကျိုင်းတုံ မြို့မရဲစခန်းတွင် ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် ကျိုင်းတုံမြို့ လူသတ်မှုဖြစ်စဉ်ကို ရက်ပိုင်းအတွင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကရင်ပြည်နယ်၊ သံတောင်မြို့တို့တွင် ဖြစ်ပွားခဲ့သော ကျိုင်းတုံလူသတ်မှုဖြစ်စဉ် နှင့် ဆင်တူသည့်အမှုများကိုမူ စစ်ဆေးဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် နိုဝင်ဘာလက မူဆယ်နှင့် သံတောင်မြို့များတွင် တောင်ယာခင်းအတွင်းနေထိုင်သည့် မိသားစုဝင်များ အသတ်ခံခဲ့ရသည့်အမှု ဖြစ်ပွားခဲ့ပြီး မူဆယ်မြို့တွင် သုံးဦးနှင့် သံတောင်မြို့တွင် လေးဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis