
သီတင်းကျွတ်ရက်တွေလာတော့မည်။ ပွဲတော်ကာလတွင် ပျော်သူတွေ ပျော်ကြမည်။
ပွဲတော်ရက်နှင့်အတူ အချိန်အခါသင့် စီးပွားရှာရမည့် လုပ်ငန်းငယ်များကလည်း
မိမိတို့ သက်ဆိုင်ရာလုပ်ငန်းအလိုက်ပြင်ကြပြီ။ ထိုအထဲတွင် ရိုးရာလက်မှုစက္ကူ
မီးပုံးရုပ်လုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သို့သော်
ယခင်ကကဲ့သို့မဟုတ်တော့။ ဈေးကွက်ရှင်သန်မှုအတွက် ပိုမိုရုန်းကန်ရတော့မည်။
ဟိုးယခင်ကာလနှင့်မတူသည်က အိမ်နီးချင်းနိုင်ငံက ဈေးကွက်အတွင်း
ထိုးဖောက်ဝင်ရောက်လာသည့် ခေတ်မီပစ္စည်းများက
ရိုးရာစက္ကူမီးပုံးရုပ်လုပ်ငန်းအတွက်တော့ ရင်မောစရာ။
ဝါးဖြင့်ပြုလုပ်သည့် စက္ကူမီးပုံး၊ မီးထွန်းရုပ်များကို
မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ အကွက် (၈၄၀) တွင်
ပွဲတော်သုံးရိုးရာလက်မှုပစ္စည်းအဖြစ် တစ်ရပ်ကွက်လုံး
ဘိုးစဉ်ဘောင်ဆက်ပြုလုပ်ရောင်းချခဲ့ရာမှ လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍
ပြည်ပမှ ၀င်ရောက်လာသော မီးလင်းကစားစရာအရုပ်များ၊ အလှချိတ်မီးပုံးများအား
ဈေးကွက်ဝေစုခွဲဝေပေးရ၍ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အားနည်းခြင်း၊
ရာသီဥတုမမှန်ခြင်းများကြောင့် ပြုလုပ်သူဦးရေလျော့ကျခဲ့ပြီး ယခုနှစ်တွင်
မီးပုံး၊ မီးထွန်းရုပ်ပြုလုပ်ရောင်းချသူ အနည်းငယ်သာရှိတော့သည်။
''ဒီရပ်ကွက်က စက္ကူမီးပုံးလုပ်ငန်းတွေက သင်္ကြန်ပြီးလောက်က နေစပြီး
အကြမ်းထည်တွေ ပြုလုပ်သိမ်းဆည်းထားရတာ။ ၀ါဆို၊ ၀ါခေါင်လောက်ဆို
အချောကိုင်ပြီး တော်သလင်းလမှာ နောက်ဆုံးအဆင့်စက္ကူကပ်၊ ဆေးခြယ်ပြီး
ဈေးကွက်အတွင်းကိုဖြန့်နေပြီ။ ဒီအချိန်တွေဆို အမှာများတဲ့အတွက် နေ့မနား၊
ညမအိပ် ဘဲ ပြုလုပ်ခဲ့ကြတာ။ တရုတ်မီးပုံ တွေဝင်ခါစက ဈေးမြင့်တော့
ဒီလုပ်ငန်းတွေက အလုပ်ဖြစ်သေးတယ်။ အလုပ်မဖြစ်တော့တာ
လွန်ခဲ့တဲ့လေးနှစ်လောက်ကစပြီး မဖြစ်တော့တာ။ တရုတ်ဘက်က၀င်တဲ့ ကစားစရာ
မီးလင်းအရုပ်တွေကလည်း တစ်နှစ် ထက်တစ်နှစ် ဈေးလျော့ကျလာသလို
ဒီဇိုင်းအသစ်အဆန်းတွေကလည်းများလာတော့ အဲဒီဈေးကွက်ကို
မယှဉ်နိုင်တာတစ်ကြောင်း၊ စက္ကူမီးပုံးလုပ်ငန်းသုံး ကုန်ကြမ်းက တစ်နှစ်ထက်
တစ်နှစ်ဈေးမြင့်လာတာကတစ်ကြောင်း၊ အလုပ်တွင်ချိန် မိုးရွာ
သွန်းမှုများလာတာတွေကြောင့် လုပ်ငန်းလုပ်ကိုင်သူဦးရေက တစ်နှစ်ထက်
တစ်နှစ်လျော့ကျသွားတာပါ''ဟု နှစ်ပေါင်းနှစ်ဆယ်ဝန်းကျင်ခန့်
မီးပုံးလုပ်ငန်းလုပ်ကိုင်လာသူတစ်ဦးက ပြောပြသည်။
''မီးပုံးလုပ်ငန်းက အရင်နဲ့စာရင် လုပ်ကိုင်သူဦးရေ
အများကြီးလျော့သွားပေမယ့် တစ်နှစ်လုပ်တဲ့သူနဲ့ ဈေးကွက်ဝယ်လိုအားနဲ့တော့
မျှပါတယ်။ ဒီအရုပ်တွေကလည်း မြို့ပေါ်ဈေးကွက်က မရှိသလောက်နီးပါးပဲ။ ရှိလည်း
ပွဲတော်ရက်နီးမှ အခုရေငါးရာ၊ တစ်ထောင်လောက် ရောင်းရတာ။ နယ်ဈေးကွက်ကတော့
နှစ်တိုင်းအမှာရှိတယ်။ ကုန်သည်တွေကလည်း နယ်ပဲအားပြုရောင်းရတာ
အခုနှစ်ပိုင်းတွေက နယ်တွေတင်ပို့တဲ့အချိန် မိုးမိတာတို့
ရေကြီးတာတို့ဖြစ်တတ်တော့ နယ်ဈေးကွက်က ရာသီဥတုကောင်းရင် အမှာများတယ်။
မနှစ်ကဆိုရင် နယ်တင်ပို့ဖို့လုပ်ထားတဲ့မီးပုံးတွေကို ကျန်နေတာတွေရှိတယ်။
ဒါကြောင့် ဒီနှစ်မလှောင်တော့ပဲ အမှာရှိမှ ရက်ချိန်းနဲ့လုပ်ရောင်းကြတာပါ။
လုပ်သူနည်းတော့ သစ်သားဘီးလုံးဖောက်တဲ့သူကလည်း မရှိတော့ သစ်သားဘီးလုံးက
မနှစ်က အခု ၁၀၀ ကို ၃၅၀ ကျပ်၊ ၄၀၀ ကျပ်ပဲပေးဝယ် ရတယ်။ အခုနှစ် တစ်ခုကို ၁၂
ကျပ်လောက်အထိ ပေးဝယ်ရတယ်။ ကျန်တဲ့ လိုအပ်တဲ့ကုန်ကြမ်းတွေကလည်း
မနှစ်ကထက်စာရင် ဈေးတက်တာတွေရှိတော့ ဈေးကွက်ဖြန့်မယ့်ဈေးနဲ့မကိုက်ကြလို့
ဒီနှစ်နားတဲ့သူပိုများသွားတာပါ။ ဦးလေးတို့တောင်
မနှစ်ကကုန်ကြမ်းကျန်တာလေးတွေရှိလို့ လုပ်ဖြစ်တာ''ဟု
ယခုနှစ်မီးပုံးပြုလုပ်ရောင်းချသူတစ်ဦးက ပြောကြားသည်။
စက္ကူမီးပုံးရုပ်များကို ယခင်ကကဲ့သို့ ဒီဇိုင်းရုပ်ပုံမျိုးစုံကို
တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်ထုတ်လုပ် ရောင်းချမှုထက် ဈေးကွက်ဝင်
ယုန်ရုပ်၊ ကားရုပ်များသာ ထုတ်လုပ်ရောင်းချခြင်းရှိပြီး အလှချိတ်သော
ဖန်ခွက်၊ အံစာတုံး၊ ဇီးကွက်ပုံမီးအိမ် အစရှိသည့်
မီးပုံးများပြုလုပ်ရောင်းချရသည့်ဈေးကွက်မှာ ဂျပန်မီးပုံးခေါ် စက္ကူဘာဂျာ
ခေါက်မီးပုံးဒီဇိုင်းမျိုးစုံကနေရာယူသွားသည့်အတွက်
ပြုလုပ်ရောင်းချခြင်းမရှိတော့ကြောင်း သိရသည်။
သီတင်းကျွတ်ပွဲတော်သုံး ၀ါးဖြင့်ပြုလုပ်သော ရိုးရာလက်မှုမီးပုံးများ၊
မီးထွန်းကားများကို ချမ်းမြသာစည်မြို့နယ်အကွက် (၈၄၀) တွင်လည်းကောင်း၊
သံဖြူဖြင့်ပြုလုပ်ရသော အမွှေးပွမီးထွန်းရုပ်များကို စိန်ပန်းရပ်နှင့်
အမရပူရတို့တွင် ပြုလုပ် ကြသော်လည်း ယခုအခါလုပ်ကိုင်သူ နည်းပါးလာကြောင်း
သိရသည်။ အတိတ်ကို ပြန်စဉ်းစားလျင်တော့ ရိုးရာလက်မှု စက္ကူမီးပုံးရုပ်လေးများ၏
အခန်းကဏ္ဍက ထည်ဝါလှသည်။ ဘိုးစဉ်ဘောင်ဆက် ရှည်လျားလှသည့် လက်ဆင့်ကမ်း
မျှဝေမှုများဖြင့် ဂုဏ်ယူဖွယ်ရာလက်မှု လုပ်ငန်းတစ်ခုပင်။ လက်ရှိတွင်တော့
ပြောင်းလဲလာသည့် လူနေမှုပုံစံ၊ ပြောင်းလဲလာသည့် ဈေးကွက်ထိုးဖောက်မှုများ
စသည်စသည်ကြားတွင် ခေတ်စနစ်၏ရိုက်ပုတ်မှုများနှင့်အတူ
လူးလွန့်ရုန်းကန်နေရပြီ။ သို့သော် လက်ရှိအထိ တောင့်ခံထားဆဲ
ရိုးရာလက်မှုလုပ်ငန်းအဖြစ်တော့ တည်ရှိနေပါသည်။ အသွင်သဏ္ဍာန်အစုံ၊
အရောင်အသွေးစုံ စက္ကူမီးပုံးရုပ်လေးများက
သီတင်းကျွတ်ပွဲတော်ကာလတစ်လျောက်တွင် တစ်ထောင့်တစ်နေရာမှ တာဝန်ကျေ
ဖြည့်ဆည်းနေဦးမည်မှာ အသေအချာပင်ဖြစ်ပါသည်။
မကြာမီ သီတင်းကျွတ်ပါတော့မည်။ စက္ကူမီးပုံးရုပ်လေးများကို ဟိုမှာသည်မှာ
မြင်တွေ့ကြရပါဦးမည်။ သို့သော် ထိန်ထိန်ညီးနေမည့် မီးရောင်စုံများအကြား၊
အဆင်အသွေးစုံ ခေတ်ပေါ်အရုပ်များအကြား၊
ဖယောင်းတိုင်မီးမှိတ်တုတ်မှိတ်တုတ်ဖြင့်သာ. . .။
EMG |
No comments:
Post a Comment