ဘန်ကောက်မြို့ပြင်ရှိ Bang Na အမြန်လမ်းမကြီးကို ဇူလိုင်တတိယပတ်က တွေ့ရစဉ် (ဓာတ်ပုံ)ကျော်ဇင်ဝင်း
ဘုရင့်နောင်မင်းတရား ယိုးဒယားကို ဘယ်လိုသိမ်းပိုက်ခဲ့လဲ ဆိုတာကို တွေးမနေပါ နဲ့တော့။ ဆင်ဖြူရှင်မင်းတရား အယုဒ္ဓယကို ဘယ်လိုအနိုင်ယူခဲ့လဲ ဆိုတာကိုလည်း ပြန်စဉ်းစား မနေပါနဲ့တော့။ အရင်တုန်းက ယိုးဒယားကို ငါတို့ ဘယ်လိုနိုင်ခဲ့တာ၊ ယိုးဒယားဆိုတာ ငကြောက်တွေပါ၊ ငါတို့ငယ်နိုင်တွေပါလို့ အာပေါင်အာရင်းသန်သန် ပြောရင်း သမိုင်းထဲမှာ တ၀ဲလည်လည် ဖြစ်နေတဲ့ အချိန်တွေကို ချန်ထားခဲ့ လိုက်ပါတော့။ ကျွန်တော်တို့ရဲ့ စစ်ဘုရင်တွေ ခေတ်လွန်သွားပြီ။ အခုယိုးဒယားဟာ အရင်ယိုးဒယား မဟုတ်တော့ဘူး။ အခုယိုးဒယားဟာ အရင်တုန်းက မြန်မာတွေ နိုင်ချင်တိုင်းနိုင်ခဲ့တဲ့ ယိုးဒယား မဟုတ်တော့ဘူး။ အမှန်အတိုင်း မရှက်မရွံ့ ပြောရရင် အခုယိုးဒယားဟာ မြန်မာထက် အဘက်ဘက်မှာ အဆပေါင်းများစွာ သာနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။ အခုယိုးဒယားဟာ ကျွန်တော်တို့ထက် ဆယ်နှစ်လောက် ရှေ့ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော် ၁၉၆၀ ၀န်းကျင်လောက်မှာ အာရှနိုင်ငံတွေထဲမှာ အလားအလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတယ်။