ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်သို့ သွားရောက် လည်ပတ်ကာ အမှာစကား ပြောကြားသည်။ Sandhurst စစ်တက္ကသိုလ်သည် ကမ္ဘာ့အဆင့်မြင့် စစ်ကျောင်းကြီး တစ်ကျောင်း ဖြစ်သည်။
ကမ္ဘာပေါ်ရှိ စစ်တက္ကသိုလ်များထဲတွင် အမေရိကန် ပြည်ထောင်စုမှ West Point စစ်တက္ကသိုလ်၊ ဗြိတိန်နိုင်ငံမှ Sandhurst စစ်တက္ကသိုလ်၊ ပြင်သစ်နိုင်ငံမှ Saint Cyr စစ်တက္ကသိုလ်တို့သည် နှစ်ပေါင်းရာကျော် သက်တမ်းရှိကြပြီး အစဉ်အလာကြီးမား ကျော်ကြားလှသည့် စစ်တက္ကသိုလ်ကြီးများ ဖြစ်ကြသည်။
ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ်
ဆင်းဟတ်စ် ဆိုသည်မှာ ရွာကလေး၏ အမည်ဖြစ်သည်။ လန်ဒန်မြို့တော်နှင့် မိုင် ၃၀ ခန့်ဝေးသော ကင်ဘာလေ (Camberley) မြို့ကလေး အနီးတွင် ဆင်းဟတ်စ်ရွာ ရှိသည်။ ယင်းကိုအစွဲပြု၍ ဆင်းဟတ်စ် စစ်တက္ကသိုလ်ဟု ခေါ်ကြခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်တွင် လန်ဒန်မြို့တော် ၀ူးဝစ် (Woolwich) အရပ်ရှိ ဘုရင့်စစ်တက္ကသိုလ် (Royal Military Academy) နှင့် ဆင်းဟတ်စ် (Sandhurst) ရှိ ဘုရင့်စစ်ကောလိပ် (Royal Military College) တို့ကို ပေါင်းပြီး ဗြိတိန်ဆင်းဟတ်စ် ဘုရင့်စစ်တက္ကသိုလ် (The Royal Military Academy Sandhurst) ဟု ပြောင်းလဲခေါ်ဆို ဖွင့်လှစ်ခဲ့သည်။ ပထမဆုံး ကျောင်းဆင်းပွဲကို ဆဋ္ဌမမြောက် ဂျော့ဘုရင် တက်ရောက် ချီးမြှင့်ခဲ့သည်။