မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်ကို တွေ့ရစဉ်
ယခင်ဘဏ္ဍာရေးနှစ်၏ နှစ်တစ်ဝက်ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ယခု နှစ်ဝက်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁ ဘီလျံနီးပါး လျော့နည်းနေပြီး ပို့ကုန်၊ သွင်းကုန်နှစ်ရပ်စလုံး တွင် လျော့ကျခြင်းဖြစ်သည်ဟု သိရ သည်။ ယခု ဘဏ္ဍာနှစ်၏ ဧပြီလမှ ယခုအထိ ၆ လအတွင်း ပြည်ပသို့ တင်ပို့သည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆၄ ဘီလျံကျော် ရှိပြီး သွင်းကုန်ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၃၂ ဘီလျံရှိကြောင်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ၈ ဒသမ ၉၆ ဘီလျံကျော် ဖြစ်ကြောင်းသိရသည်။
ယခင်နှစ်က ယခုကဲ့သို့ ၆ လ အတွင်း ပြည်ပသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလံကျော်ရှိပြီး သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကျော် ဖြစ်သည့်အတွက် ဘဏ္ဍာနှစ်ဝက် ကုန်သွယ်မှုပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ၁၀ ဘီလျံ နီးပါးဖြစ်သည့်အတွက် ယခုနှစ် ဘဏ္ဍာရေးနှစ်ဝက်ကုန်သွယ်မှု စုစုပေါင်းထက် ၁ ဘီလျံနီးပါး ပိုမိုများပြားခဲ့သည်။
ယခုနှစ် ပို့ကုန်ပမာဏကျဆင်းရသည့် အဓိကအကြောင်းရင်းမှာ ကျောက်စိမ်းတင်ပို့မှု ကျဆင်းရခြင်း ကြောင့်ဖြစ်ပြီး သွင်းကုန်ပမာဏ ကျဆင်းရခြင်းမှာ ပြည်ပမှ စက်သုံးဆီ တရားဝင်တင်သွင်းမှု ကျဆင်းခြင်း၊ ယန္တရားတင်သွင်းမှုနှင့် စားသုံးဆီ တင်သွင်းမှုများ ကျဆင်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ပို့ကုန်ပမာဏမှာ ပုံမှန်အတိုင်း ဆိုပါက ယခုထက်ကျဆင်းမည့် အနေအထားဖြစ်သော်လည်း ယခုနှစ်တွင် ဆန်၊ ပဲတင်ပို့မှုများမှာ ယခင်နှစ်ထက် မြင့်တက်ခဲ့သည့် အတွက်လည်း ကျဆင်းမှုသက်သာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာဖြင့် ကုန်သွယ်ရာတွင် သွင်းကုန်ကဏ္ဍ၌ အဓိကအားဖြင့် ကိုရီးယားနိုင်ငံမှ တင်သွင်းမှုပမာဏ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က ကိုရီးယားနိုင်ငံမှ မြန်မာ နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၄၁ ကျော်ဖိုးတင်သွင်းခဲ့သော်လည်း ယခုနှစ်တွင် ၆ လအတွင်း တင်သွင်းသည့်ပမာဏသည်ပင်အမေရိ ကန်ဒေါ်လာ ၁၅၈ သန်းဖိုးသာတင် သွင်းခဲ့သည့်အတွက် ဒေါ်လာသန်း ပေါင်း ၄၄၀၀ နီးပါး(ဒေါ်လာ ၄ ဒသမ ၄ ဘီလျံကျော်)အထိ လျော့ကျခဲ့ သည်။
သို့သော် ယခုနှုန်းအတိုင်း ကုန်သွယ်မှုပြုလုပ်သွားမည်ဆိုပါက ယခု ဘဏ္ဍာနှစ်ကုန်တွင် ယခင်နှစ်တစ်နှစ်လုံး ကုန်သွယ်မှုပမာဏထက်များစွာ လျော့ကျမည်မဟုတ်ပဲ ယခင်နှစ် ကတန်ဖိုးအတိုင်း ရှိနေမည်ဟုလည်း သုံးသပ်ကြသည်။ အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုထားပြီးဖြစ်သည့် လုပ်ငန်းများမှ ယန္တရားများ၊ ကုန် ကြမ်းများပိုမိုတင်သွင်းမည့်အလား အလာ၊ ပို့ကုန်ပိုင်းတွင်လည်း လယ်ယာထွက်ကုန် ပစ္စည်းများတင်ပို့မှု ယခု နှစ်တွင် မြင့်တက်နေသည့်အနေ အထားများကြောင့်လည်း ယခင်နှစ် ကုန်သွယ်မှုပမာဏထက် မနည်းသည့် အနေအထား ရောက်ရှိမည်ဟု ခန့်မှန်းရခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။
နှစ်အလိုက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ် | ပို့ကုန်ပမာဏ | သွင်းကုန်ပမာဏ | စုစုပေါင်း |
၂၀၀၅-၂၀၀၆ | ၃၅၅၇ .၂၁ | ၁၉၈၄ .၄၁ | ၅၅၄၁ .၆၂ |
၂၀၀၆-၂၀၀၇ | ၅၂၃၂ .၆၈ | ၂၉၃၆ .၇၃ | ၈၁၆၉ .၄၁ |
၂၀၀၇-၂၀၀၈ | ၆၄၀၁ .၇၁ | ၃၃၅၃ .၄၂ | ၉၇၅၅ .၁၃ |
၂၀၀၈-၂၀၀၉ | ၆၇၇၈ .၈၅ | ၄၅၄၃ .၄၅ | ၁၁၃၂၂ .၃၀ |
၂၀၀၉-၂၀၁၀ | ၇၅၈၆ .၉၄ | ၄၁၈၁ .၄၀ | ၁၁၇၆၈ .၃၄ |
၂၀၁၀-၂၀၁၁ | ၈၈၆၁ .၀၁ | ၆၄၁၂ .၇၃ | ၁၅၂၇၃ .၇၄ |
၂၀၁၁-၂၀၁၂(ဖေဖော်ဝါရီလထိ) | ၄၆၄၀ ကျော် | ၄၃၂၀ ကျော် | ၈၉၆၀ ကျော် |
EMG
No comments:
Post a Comment