အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၌ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ပြုလုပ်သော ကချင်ပြည်နယ် အခြေအနေဆိုင်ရာရှင်းလင်းပွဲ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော
တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာအများစုတွင်
ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်က အောက်တိုဘာ ၂၆
ရက်တွင် ပြောကြားသည်။
တရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်လိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ
ဓာတ်ငွေ့များကို သွယ်တန်းရယူနေကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာများကို
လေ့လာကြည့်ပါက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသည့် နေရာများတွင် အများစု
ဖြစ်သည်ကို တွေ့ရကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး
ဒေါ်မေစံပယ်ဖြူက ဆိုသည်။
ဒေါ်မေစံပယ်ဖြူက "ဒီတရုတ်ဓာတ်ငွေ့ပိုက်လိုင်းတွေ ကာကွယ်ဖို့အတွက်
တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းဖို့ နေရာတွေကို ရယူဖို့အတွက်
ကျွန်မတို့တွေဟာ ပဋိပက္ခ စစ်ပွဲတွေ ဖြစ်ပွားတယ်လို့ ကျွန်မတို့က အဲဒီလိုပဲ
ယူဆလို့ ရပါတယ်" ဟု ဆိုသည်။
ကေအိုင်အေနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီတို့သည် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင်
အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အချက်ခုနစ်ချက်ပါ
သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သော်လည်း ၁၀ ရက်ကျော် အကြာခန့်တွင်
ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း၌ တိုက်ပွဲများ ဆက်တိုက်ပြန်လည်
ဖြစ်ပွားခဲ့သည်။