“သည်တစ်ခါတော့ ကိုယ့်ဖို့ သမီး မိန်းကလေး လိုချင်သည်” မမြသစ် ကြွေးကြော်နေသည်။
သားဦးတုန်းက “ဖေဖေ့ဖို့ သားကြီး သြရသ
မွေးမှဖြစ်မည်”လို့ ဆိုခဲ့၏။ ပြီးတော့ သားပဲ မွေးခဲ့သည်။ သားဖြစ်ရမည်
ရယ်လို့ အတပ်စွဲကာ အ၀တ်အစားကလေးတွေက အစ ယောက်ျားလေး ပုံစံကို ချုပ်လုပ်
ခဲ့လေသည်။ သိုးမွေး ၀တ်စုံကို ထိုးပြန်တော့ သုံးပင်လိမ် ဘေဘီစူးလ်
အပြာရောင်မှ ရွေးချယ်ပြီး ဖဲပြားအစား ပန်းဖွား တပ်ရသည်။ ဂွမ်းစောင်
ဝယ်ပြန်တော့ နားရွက်ကြီးတွေ ဧရာမနှင့် ယုန်မိသား တစ်စု ကစားပုံ ပါသော
တစ်ဖက်ဖြူ၊ တစ်ဖက်ပြာ အဆင်ကို ကြိုက်ရပြန်သည်။ လေထိုး ထားသဖြင့်
လေးထောင့်ကွက် ဖောင်းကလေးတွေ ထကာ တယ်ပြီး အေးစက်စက်ကြီး မနိုင်သော
သားရေပြားကိုလည်း အပြာပင် ဖြစ်စေရသည်။ နောက်ဆုံး ယောက်ျားကလေး မွေးလာကာ
ဒုက္ခ ဝေဒနာတွေ မေ့လျော့လို့ ပြုံးနိုင်သည့် အခါတွင် ပြင်ဆင်ထားသည့် ပစ္စည်း
ကလေးများကလည်း လျော်ကန် နေသည်မို့ သဘော အကျကြီး ကျရပြန်သေး၏။
ကလေးအဖေ ဘ၀သို့ ကူးပြောင်းစ မောင်က ၀မ်းသာအားရနှင့် “မြက သိပ်တော်တာပဲ”ဟု ချီးကျူးဆဲပင် ဣနြေ္ဒ မဆည်နိုင်သည်နှင့်... “ဒါကြောင့် မြ ပြောတယ် မဟုတ်လား။ ယောက်ျားကလေး မွေးမယ်လို့” ဟူ၍ ကြွားရပြန်သေး၏။
သို့သော်
သူ့အဖို့ သက်သက် ပြောရလျှင် မိန်းကလေး လိုချင်သည်။ အင်မတန် လှသော
သမီးကလေး၊ သို့မဟုတ် ဉဏ်ထက်မြက်သော သမီးလေးကို လိုချင်သည်။ အင်မတန်
လှမယ်ဆိုလျှင် အဖိုးတန်ပိုး၊ ဖဲ၊ ဇာနိုင်လွန်တွေနှင့် တယုတယ ဆင်ပြင်နေမည်
ဖြစ်၏။ ကြီးတော့ ၀တ်ဖို့ လက်ဝတ်ရတနာတွေ စုဆောင်းရမည် ဖြစ်၏။ နူးညံ့
ပြုံးရွှင်သော အမူအရာလေးတွေ သင်ကြားစေမည်။ အိမ်ထောင်မှုကို နိုင်နင်းစေရမည်။
ပွဲလယ်မှာ ကျော်ကြားသည့် မိန်းမပီပီ ပြင်ပြင်ကလေး ဖြစ်စေ ချင်သည်။
လိပ်ပြာကလေးသဖွယ်၊ ပန်းကလေးသဖွယ် နုနယ်ချင်လည်း နေပါစေ။
ထိန်းသိမ်းစောင့်ရှောက်မည့် လင်သည် ဘုန်းကံမှာ ခိုလှုံ လဲလျောင်းမည့်
မိန်းကလေးတည်း။ သို့သော် ဉဏ်ထက်မြက်သော သမီး ဆိုလျှင်တော့
မအေတူသမီးဖြစ်မည်မို့ ဖအေ့လက်ထဲ အပ်ရမည်ပင်။ သည့် ထက်တော့ ပိုမပြောတတ်။
မမြသစ်၌ ပညာရှိ မိန်းကလေးကို မွေးမြူတတ်အား သိပ်မရှိ။
မောင်ကမူ “သားလေးပဲ မကောင်းဘူးလားကွယ်” ဟု မေးမြန်းလေ၏။
“ဟင့်အင်း မကောင်းပါဘူး။ မြဖို့လည်း တစ်ယောက် လိုချင်သေးတာပေါ့။ မောင်နဲ့
သားနဲ့ အပြင် သွားတော့ မြတစ်ယောက်တည်း အဖော်မရှိရင် ဘယ်လို နေရမလဲ။ သမီးလေး
ကျန်ရစ်ဦးမှပေါ့”ဟု ကျကျနန ပြောရ၏။
“မြ သမီးက အိမ်မှာ
ကျန်ရစ်ချင်ဦးမှကိုး” ဟု ဆိုလျှင် တော့ မမြသစ်သည် ထိတ်ခနဲ ပူရသည်။
ဟုတ်တယ်။ ပုလဲ သွယ်လို မေမေ့ရင်ဝယ် ကပ်တွယ်နေမည့် သမီးမျိုး မဟုတ် လျှင်
ဘယ်လို လုပ်ပါ့မည်။ ပ၀ါစပမာ မေမေသည်က တစ်ဖက်အစွန်းစကို ကိုင်ပေမဲ့ မြူးသော
လေနှင့် လွင့်ချင်၊ အပြင်သို့ ပျံသန်းချင်လျှင် တားလို့ နိုင်မည်လား။
သမီးလေး မလှသော် ဉဏ်ထက် ရမည်လို့ ကိုယ်ပဲဆိုသည်။ သည်လို သမီးမျိုးဆို လျှင်
အိမ်မှာ ပွေ့သိပ်လို့ တံခါးပိတ်မထားသင့်။
“မြလိုချင်တဲ့ သမီး အလိမ္မာလေးပဲ ရမှာပါ။ မြ အလိုရှိရင် ဖြစ်လေ့ ရှိတယ်ဆို။ မြ ဘာသာလည်း သိတယ်ဆို”
“ဟုတ်တယ် မြသိတာပေါ့။ မြ၀မ်းထဲမှာ မြနှလုံးသွေးကို ဝေပေးလို့ အသက်ရလာတဲ့
မြကလေးပဲ။ ဘယ်လို ကလေးလဲ လို့ မြ သိတာပေါ့”ဟု ရဲဝံ့စွာ ပြန်ပြော၏။
အားချက်ချင်း ရှိ လာ၏။ နာမည် ရွေးဖို့ပင် စဉ်းစားမိ၏။
“မြစတေပင် လငွေစင်သို့ ယဉ်မူလေ့ကို ပြကတေ့သွင်” စသည်ဖြင့် ရွတ်ဆိုမိသည်။ ဟော မအေနဲ့တူ မြနဲ့တူမယ့် သမီးရယ်လို့ “မမြတူလို့” ပေးရင် မကောင်းလား။
“မြမှာ မာနကြီး တစ်ခွဲရှိတယ်” ရယ်လို့ မောင်က ကစား သလို ပြောလျှင်တော့ မမြသစ်သည် ပျော့ပျောင်းစွာဖြင့်... “ဒီတစ်ခုရှိလို့ပဲ မြဟာ ပျော်နိုင်တယ်။ ပြီးတော့ မောင့် အချစ်ကိုလည်း ယုံစားနိုင်တယ်” ပြောလိုက်လေသည်။
သမီး ရောက်လာမည့် အချိန်အတွက် ပြင်ဆင်သည် ဆိုလျှင်ပဲ အံ့သြစရာ
ကြုံတွေ့ရသည်။ သမီးလေးဖို့ ပန်းနုရောင်ကို ရွေးရာကစသည်။ သိုးမွေး
ချည်ခင်ကို ၀ယ်တော့ အပြာကိုပါလိုချင်ခြင်း ပြင်းလှလေ သည်။ သမီးလေးဟာ
ဘယ့်နှယ့် အပြာဝတ်ပါမယ်လို့ ဆင် ခြင်လည်း မနေနိုင်။ သားကလေးဖြစ်လျှင်
ဘယ့်နှယ်လုပ် မလဲဟု တွေးမိ၏။ သည်ကြားထဲက သမီးပဲလို့လည်း သေချာ နေပြန်သေး၏။
သည်လိုနှင့် ဝေခွဲ၍ မရဘဲ ပန်းရောင်ကော အပြာပါ ၀ယ်ခဲ့မိသည်။ သို့လျှင်
သိုးမွေးနှစ်စုံ ထိုးမိသည်။
စောင်ကလေးဝယ်ပြန်တော့ ပန်းရောင်တစ်ဖက်
အပြာ တစ်ဖက် ဖြစ်ကာ အဆင်မှာ ပန်းပွင့်နှင့် လိပ်ပြာဖြစ်လေသည်။
သားရေပြားကိုမူ စိတ်ရှုပ်ရှုပ်နှင့် အဖြူရအောင် ရှာရသည်။ “ဘာဖြစ်သလဲ မသိပါဘူး”ဟု စိတ်ရှုပ်သည်။
ညတိုင်းမှာလည်း အိပ်မက်တွေ ဝေနေသည်။
အိပ်မက်ထဲမှာ သားကလေး မွေးပြန်သည်တဲ့။ ကိုယ့်ဝမ်း ဗိုက်ကို
ငုံ့ကြည့်ပြန်တော့ လေးလံဆဲပင်ရှိ၏။ အိပ်မက်ထဲမှာ ဆက်၍ စိတ်ရှုပ်နေပြန်လေသည်။
ထိုအိပ်မက်ကို သုံးလေးခါမျှဆက်၍ မက်မိလျှင် မမြသစ် သည် ကတောင်ချောက်ချား
ဖြစ်ခြင်း တစ်ရပ်တိုးသည်။
“သားရေ”ဟု ခေါ်လိုက်လို့ သားဦးက ”ဂျာ”ခနဲ
ထူးစဉ် အပြင်မှာ တကယ်လည်း မရှိသောအရိပ် တစ်စုံတစ်ခုသော အယောင်ကို
ကျန်သေးသလိုရှာဖွေလေ၏။ ထိုအရိပ်အယောင် သည် တဖြည်းဖြည်းနှင့် ရင့်မာလာသည်။
အနီးအနားမှာ ၀ဲလည်ရစ်ခွေနေသည်။ ထိုအရိပ်အယောင်သည် မြ၏ ကလေး စင်စစ် ဖြစ်လည်း
သားသားလည်း မဟုတ်။ ၀မ်းထဲက သမီးလေးလည်း မဟုတ်။ တစ်ခါတစ်ရံ သေနတ်တု စစ်သား
ရုပ်နှင့် ကစားဟန်ပင် ထင်မြင်မိ၏။ မျက်စိက မြင်သမျှ စက်ဝန်းနှင့်
မငြိတငြိနေရာမှာ ခြေထောက်ကလေး ဆင်းကာ ထိုင်ဟန်ပင် တွေ့၏။ မိခင်သာ နားလည်သော
ကလေး၏ ဘသာစကားနှင့် ကြားအောင်လည်း ပြောသေး၏။ “မင်း ဘယ်ကလာသလဲသား၊
ဘယ်တုန်းက လာသလဲ” ဟု မေး မြန်းရင်း ကြောက်ရွံ့ခြင်းတော့ လုံးဝမဖြစ်။
မောင့်ကို ပြောမိလျှင် ပူပင်သော အမူအရာကို တွေ့ သည်။ ထို့ကြောင့်
ရယ်မောလိုက်လျှင် ရယ်မောခြင်း ဟိုကို သွားကာ “နှစ်ယောက် ဖြစ်နေသလားမှ
မသိဘဲ”ဟူသော စကားကို ကြားလေသည်။ “မဟုတ်နိုင်ပါဘူး။ မြမှာရော
မောင့်မှာရော မျိုးလည်း မရှိ၊ နီးနီးစပ်စပ်တောင် မကြုံစဖူး။ အနီးစပ်ဆုံးဆို
ငှက်ပျော သီးမြွာ၊ လိမ္မော်သီးမြွာ စားတာပဲ ရှိတယ်။ ဒါပေမဲ့ ခြေလက် အားလုံး
ခြောက်ချောင်းလောက်များ ရှိမလား မသိဘူး။ ဗိုက်ထဲမှာ ရှုပ်နေတာပဲ။ ဟောဒီ
ညာဘက်မှာ ဒူးခေါင်းလေးတွေ၊ တံတောင်ဆစ်လေးတွေ ချွန်လာ ဖောင်းလာတုန်း
ဘယ်ဘက်မှာ ကန်ကျောက်နေသေးတယ် မောင်”ဟု မမြသစ်သည် ဆက် တိုက်ပြောကာ
မောသွားသည်။
“ကလေးက သိပ်ထွားမလား မသိဘူး”ဟု မောင်က ပူပန်လျှင်.... “မသိပါဘူး”ဟု သူလည်း ပူပန်သည်။
သားဦးလေးတုန်းကလည်း သိပ်ခက်တာနော်။ ဒါတောင် ခြောက်ပေါင်တိတိရှိရုံပဲ။
အဲဒီတုန်းက ဝေဒနာတွေကို မေ့ထား သည်။ အကြောင်းမူကား ကိုယ်တကယ် လိုချင်သည့်
သမီး လေးကို မကြောက်မလန့်မွေးချင်သည်။ စိတ်အေး လက်သန့် လိုချင်သည်။
သို့သော် နောက်ဆုံးတစ်ကြိမ် ဆရာဝန်နှင့် တွေ့ခဲ့စဉ်က မကြည်လင်လှသော
အမူအရာကို ပြန်ပြောင်းသတိရလေသည်။ ပထမ အပ်ထားသည့် ဆရာဝန်က ဗြုန်းခနဲ
ပြောင်းရ သော် မမြသစ်သည် ဆရာဝန် ပြောင်း၍ ပြရပြန်သည်။
“သားဦးလား” “ဒုတိယကလေးပါ” “သားဦးတုန်းက လွယ်သလား၊ ခက်သလား” “ခက်တယ်။ ဗိုက်ကတောင် ခွဲထုတ်ရမလို ဖြစ်ပါသေး တယ်” ဆရာဝန်က စမ်းသပ်ပြီးသော် “အရင် ဆရာဝန်က ဘာပြောသေးလဲ”ဟု အမှတ်မထင်ဟန်နှင့် မေး၏။
“ဘာမှမဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ” “ဘာမှ မဖြစ်ပါဘူး။ အားလုံး ကောင်းပါတယ်”
မမြသစ်သည် စိတ်စနိုးစနောင့် ဖြစ်မိသေးကာ “ကလေး အနေအထားမှန်ရဲ့လား
ဒေါက်တာ”ဟု မေးလျှင် “မပူပါနဲ့ ကောင်းပါတယ်”ဟု အလွယ်တကူ ပေးသော အဖြေကို
ရလေသည်။ သူ့အနားမှာ ပျံဝဲသည့် ကလေးအကြောင်းကို ပြောပြရ မည်လားဟု စဉ်းစား၏။
ရယ်စရာကြီး ဖြစ်နေမည်ထင် သည်။ ပြီးတော့ ဘယ်လို ရှင်းလင်းအောင်
ပြောရပါ့မလဲ။ သည်ကလေးရိပ်ဟာ မွေးတော့မည့် သမီးကလေးမှအပ ဖြစ်သည်ဆိုတာကို
နားလည်အောင်ပြောလို့ မတတ်၊ ရယ်စ ရာကြီးပဲ ဖြစ်လိမ့်မည်။ ပြီးတော့ ကိုယ့်ကို
အထင်လွဲစရာ တွေ ဖြစ်ပေါ်လာချင်လာမည်။ မောင်ကတောင် “မြ ခေါင်း
ရှုပ်သိပ်မခံနဲ့ စိတ်အေးအေးနေ”လို့ ပြောလျက်နေပြီ။ သို့ရာတွင် အရိပ်ကလေးသည်
ဘေး၌ အမြဲရှိသည်ကို ပို၍ ထင်ရှားစွာ ခံစားနေရသည်။
“မြ ဦးနှောက်ထဲမှာ ဘာရောဂါမှ မရှိပါဘူး”ဟု သူပြော ခဲ့သည်။ မောင်က စိုးရိမ်ပူပန်လည်း သူသည် ပျော်ရွှင်မြဲပင်။
“ညက မြ ဘောလုံးတွေ ၀ယ်တယ်လို့ အိပ်မက်မက်တယ်”ဟု အရေးကြီး ပြောလျှင် မောင်သည် ပြုံးကာသာနေ သည်။
“ပြီးတော့ လေနတ်မောင်ကလေးက အကုန်ဖောက်ပစ်တယ်။ သူ့ကို ပွေ့လို့ချီလို့ရတယ်။
သူနဲ့ကစားလို့ ရတယ်။ သူ့ မျက်နှာတော့ မြင်လို့ မရဘူး။ သူက စကားလည်း
ပြောတတ်တယ်။ မသဲကွဲ မပီသပေမဲ့ မြ နားလည်တယ်”
မောင်က “မြ ဘာတွေ ပြောနေတာလဲ”ဟု မေးသည်။
“အိပ်မက်ထဲမှာတင် မဟုတ်ဘူး။ အပြင်မှာလည်း ရှိ တယ်။ အခုကိုရှိတယ်။
ဟောဟိုနားမှာ”ဟု မြက ရေဒီယိုဆီသို့ လက်ညှိုးထိုး၍ ပြသော် မောင်က “မြဟာ
ယောက်ျားလေး မွေးမှာပဲ။ လိုချင်တာက မိန်းကလေး ဖြစ်နေပြန်တော့ အဲဒီလို
ဖြစ်နေတာ”
“မဟုတ်ဘူးမောင်”ဟု ခိုင်မြဲစွာ ပြော၏။ အ၀တ်နက်ကို
ခြုံသည့် ဘုန်းကြီးနှင့် တွေ့သော လူတစ်ယောက်အကြောင်း ကို ရှရှားစာရေးဆရာ
ချက်ကော့ရေးတာ သွားသတိရသည်။ အနည်းငယ် ထိတ်လန့်၏။ သို့သော် သူက လက်ဆုပ်လက်
ကိုင် ပြစရာမရှိဘူး။ မြက ဟောသည်မှာ ရှိတယ်။ ဟုတ် သည်။ မမြသစ်သည်
ကြမ်းပေါ်၌ပင် မထိုင်နိုင်ပြီ။ ၀န်လေး လှပြီ။ သားသားနှင့်လည်း
မကစားနိုင်ပြီ။ အထိန်းနှင့် သက် သက်လွှဲထားရ၏။ သူကတော့
အိပ်ရာချည်းလှဲနေချင်ပြီ။ ညနေ ကို လမ်းမလျှောက်ချင်ပြီ။
အညောင်းပြေ
အနှိပ်ခံလျှင် မိန်းမကြီးက ပြောသည်မှာ “အစ်မကလေးက နီးလှပါပကော။ ကျွန်မတော့
ရက်ပိုင်း လောက်ပဲလိုတော့တယ် ထင်တယ်”ဟု ပြောသည်။ “ကဲ ကဲ မှန်းစမ်းပါဦး။ ဘယ်နေ့တုံး။ မှန်ရင် လုံချည် တစ်ထည် ၀ယ်ပေးမယ်”ဟု ပြောသော်....။
“နေဦး အစ်မကလေးရဲ့။ အင်း ဒီလိုတော့ နောက်သုံး ရက်တောင် အလွန်ဆုံးပဲ
ခံမယ်။ ဒီနေ့ ဘာနေ့တုံး။ စနေဟုတ် လား။ ဒီတော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့ပေါ့၊
အင်္ဂါနေ့ပဲ”
ဆရာဝန်တွက်ထားသော မွေးရက်မှာလည်း အင်္ဂါနေ့ ပေါ်ကျသည်။
မမြသစ်သည် ဘာမှမပြောဘဲ မိန်းမကြီး ကြိုက်မည့် ပါတိတ်လုံချည်ဆင်ကို
စဉ်းစား၏။ အရောင်ကို စဉ်းစား၏။ ထို့နောက် ယခုတစ်လော ပျောက်ကွယ်နေသည့် ကလေး
အရိပ်ကလေးကို သတိရ၏။ ရုပ်ခန္ဓာက အနေမသာ ၍လား မသိ။ ရစ်ဝဲ ပျံသန်းနေကျ
ရင်သွေးပင် ဘေးပတ် လည်မှာ မှေးမှိန်နေသည်။ ဘယ်မှာ သွားပြီး အိပ်ပျော်နေသလဲ
ကွယ် ကလေးရယ်။ ဒဏ္ဍာရီ ပုံပြင် စာအုပ်ကြားမှာလား၊ တိမ် တိုက်စွန်းက
မိုးစွေငှက်ရဲ့ အတောင်ဖျားမှာလား။ ကလေးအခု ဘာယောင်ဆောင်ပြီး နေသလဲ။ ကလေး
လူယောင်ဆောင် နေတယ်ဟုတ်လား။
အင်္ဂါနေ့သို့ ကူးလို့မှ နာရီမကြာခင်
မမြသစ်သည် သမီး ကလေး မွေးသည်။ အလွယ်တကူရှိလှသည်။ ဆေးရုံဝင်းထဲ တွင်နေသော
ဆရာဝန်ကားနှင့်လာသည်ပင် မမီချေ။ “မိန်းကလေးရှင့် လှလှကလေး။ ဖြူလည်းဖြူမယ်။
အခုတော့ ရဲထွတ် နေတာပဲ”ဟု ဆရာမက ပြောသည်။
မမြသစ်သည် အကျေနပ်ကြီး
ကျေနပ်သည်။ “လှတယ် လို့ ဘယ့်နှယ်ပြောနိုင်သလဲ ငယ်ငယ်ကလေးကို”ဟု မေးလျှင်
ဆရာမက “ပြောနိုင်တာပေါ့။ ငယ်ငယ်ကလေးတွေချည်းကြည့် နေတာ။ လှမလှ
ရွေးတတ်ပြီပဲ”ဟု သင့်တင့်လျောက်ပတ်စွာ ဖြေသည်။
“ထွားလားဟင်” “မထွားလှဘူး။ စကား သိပ်မပြောနဲ့ မောမယ်”
“မမောပါဘူး”ဟု ပြောသော်လည်း သက်ပြင်းချလိုက် ရသည်။
“မောလာရင်ပြောနော်။ အောင့်မနေနဲ့နော်”
ဆရာမသည် ကလေးကို တခြား ဆရာမသို့ ပြောင်းပေး လိုက်ပြီး မမြသစ်
နားမှာပင်နေသည်။ ဂလူးကို့စ် ဖျော်တိုက် သေးသည်။ ပြီးတော့ မခွာဘဲ ကပ်နေတာ
“မောသလား မောသလား”လို့ မေးသေးသည်။
“သိပ်ဂရုစိုက်တတ်တဲ့ ဆရာမပဲ။ သားဦးလည်း မဟုတ် ဘဲနဲ့ ကံကောင်းလိုက်တာ” စဉ်းစား၏။
ဆရာမသည် ကလေး ရေချိုးပေးနေရာသို့ လှမ်း၍ စကားပြောသည်။ ကရင်လိုပြောတော့
တစ်လုံးမှ နားမလည်။ ဒေါက်တာ တယ်လီဖုန်း စသည့် စကားများတော့ ပါသည်။ ဟော
ပြောရင်းပင် ဆရာဝန် ၀င်လာသည်။ ကိစ္စပြီးမှ သူ့ကို ကြည့်ရှု စမ်းသပ်
ပြီးသွားလိမ့်မည် ထင်သည်။ သို့သော် ဆရာဝန်သည်လည်း ဆရာမ ကဲ့သို့ပင်
အနား၌ကပ်ကာရပ်၏။ “မောသလား”လို့ မေးသေးသည်။
နည်းနည်းဆန်းတယ် ဆိုရမလား။
သမီးလေးဆိုတော့ သိုးမွေး ၀တ်စုံပန်းရောင်လေးကို မှာရမည်။ အဖြူရောင်ချည်း
အင်္ကျီကလေးတွေ ချုပ်ထားတာ ကလေးက လှတယ်။ ဖြူတယ်ဆိုတော့ အတော်ပဲ။ ဆေးရုံ
ကဆင်းမှ ကလေးခြုံတဲ့ ဇာခြုံစောင် ထိုးရမည်။ အပွင့်ကြီး ကြီး အနားဇာ
တွန့်တွန့်ထိုးမည်။ နှစ်ချောင်းထိုးက ပိုပြီးလှ တတ်တယ်။ သို့သော်
တစ်ချောင်းထိုး မြန်တယ်။ ဘယ်အပ် နဲ့ ထိုးရပါ့မလဲ။
မမြသစ်သည်
ပျံဝဲတတ်သော ကလေးအကြောင်းကို လုံးလုံးမေ့နေ၏။ အက်ႌစံု အျပာကေလးကို
သတိရလျက်နှင့် သားဦးလည်း မဟုတ်။ ခုမွေးသည့် သမီးလည်း မဟုတ်။ သူ့သညာ၌ အရင်က
ထင်လာသော ကလေးသေနတ်တု။ စစ်သားရုပ်တုတို့နှင့် ကစားဟန်မြင်ရသဖြင့် ယောက်ျား
ကလေးလို့ ယူဆရသည့် ရင်သွေးကို မေ့ပျောက်နေမိသည်။ လုံးဝ မဆက်စပ်သလိုနေသည်။
ဆရာဝန်က ဆေးတစ်လုံးထိုးသည်။
နာရီဝက်လောက် ကြာပြီထင်သည်။ ဘာဖြစ်လို့ အိပ်ရာ ကို ပြန်မပို့ကြသေးတယ်မသိ။
သူကတော့ အိပ်စင်ပေါ်မှာ မီးလုံးကြီးများ လင်းထိန်နေတာရယ်၊ ဆရာဝန် ဆရာမတို့
အဖြူရောင် အ၀တ်ရယ်၊ မေ့ချင်စရာ ကောင်းသော ဆေးနံ့ရယ်၊ တိုင်ကပ်နာရီမှ
ရင်ထဲမှာ လာမြည်နေသလို တချက်ချက်မြည် သံ၊ မျက်စိထဲမှာ စွဲနေသလို မည်းနက်သော
နာရီလက်တံ တစ်မိနစ်တစ်ခါ ရွေ့ဟန်ပြတ်သားပုံရယ် ဒါတွေကို သတိရ နေသော ဘ၀အသစ်
ပြောင်းခဲ့သလို ဖြစ်သည်။ တကယ်တော့ အူဝဲခနဲ ငိုသံကို မကြားခင် တဒင်္ဂနှင့်
ကြားမိသော တဒင်္ဂ ကြား၌ တစ်ကမ္ဘာ ကြာသော အချိန်ကာလသည် လေးလံစွာ
ချိတ်ဆွဲထားသလို တွဲလဲကြီးနေတာ အမှန်တည်း။
ဗိုက်ထဲက နာလာပြန်၏။
ဆရာဝန်နှင့် ဆရာမက ပြိုင် တူ “နာသလား”ဟု မေးကြဆဲ။ ခေါင်းသာ ညိတ်နိုင်ပြီး
ဘ၀ဟောင်းသို့ ပြန်ရောက်ပြန်သည်။ ချောက်ချားသော အိပ်မက်ဟောင်းများ
အသစ်တစ်ဖန် ဖြစ်ပြန်သည်။
အံ့သြလိုလိုနှင့် “ဘာလဲ၊ အဲဒါ ဘာလဲ”ဟု မေးဆဲ.... “အားတင်းထားနော် မကြောက်နဲ့” ဆရာမ ပြောလေသည်။
ကိုယ့်အသံပဲလား။ ဘယ်သူ့အသံလဲ မသိ ညံသော တစ်ကမ္ဘာ ကြာရှည်သော တွဲလွဲဆွဲသော အချိန်၌ နစ်ပြီး ဘွားခနဲ ဘ၀အသစ်ကူးလာပြန်သည်။ “နောက်တစ်ယောက်ကို ကျွန်မလည်း မသိပါလား။ ဒေါက်တာ ဘာဖြစ်လို့ မပြောသလဲ”ဟု မေး၏။
“စကားမပြောနဲ့နော်။ မောရင်တော့ ပြောနော်”
သို့သော် မမြသစ်သည် အားယူကာ “ဘာဖြစ်လို့ မပြောတာလဲ ဟင် ဟင်” ဟု မေးသေး၏။ “ရှင်က ခက်တတ်တယ်။ အားလည်းနည်းတယ်။ ကြောက်လည်း ကြောက်တတ်တယ်ဆိုလို့ မပြောဘဲ ထားတာ”
“မကြောက်ပါဘူး”ဟု သူက ဖြေ၏။ “ပြီးတော့ တကယ်တော့ ကျွန်မ သိပါတယ်။ ကျွန်မ ကလေးပဲ ကျွန်မ သိပါတယ်။ ယောက်ျား မဟုတ်လား”
“ဟုတ်တယ် ယောက်ျားလေး”
မမြသစ်သည် ကျေနပ်စွာ ပြုံးလေသည်။ ချက်ချင်းပင် မျက်လုံးများတော့
ဖွင့်လို့မရအောင် လေးလှသည်။ အိပ်ချင်မူး တူးဖြစ်သည်။ တစ်ကိုယ်လုံးလည်း
ခွေနုံးသွားသည်။ ဘေးက ဆရာဝန်၊ ဆရာမတို့သည် ညှပ်ထားသော လေလွင့်သော
သတင်းစာစက္ကူရုပ်များဖြစ်ကုန်သည်။ ပြီးတော့ဘေးမှာ မောင် လာ ထိုင်သလိုလို
ထင်သည်။ “မြသိပါတယ်။ ယောက်ျားလေး မို့ စစ်သားရုပ်နဲ့ ကစားတာပေါ့။
သိုးမွေးအင်္ကျီ အပြာလည်း ထိုးတာပေါ့။ စောင်နဲ့ သားရေပြားတော့ တစ်ခုစီ ထပ်ဝယ်ရ
မယ် ဆရာမရဲ့။ တကယ်ဆိုတော့ ယောက်ျားလေးက အကြီးပါ။ ကျွန်မ သူ့ကို အရင်
မြင်ဖူးတာပဲ။ ဆရာမ မသိပါဘူး။ ကျွန်မ သိပါတယ်။ မောင် မြ ပြောတာ မဟုတ်လား”
မမြသစ်သည် အိပ်ပျော်သွားလေ၏။ သို့သော် အိပ်မက် ထဲ၌ လူကလေး မလာတော့ချေ။
လူကလေးသည် ပုခက်ဖြူ ဖြူထဲ၌ တ၀ါးဝါးအော်ကာ ခြေကျောက်လက်ကျောက် လုပ်နေသည်။
အပေါ်က အုပ်ထားသော ဇာစကလေးသည် တလှုပ် လှုပ်နေလေသည်။ မမြသစ် နိုးလျှင်
စွေစောင်းကြည့်၍ မြင်နိုင်သည်။
ကြည်အေး (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|
No comments:
Post a Comment