ကမ္ဘာ့ထူးထူးခြားခြား ဖြစ်ရပ်များကြောင့် အိန္ဒိယသည် ဆော့ဖ်ဝဲ လောကတွင် ခေါင်းထောင်ထလာခဲ့ရသည်ဟု ဆိုနိုင်သည်။ အစဉ်အလာအရ လယ်ယာစိုက်ပျိုးရေး ဦးစားပေးခဲ့သည့်နိုင်ငံ ဖြစ်သော်လည်း နောက်ပိုင်းတွင် အကြီးစား စက်မှုလုပ်ငန်းများကို ကျော်လွန်ပြီး မထင်မှတ်သည့် ဆော့ဖ်ဝဲ ထုတ်လုပ်မှုဖြင့် ကမ္ဘာတွင် အဆင့်ချိတ်နိုင်ခဲ့သည့် နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ခဲ့ရသည်။
နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် GDP အရ ဒေါ်လာ ၃,၁၀၀ ခန့်အထိ တိုးမြင့်လာခဲ့ကြောင်း တွေ့ရသည်။ စာတတ်မြောက်မှု ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်းနှင့် ကျေးလက်နေပြည်သူတို့၏ ၆၅ ရာခိုင်နှုန်းကို အိုင်တီကဏ္ဍတွင် စွမ်းအားမြှင့်တင်နိုင်ခဲ့သည်က အိန္ဒိယကို လျှော့တွက်၍မရသည့် စာရင်းတွင် ပါလာစေခဲ့သည်။ အိန္ဒိယ၏ အသိဉာဏ်အခြေခံ နိုင်ငံခြားပို့ကုန် လုပ်ငန်းသည် ၂၀၁၀ ပြည့်နှစ်က ဒေါ်လာ ဘီလီယံ ၅၀ အထိ ရှိလာခဲ့သည်။
အိန္ဒိယစီးပွားရေး အဘယ့်ကြောင့် မမျှော်မှန်းနိုင်လောက်အောင် တိုးတက်သွားရသည်ဟု ထင်ပါသနည်း။ အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် နောက်ပိုင်းမှ လွတ်လပ်ရေးရခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့ဖြစ်ရာ အင်္ဂလိပ်အုပ်စိုးမှုအောက်တွင် ချာချာလည်ရင်း ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ရန် အတော်လေး ကြိုးစားခဲ့ရသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့သည်။
ကိုလိုနီကျွန်ဘ၀မှ လွတ်မြောက်ပြီးနောက် ပထမဦးဆုံး နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သည့် ဂျာဝါဟာလာ နေရူး လက်ထက်တွင် အိန္ဒိယနိုင်ငံရှိ ပြည်သူများကို နောက်ဆုံးပေါ် နည်းပညာများနှင့် ရင်းနှီးကျွမ်းဝင်စေရန် သင်ကြားပေးခြင်းသည်သာလျှင် နိုင်ငံအတွက် အကောင်းဆုံးဖြစ်လိမ့်မည်ဟု အမြှော်အမြင်ကြီးစွာဖြင့် ရှေ့ဆောင်လမ်းပြနိုင်ခဲ့သည်။
ယခုအခါ နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့ပြီဖြစ်သော်လည်း နေရူးလက်ထက်ကတည်းက ပုံသွင်းသွားခဲ့သည့် အိန္ဒိယ နည်းပညာ တက္ကသိုလ်ကြီးသည် အိန္ဒိယပညာရေးစနစ်ကို အရည်အသွေး အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ရှေ့ဆောင်နိုင်ဆဲ ဖြစ်ကြောင်း တွေ့ရသည်။ အိန္ဒိယနိုင်ငံ စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ကာလတွင် အိန္ဒိယနိုင်ငံသား အိုင်တီပညာရှင်များသည် နိုင်ငံရပ်ခြားများသို့ အလျှိုလျှိုထွက်သွားကြပြီး စီးပွားလည်းရှာ၊ ပညာလည်းသင်ရင်း ဘ၀များကို သွားရောက် မြှုပ်နှံခဲ့ကြသည်။
၁၉၉၁ ခုနှစ်သို့ ရောက်သောအခါ နိုင်ငံတွင် လုပ်ပိုင်ခွင့်များ လျှော့ပေါ့ပေးလာသည့် အခိုက်အတန့်နှင့် ကြုံတွေ့လာရသည်။ ထိုအချိန်က ဘဏ္ဍာရေးဝန်ကြီး မန်မိုဟန်ဆင်းသည် ရှုပ်ထွေးလှသည့် လိုင်စင်ကိစ္စများနှင့် ထိန်းချုပ်မှုများကို လျှော့ပေါ့ ဖယ်ရှားပေးခဲ့သည်။ ထိုအချိန်သည် နည်းပညာလောကတွင် ဂြိုဟ်တုစနစ်နှင့် ဖန်ကြိုးမျှင် ဆက်သွယ်ရေးစနစ်တို့ကလည်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွန်းလာသည့်ကာလ ဖြစ်နေသည်။
ရင်းနှီးမြှုပ်နှံမှုတွင် စတော့ဈေးကွက် ပွင့်လန်းလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကလည်း တိုးတက်လာသည်။ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးများသည် အိန္ဒိယနိုင်ငံ၏ လူသားရင်းမြစ်များကို မျက်စိကျလာကြသည်။ ဤသို့ဖြင့် အမေရိကန်နိုင်ငံရှိ နည်းပညာ မြို့တော် ဆီလီကွန်တောင်ကြားကဲ့သို့သော ဘန်ဂါလိုး ဆိုသည့်မြို့ကြီးတစ်မြို့သည် ဖြစ်ထွန်း ပေါ်ပေါက်လာခဲ့သည်။
ယနေ့ အိန္ဒိယနိုင်ငံတွင် အင်ဂျင်နီယာကောလိပ်ပေါင်း ၁၃၅၀ ကျော် ရှိပြီး၊ တစ်နှစ်လျှင် အင်ဂျင်နီယာဘွဲ့ရ သိန်းနှင့်ချီကာ မွေးထုတ်ပေးလျက် ရှိနေသည်။ ယမန်နှစ် Infosys ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လျှောက်လွှာပေါင်း ၁.၃ သန်းခန့် လက်ခံရရှိခဲ့ပြီး၊ လူ ၂၀၀၀၀ ကို အလုပ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။ ယခုအခါ အစိုးရအနေဖြင့် အိုင်တီပေါက်ကွဲမှုကို ထိန်းသိမ်းရန်အလို့ငှာ ကန့်သတ်မှုများရှိလာသဖြင့် ဒေလီလမ်းမကြီးပေါ်တွင် အဓိကရုဏ်းများ ပေါ်ပေါက်သည်အထိ ဖြစ်ခဲ့ရသည်။
ဆော့ဖ်ဝဲတော်လှန်ရေးသည် အလုပ်ရရှိရေးဆိုသည့် လမ်းကြောင်းကို ပြောင်းပြန်လှန်ပစ်လိုက်ချိန်တွင် နည်းပညာကလည်း လမ်းကြောင်းလိုက် ပြောင်းခဲ့ရပြန်သည်။ အိန္ဒိယနိုင်ငံသားများ၏ အာရုံတွင် ဆော့ဖ်ဝဲအစား အင်တာနက်နှင့် ဘရော့ဒ်ဘင်း နည်းပညာက ၀င်ရောက်စိုးမိုးလာသည်။ အရောင်းအ၀ယ်၊ ၀င်ငွေ၊ ထွက်ငွေ၊ အသုံးစရိတ် စသည့်ကိစ္စများသည် အင်ဂျင်နီယာများ တတ်နိုင်သည့် ကိစ္စများ မဟုတ်။ ၀ိဇ္ဇာပညာရှင်များသာ တတ်နိုင်သည့်ကိစ္စများ ဖြစ်သဖြင့် ၀ိဇ္ဇာဘွဲ့များလည်း ခေါင်းထောင်လာသည်ဟု ဆိုနိုင်သည်။
ပညာရေး၊ လူမှုရေးနှင့် တရိပ်ရိပ် တိုးတက်နေသည့် မိုဘိုင်း နည်းပညာသည် အိန္ဒိယသားတို့ကို ချွတ်ခြုံကျအောင်တော့ လုပ်နိုင်မည် မထင်ပေ။ မရှိမဲ့ ရှိမဲ့ဖြင့် မိသားစု စားစရာမရှိသည့် အခြေအနေ ဖြစ်သော်လည်း အခြေခံလိုအပ်ချက်သည် ပညာ ဖြစ်ကြောင်း သူတို့ ကောင်းစွာ နားလည်ကြသည်ဖြစ်သောကြောင့် လွတ်မြောက်ရာလမ်း မှန်းဆပြီး ကလေးတွေကို ပညာကောင်းကောင်း သင်ပေးကြသည်။
ပထမတန်း အဆင့်လောက်မှစပြီး အင်္ဂလိပ်စာကို မဖြစ်မနေ သင်ကြားရေးသည် အတော်လေး ခေတ်စားလာသည်။ သို့သော် အိန္ဒိယ မူလတန်းပညာသည် ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ အိန္ဒိယနိုင်ငံတွင် အသက် ၆ နှစ် ပြည့်သူတိုင်း မသင်မနေရ ပညာရေးစနစ်ကို သတ်မှတ်ထားသည်။ သို့သော် ရှေ့ဆက် ပညာသင်ကြားနိုင်မှု ရှိ မရှိ ဆိုသည့် ပညာခေတ်၏ စိန်ခေါ်မှု တစ်ရပ်ကို သူတို့လည်း ရင်ဆိုင်နေကြရသည်။
အိန္ဒိယ ပညာရေးတွင် ရင်ဆိုင်နေကြရသည့် အခြား ပြဿနာတစ်ရပ်မှာ အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် လွတ်လပ်သည့် လူနေမှု ပုံစံကြောင့် အတော်လေး အကျိုးများခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လွတ်လပ်သော ဒီမိုကရေစီဝါဒ ကို အလေးပေးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် မီဒီယာတို့၏ အကူအညီဖြင့် အပြန်အလှန် ဝေဖန်ခွင့်ရှိသော၊ ဆွေးနွေး ငြင်းခုံခွင့် ရှိသော နိုင်ငံကြီးတစ်နိုင်ငံလည်း ဖြစ်လေရာ အာဏာ အလွဲသုံးစားမှု၊ အကျင့်စာရိတ္တ ပျက်မှုတို့ကိုလည်း ရက်ရက်စက်စက် မညှာမတာ ဝေဖန်ထောက်ပြခွင့်ရှိသော နိုငံလည်းဖြစ်သည်။
အစိုးရအနေဖြင့် လျှို့ဝှက်မှုများ၊ အကျင့်စာရိတ္တ ပျက်ယွင်းမှုများသည် မည်မျှရှိနေသည်ဆိုစေ၊ အိန္ဒိယတွင် အဆင့်မြင့် ပညာရေးနှင့် ပတ်သက်ပြီး ပြည်သူများ၏ စိတ်ဝင်စားမှု၊ အိုင်တီပညာကို လွတ်လပ်စွာ လမ်းဖွင့်ပေးထားမှုများကြောင့် သူ့နေရာနှင့်သူ ဟန်ကျပန်ကျ ရှိနေသည်ကတော့ အမှန်ပင် ဖြစ်သည်။
မည်သို့ဆိုစေ အိန္ဒိယသည် ဖွံ့ဖြိုးဆဲနိုင်ငံဘ၀မှ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတစ်နိုင်ငံဘ၀သို့ ခြေလှမ်းပြင်ရင်း နိုင်ငံ၏ ပညာရေး၊ နိုင်ငံ၏ အသိပညာတို့ဖြင့် ခေတ်မီ စီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်နေသည်ကတော့ အမှန်ပင် ဖြစ်သည်။
တင်ညွန့်
MAUKKHA
No comments:
Post a Comment