နယူးဇီလန်ရှိ North Island ကမ်းခြေအပန်းဖြေစခန်း Tauranga အလွန်ရှိ Astrolabe သန္တာကျောက်တန်းကို တိုက်မိပြီး အောက်တိုဘာလ ၅ ရက်မှစပြီး သောင်တင်နေခဲ့သော ကုန်တင်သင်္ဘောရီနာသည် ဇန်န၀ါရီလ ၈ ရက်က မုန်တိုင်းတိုက်ခတ် မှုအတွင်း ထက်ခြမ်းကွဲသွားခဲ့ကြောင်း သိရသည်။
ခုနစ်မီတာခန့်မြင့်သော လှိုင်းလုံးများ၏ ရိုက်ခတ်မှုခံရပြီးနောက် နှစ်ပိုင်းကွဲသွားသော ရီနာသင်္ဘော အပိုင်းအစနှစ်ခုသည် မီတာ ၂၀ မှ ၃၀ အထိခွဲထွက်သွားခဲ့ကြောင်း သိရသည်။ ရီနာကုန်တင်သင်္ဘော သောင်တင်နေချိန် တွင် ရေနံတန်ချိန် ၃၅၀ ခန့်သည် ပင်လယ်ထဲသို့ ဖိတ်စင်ခဲ့ပြီး အနည်းဆုံးငှက်ကောင်ရေ ၁၃၀၀ ခန့် သေဆုံးခဲ့သည်။ ယင်းသင်္ဘောပေါ်မှ ရေနံတန်ချိန် ၁၀၀၀ ခန့်ကို စုပ်ထုတ်ယူပြီး ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း သင်္ဘောပေါ်တွင် အများအပြား ကျန်နေသေးကြောင်း သိရသည်။ ယင်းကဲ့သို့ ရေနံများယိုဖိတ်မှုကြောင့် နယူးဇီလန်တွင် အဆိုးရွားဆုံး ရေထုညစ်ညမ်းမှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး မပျက်မစီးရှိနေသေးသော ကမ်းခြေများအထိ ပျံ့နှံ့ခဲ့သောကြောင့် ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းသင်္ဘောပေါ်မှ ကုန်သေတ္တာများကိုလည်း ရွှေ့ပြောင်းပေးခဲ့ပြီး မုန်တိုင်းမတိုက် ခတ်မီသင်္ဘောပေါ်တွင် ကုန်သေတ္တာအလုံး ၈၈၁ လုံး ကျန်ရှိနေသေးကြောင်း သိရသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကုန်သေတ္တာအလုံး ၃၀ ခန့်မှာ ရေစီးထဲမျောပါခဲ့ပြီး ပြန်လည်ရရှိဖွယ်မရှိကြောင်း၊ မုန်တိုင်းမှာ သုံးရက်ကြာသည်အထိ အားလျော့ဖွယ်မရှိကြောင်း နယူးဇီလန်အဏ္ဏ၀ါဗေဒထိန်းသိမ်းရေး MNZ မှ အပျက်အစီးများ စီမံခန့်ခွဲရေးမန်နေဂျာ ဒေးဗစ်ဘီလင်တန်က ပြောကြားခဲ့သည်။
ယင်းသင်္ဘောမှ ဖိလစ်ပိုင်နိုင်ငံသား ကပ္ပတိန်နှင့် တာဝန်ရှိသူတစ်ဦးတို့ကို မလိုလားအပ်သော ဘေးအန္တရာယ်ဖြစ်ပေါ်စေမှု အပါအ၀င် စွဲချက်မျိုးစုံဖြင့် စွဲဆိုထားပြီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံထားရမှု ပြစ်ဒဏ်ကို ၎င်းတို့က ပြင်ဆင်နိုင်ရန် ကြိုးပမ်းခဲ့သည်ဟု စွဲချက်များလည်း ရင်ဆိုင်နေရသည်။ ၎င်းတို့ နှစ်ဦးကို ရန်ပြုမှုရှိလာမည်စိုး၍ လျှို့ဝှက်တစ်နေရာတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
By EMG
No comments:
Post a Comment