မြိတ်ကျွန်းစုအတွင်းမှ ဒီရေတောများကို တွေ့ရစဉ်
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်းဒီရေတောများကို လေ့လာ ဆန်းစစ်ချက်များ လုပ်ဆောင်ခဲ့ပြီး ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းများအရ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီရေတောဧက ၁၆၅၄၇၁ ဒသမ ၇၄ဧက ခန့် လျော့နည်းသွားကြောင်း သိရသည်။ ၁၉၈၈ခုနှစ်တွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဒီရေတော ဧရိယာ ၆၄၇၅၇၁ ဧကရှိခဲ့ရာမှ နှစ်ပေါင်း ၂၀ အတွင်း ထုတ်ယူသုံးစွဲမှုများ ပြုလုပ်ပြီးနောက် ၂၀၁၀ ပြည့်နှစ်အတွင်း မှတ်တမ်းများ ပြုလုပ်ခဲ့အပြီး ဒီရေတော ဧရိယာ ၄၈၂၀၉၉ ဒသမ ၂၆ ဧက ကျန်ရှိတော့ကြောင်း သိရသည်။
''ကမ်းရိုးတန်းဂေဟစနစ်တွေ အရသော်လည်းကောင်း၊ ရေသတ္တ၀ါတွေရဲ့ပေါက်ဖွားခြင်း၊ အစာစားခြင်း၊ စောင့်ရှောက်ကြီးထွားခြင်းဆိုတဲ့ (ground)သုံးခုစလုံးဟာ လမုတောတွေမှာပဲ ရှိတယ်။ ရေသယံဇာတ တွေကို ထိန်းသိမ်းချင်ရင်လည်း လမုတော(ဒီရေတော)ကို ထိန်းသိမ်းဖို့ လိုသလို၊ ကမ်းရိုးတန်းနေလူတွေအတွက် သဘာဝဘေးတွေ၊ ဂေဟစနစ်တွေအတွက် လမုတောတွေကို ထိန်းသိမ်းဖို့လိုမယ်။ လမုတောဟာ ကမ်းရိုးတန်း နေပြည်သူတွေနှင့် ရေသယံဇာတတွေအတွက် အရေးကြီးနေတဲ့အတွက် မဖြစ်မနေ ထိန်းသိမ်းရမယ့်အရာထဲမှာ လမုတောတွေပါနေပါတယ်''ဟု အဏ္ဏ၀ါသိပ္ပံဘွဲ့ရ ကျောင်းသား တစ်ဦးက ပြောကြားသည်။
လမုတောများမှာ ကမ်းရိုးတန်းတစ်လျှောက်တွင် ပေါက်ရောက်နေခြင်းကြောင့် ပင်လယ်မှမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများကို ဖြိုခွဲကာကွယ်ပေးနိုင်ကြောင်း၊ ဒေသတွင်း ငါးမှုန့်စက်ရုံများမှ လောင်စာလိုအပ်ချက် မြင့်မားလာခြင်းများကြောင့်လည်း လမုတောများကို လောင်စာအဖြစ် ထုတ်ယူသုံးစွဲမှု များပြားလာနေကြောင်း သိရသည်။
''မီးသွေးအလွန်အကျွံ ထုတ်ယူသုံးစွဲတာကြောင့်လည်း လမုတောတွေ ပျက်စီးရတဲ့အချက်တွေထဲက တစ်ခုပေါ့။ နောက်ပြီးစက်ရုံတွေက လိုအပ်တဲ့လောင်စာတွေကို လမုတောတွေ ခုတ်လှဲပြီးသုံးစွဲလို့ ပျက်စီးရတဲ့ပမာဏက ပိုများတယ်လို့ ထင်ပါတယ်။ စက်ရုံတွေကတော့ တစ်နှစ်ကို သုံးစွဲမှုပမာဏ ဘယ်လောက်ရှိတယ်ဆိုပြီး ခန့်မှန်းတင်ပြတာတော့ရှိတယ်။ ဒါပေမယ့် အမှန်တကယ်သုံးစွဲမှုနှုန်းက အများကြီး ကွာဟနိုင်တယ်'' ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
By EMG
No comments:
Post a Comment