Written by - မောင်တင်ဦး (မြောင်းမြ)
အာဏာ
ဘယ်သူ အာဏာရရ၊ ဘယ်သူ အုပ်ချုပ်အုပ်ချုပ်၊ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ ကောင်းစားမယ်ဆိုရင် ယူလိုက်စမ်းပါ။ အာဏာဆိုတာ ပြည်သူက ဆင်းသက်တယ်လို့ပြောတာ ကြားဖူးတာပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄ အရ ‘နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်’ တကယ်ဆို လက်တွေ့ဘ၀မှာ ဘယ်ပြည်သူကမှ အာဏာတစိုးတစိ မပိုင်ဆိုင်ပါဘူး။ ပြည်သူတွေအပေါ်ကိုပဲ အာဏာတွေသက်ဆင်း (တက်ဖိ) နေတာပါပဲ။
ပြည်သူတွေက အာဏာကို ငမ်းငမ်းတက် စိတ်မ၀င်စားလို့ ကိုယ့်လယ်လေးကိုထွန်၊ ကိုယ့်မြေလေး ကိုယ်စိုက်ပျိုး၊ ကိုယ့်ဘ၀ စားဝတ်နေရေး ဖူလုံဖို့အတွက် လှုပ်ရှားရုန်းကန်ရင်း အချိန်တွေကုန်၊ ဘ၀တွေ နေညိုကုန်ကြတာပါ။ ဆရာတင်မိုးထံမှ စကားလုံးအချို့ ငှားသုံးရရင် ဆေးလိပ်လည်းတို၊ နေလည်းညိုကုန်ကြပါပြီ။
အဲဒီလို ကိုယ်မမက်မောတဲ့ အာဏာက ကိုယ့်ဆီကို အင်အားနဲ့၊ တုတ်နဲ့ဓားနဲ့၊ ဘူဒိုဇာနဲ့ ၀င်ရောက်လာတော့ အာဏာဆိုတာကြီးကို ကြောက်လန့်တကြား မော့ကြည့်ရပါတော့တယ်။ အာဏာဆိုတာ ဘာကြီးလဲ။ ဘုမသိဘမဘိ မေးခွန်းထုတ်ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာရှင်ဆိုတာလည်း ရှိသေးဆိုပဲ။ သာမန်အာဏာနဲ့ တင်ကြောက်နေကြရတဲ့ ဘ၀မှာ အာဏာရှင်ဆိုတာကြီး ပေါ်လာတော့ ပြည်သူတွေခမျာ ကြောက်ရလွန်းလို့ နေစရာတောင် မရှိတော့ပါဘူး။
အဲဒီအာဏာရှင်ကြီးက ကိုယ့်ဘာသာ လယ်ထွန်နေရင်းလည်း အဲဒီလယ်ကို နိုင်ငံပိုင်လယ်ဆိုကာ လယ်ထွန်နေသူတွေကို ကျူးကျော်သူလို့ သတ်မှတ်သမုတ်ပြီး ဖယ်ရှားမောင်းထုတ်ပစ်ပါတယ်။ စက်ရုံဆောက်မှာလိုလို၊ ဟိုတယ်ဆောက်မှာလိုလို၊ လေယာဉ်ကွင်းဆောက်မှာလိုလို၊ ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်မှာဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံတွေကို အဓမ္မဖယ်ရှားပြီး မြေကိုသိမ်းပိုက်ကြပါတယ်။
အချိန်ကြာတာနဲ့အမျှ ပြည်သူမေ့လောက်တော့မှ တစ်ယောက်လက် တစ်ယောက်လွှဲရင်း မြေဈေးတွေကစားကာ ဈေးတွေအဆမတန် တက်ကုန်ကြတော့တာပါပဲ။ အဲဒီလို ဈေးတက်လေလေ မြေတွေအဓမ္မသိမ်းမှု များလေလေ ဖြစ်လာပါတယ်။ အာဏာရှင်တွေ အကြိုက်တွေ့လေလေပေါ့။
စင်စစ် ပြည်သူက ဘာများတတ်နိုင်ဦးမှာလဲ။ လက်နက်ရှိသူ၊ အာဏာရှိသူ၊ ငွေကြေးကြွယ်ဝသူ၊ အရှိန်သြဇာကြီးမားသူကို သာမန်ပြည်သူက ဘယ်လိုတောင့်ခံနိုင်မှာလဲ။ မတတ်သာတဲ့အဆုံး အာဏာရှင်နဲ့ဝေးရာ၊ အာဏာရှိသူနဲ့ဝေးရာ လွတ်ရာကျွတ်ရာ ထွက်ပြေးကြရုံမှအခြား မရှိတော့ပါ။
၁၉၆၂ မှ ယနေ့တိုင် အာဏာရသူများ
ဒီလိုနဲ့ ၁၉၆၂ ခုနှစ်ကစပြီး အာဏာကို ခြယ်လှယ်ချုပ်ကိုင်လိုသူတွေက အာဏာသိမ်းလိုက်ပါတယ်။ အဲဒီအချိန်ကစလို့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ သေးသိမ်လာပါတယ်။ အုပ်ချုပ်သူလူတန်းစား သို့မဟုတ် အုပ်ချုပ်ခွင့်ရ လူတန်းစားတို့ရဲ့ စိုးမိုးခြယ်လှယ်မှုဟာ တဖြည်းဖြည်း ပြည်သူတွေကို အုပ်ချုပ်ရေးကိစ္စ၊ နိုင်ငံရေးကိစ္စတွေနဲ့ ဝေးရာမှာ ချောင်ထိုးထားခဲ့ပါတယ်။ စစ်တပ်ရေးရာနဲ့ နိုင်ငံတော်လုံခြုံရေး ကိစ္စတွေမှာ တပ်မတော်ဟာ သူ့ဘာသာ စီမံခန့်ခွဲပါတယ်။ အရပ်သားပြည်သူရဲ့ ပူးပေါင်းကူညီမှု၊ ပါဝင်ဆောင်ရွက်မှု မရှိခဲ့၊ မရခဲ့ပါဘူး။ အရွယ်မရောက်သေးတဲ့ ကလေးစစ်သားများကို နိုင်ငံတကာက ဖိအားပေးမှုကြောင့် အရပ်ထဲပြန်အပ်တဲ့ သတင်းတွေ ထွက်ပေါ်လာမှ စစ်တပ်ထဲ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် မည်မျှများပြားနေမှန်း သိသာစေပါတယ်။
အဲဒီလို စစ်တပ်က သူ့အစီအမံနဲ့ သူ့ဘာသာ အုပ်ချုပ်လာတဲ့အတွက် ပြည်သူနဲ့ ဘယ်လောက်သဟဇာတ ဖြစ်ခဲ့ပါသလဲ။ အရပ်ဘက် ကျင့်ဝတ်စည်းကမ်းတွေ လျစ်လျူ ရှုခံရပြီး စစ်တပ်ပုံစံသွင်းလာခဲ့တဲ့ အရပ်ဘက်မြို့ပြ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ တိုးတက်လာပါသလား။ ယိမ်းယိုင်ပြိုလဲ သွားပါသလား။
ပညာရေးလောက အတွေးမကြွယ်တဲ့ ဆရာမတွေနဲ့ စစ်တပ်အုပ်ချုပ်မှုပုံစံကို ပုံတူကူးချလို့ ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်း (creativity)၊ တီထွင်နိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ကျဆင်းလာပြီး အလွတ်ကျက် ပညာရေးစနစ်တစ်ရပ် ထွန်းကားလာပါတယ်။ ခိုးချပညာရေး ပေါ်ထွက်လာပါတယ်။ ဒါမေး၊ ဒါဖြေ ပုံသေရိုက်သွင်းထားတဲ့ သင်ကြားသင်ယူပုံစံ ဖြစ်လာပါတယ်။
ဆရာပြောသမျှ အဟောဝတမှန်လေစွလို့ သင်ကြားသင်ယူပုံစံ၊ ဆရာအားကိုး ဆရာဗဟိုပြုစနစ်၊ ဆရာကြီးဝါဒတွေဟာ ပညာရေးလောကထဲမှာ လွှမ်းမိုးနေပါတော့တယ်။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ တစ်ဖက်ပိတ် (ဆလင်ဒါပုံစံ) တစ်လမ်းသွားစနစ်တွေဟာ ပညာရေးလောကလို လွတ်လပ်စွာပြောကြား၊ တွေးကြံအားထုတ်ရမယ့် အလေ့အကျင့်ကောင်းများကို ဖယ်ထုတ်ရှင်းလင်းလိုက်ပြီး ခေါင်းညိတ်လက်ပိုက်ဘ၀နဲ့ ကြီးပြင်းလာရပါတယ်။
ထို့အတူ အခြားအခြားသော ရုံးဌာနများ၊ ၀န်ထမ်းလောကထဲမှာလည်း စစ်တပ်ကလို အဆင့်လိုက် အမိန့်နာခံတဲ့ အလေ့အထတွေကို ကျင့်သုံးစေပါတယ်။ ဗဟိုဦးစီးစနစ်ကျင့်စဉ်ကို သွတ်သွင်းရုံသာမက လူပုဂ္ဂိုလ်ကိုယ်တိုင် ပါဝင်ပတ်သက်လာပါတယ်။ စစ်တပ်ထဲမှာ အရာခံဗိုလ်မှအစ ဗိုလ်ကြီး၊ ဗိုလ်မှူးများကို အရပ်ဝတ်ပြောင်း၍တစ်သွယ်၊ စစ်တပ်ရာထူးမစွန့်ဘဲ အရပ်ဘက်ရုံးဌာနမှာ ဗြောင်ဝင်ထိုင်ပြီး ရုံးဌာနကို စစ်တပ်လို အုပ်ချုပ်ကျင့်သုံးပါတယ်။
လုပ်ငန်းသဘောသဘာဝအရ နယ်ပယ်ကျွမ်းကျင်သူရဲ့ ပြောစကားအကြံဉာဏ်၊ ပညာရှင်တို့ရဲ့ သီအိုရီအကြံဉာဏ်၊ လက်တွေ့လုပ်ငန်းခွင်မှ ပုဂ္ဂိုလ်တို့ရဲ့ လိုအပ်ချက်ပြောစကား အကြံဉာဏ်ကို နားထောင်ခြင်း၊ တောင်းခံခြင်းမပြုကြဘဲ အထက်အရာရှိရဲ့ အမိန့်သြဇာအတိုင်း အကောင်အထည်ဖော်ပေး ကြရပါတယ်။ ရှေ့ပြေးစမ်းသပ်ချက်လုပ်ဆောင်ခြင်း၊ သုတေသနပြုခြင်း၊ လုပ်ငန်းမစတင်မီ ညှိနှိုင်းဆွေးနွေးခြင်း၊ အကျေအလည်ဆွေးနွေးခြင်းဆိုတဲ့ လုပ်ငန်းသဘာဝတွေပျောက်ပျက်ပြီး အဖွဲ့ခေါင်းဆောင်ဆိုသူရဲ့ အလိုကျ အကောင်အထည် ဖော်ပေးနေခဲ့ရပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုသူကလည်း လတ်တလောပြုလုပ်မယ့် လုပ်ငန်းသဘာဝနဲ့ ကိုက်ညီမယ့်သူကို ရွေးချယ်ခန့်ထားတာ မဟုတ်ပါဘူး။ ရာထူးအလိုက် ခေါင်းဆောင်ခန့်တာ ဖြစ်လေတော့ ကျွမ်းကျင်သူရဲ့ အကြံဉာဏ်ဟာ ထိရောက်မှု မရှိတော့ပါဘူး။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်။ ဆင်ခြေဆင်လက်တွေ မကြားချင်ဘူး။ အကောင်အထည်ဖော်ဆို ပြောတဲ့အတိုင်းလိုက်လုပ် အကောင်အထည်ဖော်တာပဲ မြင်ချင်တယ်။ ကြက်ဆူပင်စိုက်ဆိုစိုက်။ ထိုစဉ်က ဌာနဆိုင်ရာတိုင်း၊ ရပ်ကွက်တိုင်းက လိုက်စိုက်ကြပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကလည်း ကြက်ဆူပင်စိုက်တဲ့ အစီအစဉ်ကို ငွေကြေးအကုန်အကျခံကာ ရိုက်ကူးတင်ဆက် ပြသကြပါတယ်။ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ အကျင့်က ၀န်ထမ်းလောက တစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။
တိုင်းပြည်ကောင်းစားခဲ့ပါသလား
ပြည်သူတွေက ခိုင်းတာလုပ်ပေးလိုက်တာပါပဲ။ ဘာမှ အထွန့်မတက်တော့ပါဘူး။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ကျန်းမာရေး နိမ့်ကျလာပါတယ်။ ပညာရေး နိမ့်ကျလာပါတယ်။ ၀န်ထမ်းတွေ အကျင့်ပျက်လာပါတယ်။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ကြီးထွားလာပါတယ်။ ပြည်သူတွေရဲ့ လူမှုရေးစိတ်ဓာတ်တွေ ခေါင်းပါးလာပါတယ်။ တစ်ဦးကိုတစ်ဦး ကူညီတတ်တဲ့ ကောင်းမြတ်တဲ့စိတ်ဓာတ်၊ မျှဝေပေးလိုတဲ့ (Sharing) စိတ်ဓာတ်၊ သားသမီးဝတ္တရား၊ မိဘ၀တ္တရားတွေ ပျက်ပြားလာပါတယ်။ လူနေမှုဘ၀ အဆင့်အတန်းဟာ ကမ္ဘာ့အဆင့်အတန်း မဆိုထားဘိ အာဆီယံနိုင်ငံမှာပင် အနိမ့်ဆုံး ဖြစ်လာပါတယ်။ ယဉ်ကျေးမှုမြင့်မားဖို့ ဆောင်ရွက်ရာမှာ ဘာသာတရားတစ်ခုတည်းက ဆောင်ရွက်လို့ မရနိုင်ဘူးဆိုတာ သိသာထင်ရှားလာစေတဲ့ လက်တွေ့ဖြစ်ရပ်တွေပါ။
အာရှချန်ပီယံဖြစ်ခဲ့တဲ့ မြန်မာ့ဘောလုံးအသင်းဟာ ခုတော့ လာအိုလို အသင်းမျိုးကိုနိုင်အောင် အတော်ရုန်းကန် နေရပါတယ်။ အာရှပြေးခုန်ပစ် ချန်ပီယံတွေဖြစ်ခဲ့တဲ့ ရှင်ဗွေးဂန်း၊ မီးတုန်နော်၊ မမိုးစံတို့နေရာ ဘယ်သူမှ အစားထိုး မရခဲ့ပါဘူး။ ၀၀လင်လင် စားသောက်မထားရတဲ့ ညောင်နာနာကိုယ်ခန္ဓာနဲ့ လက်သီးလက်မောင်းတန်းဖို့ ကြိုးစားပေမယ့် ချည့်နဲ့နဲ့ထွက်လာတဲ့ အသံက “မြန်မာပြည်သားဟေ့၊ မြန်မာပြည်သား”။
နိုင်ငံရေးမှာလည်း လူငယ်တွေမှာ နိုင်ငံရေးစိတ်ဓာတ် ပျက်ပြားကုန်ပြီး စာဖတ်ရှိန်ကျလာပါတယ်။ ရသစာပေဟာ ပျောက်ကွယ်လုမတတ် ဖြစ်လာပါတယ်။ နှစ်လုံးထီကို ပြောင်ပြောင်တင်းတင်း ရောင်းဝယ်၊ လျော်စားလုပ်နေတာ အာဏာရပုဂ္ဂိုလ်များ မသိကြတာလား။ မသိချင်ယောင်ဆောင်နေတာလား။ လူငယ်တွေ မှန်မှန်ကန်ကန် လုပ်ကိုင်စားသောက်ဖို့ထက် အလွယ်အချောင်လိုက်နေကြတာ အနာဂတ်အတွက် ရင်လေးစရာ ကောင်းလှပါတယ်။
သယံဇာတတွေကုန်၊ သစ်တောတွေ ပြောင်တလင်းခါ၊ မြစ်တွေပိတ်ဆို့ခံရ၊ မြေကြီးတွေ မူလပုံပျောက်၊ လယ်သမားတွေ လယ်ပျောက်၊ ယာသမားတွေ ဘ၀ပျက်၊ တရုတ်မယားဖြစ်၊ စင်ကာပူမှာ အိမ်ဖော်ဖြစ်၊ ထိုင်းမှာ အောက်ကျနောက်ကျလုပ်ရတဲ့ အလုပ်သမားဖြစ်၊ မြန်မာဆို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ခံရတဲ့ အနှိမ်ခံဘ၀တွေ ဖြစ်ကုန်ကြပါပြီ။ ကဏ္ဍစုံကို လေ့လာကြည့်တဲ့အခါ ဘယ်နေရာ ဘယ်ကဏ္ဍက တိုးတက်လာပါသလဲ။
အာဏာကို တရားသဖြင့်ယူယူ၊ မတရားသဖြင့်ဘဲသိမ်းသိမ်း တိုင်းပြည်ကောင်းစားအောင်လုပ်ချင်တဲ့ လုပ်နိုင်တဲ့လူ (လူစု)ဆိုရင် တိုင်းပြည်တင် မကပါဘူး။ ပြည်သူတစ်ဦးချင်းစီရော၊ ပြည်သူတစ်ဦးချင်းစီရဲ့ စိတ်ကိုပါ သိမ်းပိုက်လိုက်စမ်းပါ။ ကြည်ကြည်ဖြူဖြူပေးလိုက်ဖို့ ၀န်မလေးပါဘူး။ နှစ်ပေါင်း ၅၀ ကျော် ၆၀ အထိ သက်တမ်းမှာ ပြည်သူတွေ အလွန်စိတ်ရှည်စွာ၊ ကြောက်လန့်စွာ၊ သည်းခံရင်း အာဏာရပုဂ္ဂိုလ်တို့ အလိုတော်အတိုင်း နေပေးခဲ့ပါတယ်။ ဘယ်အသင်း၊ ဘယ်ပါတီကို ၀န်ထမ်းတွေ မ၀င်မနေရဆိုလည်း ၀င်လိုက်ကြတာပါပဲ။ ဘယ်နေ့၊ ဘယ်ကစားကွင်းထဲမှာ ဘာထောက်ခံပွဲ တစ်အိမ်တစ်ယောက် မတက်မနေရဆိုလည်း ပြည်သူတွေခမျာ မနက်မိုးလင်းကတည်းက ကွင်းထဲရောက်နေတာပါပဲ။ ဘယ်သူက ဘာမိန့်ခွန်းတွေခြွေနေမှန်း မသိပါဘူး။ ဒါတောင် တိုင်းပြည်က ကောင်းစားခဲ့ပါသလား။ ရိုးသားစွာ ဖြေပါလား။
ဒီလိုမျိုး အာဏာယူထားပြီး တိုင်းပြည်ကောင်းအောင် လုပ်မပေးနိုင်ဘူး၊ လုပ်မပေးချင်ဘူးဆိုရင်လည်း တိုင်းပြည်ကောင်းစားအောင် လုပ်နိုင်တဲ့ လုပ်ချင်တဲ့ပြည်သူကို ကြည်ကြည်ဖြူဖြူ လက်လွှဲပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတာတော့ ကမ္ဘာ့အလယ်မှာ တိုင်းပြည်ဟာ အလွန်နိမ့်ကျနေပါပြီ။ တိုင်းပြည်ကို ကယ်တင်မယ့် တိုင်းပြည်ကောင်းစားအောင်လုပ်ကြဖို့ အလွန်အရေးကြီးနေပါပြီ။ နေ့ရွှေ့၊ ညရွှေ့နဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းနက်လွန်းလာအောင် မလုပ်ကြပါနဲ့။ တိုင်းပြည်ကောင်းစားရေးထက် ဘာမှအရေးမကြီးဘူးဆိုတာ သတိဝင်ကြပါလို့။
စဥ့်ကိုင်မြို့နယ် အရှေ့ရွာသစ်ကျေးရွာအနီးရှိ သိမ်းဆည်းခံလယ်မြေများပေါ်တွင် ဒေသခံတောင်သူများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် (ဓာတ်ပုံ-အောင်သူ)
EMG
No comments:
Post a Comment