Friday, 25 October 2013
ဂျာမန်ဝန်ကြီးချုပ်၏ ဆက်သွယ်ပြောကြားမှုများ လျှို့ဝှက်ထောက်လှမ်းခြင်း မရှိဟု သမ္မတအိုဘားမား အာမခံ
ဝါရှင်တန်၊ အောက်တိုဘာ ၂၃
ဂျာမန်ဝန်ကြီးချုပ်မာကယ်၏ ဆက်သွယ် ပြောကြားမှုများကို လျှို့ဝှက် ထောက်လှမ်းခြင်း မရှိသလို ထောက်လှမ်းရန်လည်း အစီအစဉ်မရှိဟု အမေရိကန် သမ္မတအိုဘားမားက အာမခံပြောကြား လိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
ဂျာမန်ဝန်ကြီးချုပ်၏ တယ်လီဖုန်း ဆက်သွယ် ပြောကြားချက်များကို အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက ကြားဖြတ် နားထောင်နေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ အိုဘားမားနှင့် ဂျာမန်ဝန်ကြီးချုပ်တို့ တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။
“လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပူးပေါင်းရင်ဆိုင်နိုင်ရေး အမေရိကန်နဲ့ ဂျာမနီ အနီးကပ် ပူးပေါင်းဆောင်ရွက် နေတာတွေကို အရမ်းကို တန်ဖိုးထားပါတယ်” ဟု အိမ်ဖြူတော်က ပြောကြားသည်။
ထို့အပြင် လုံခြုံရေးနှင့် ပုဂ္ဂလိက သီးသန့် အခွင့်အရေးကြား မျှခြေရှိစေရန် ထောက်လှမ်းရေးသတင်း စုဆောင်းသည့် စနစ်များကို အမေရိကန်ပြည်ထောင်စုက ပြန်လည်သုံးသပ်နေကြောင်း ထုတ်ဖော် ပြောကြားသည်။
အမေရိကန်-ဂျာမန် ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးကိုလည်း အဆင့်မြှင့်တင်ရန် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးက သဘောတူညီခဲ့ကြသည်။
ဂျာမန်ဝန်ကြီးချုပ် မာကယ်၏ တယ်လီဖုန်း ဆက်သွယ် ပြောကြားချက်များကို အမေရိကန် ထောက်လှမ်းရေး အဖွဲ့များက လျှို့ဝှက် နားထောင်နေသည်ကို ဖော်ပြထားသည့် သတင်းအချက်အလက်များ ရရှိထားကြောင်း ဂျာမနီ အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
ယင်းကဲ့သို့သော လုပ်ဆောင်ချက်များကို လုံးဝလက်မခံနိုင်ကြောင်း ဂျာမန် ဝန်ကြီးချုပ်မာကယ်က ရှင်းရှင်းလင်းလင်း ပြောကြားသည်။
ဂျာမနဝန်ကြီးချုပ်ကို လျှို့ဝှက် ထောက်လှမ်းခြင်း ရှိ မရှိ မေးမြန်းသည်ကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာနီက တုံ့ပြန်ဖြေကြားခြင်း မရှိပေ။
ပြင်သစ်နိုင်ငံသား သန်းပေါင်းများစွာကို အမေရိကန် အမျိုးသား ထောက်လှမ်းရေးအဖွဲ့က လျှို့ဝှက် ထောက်လှမ်းနေသည့်အတွက် စိုးရိမ်ပူပန်ကြောင်း ပြင်သစ်သမ္မတ ဟ်ာလန်ဒီက ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ကန့်ကွက် ပြောကြားခဲ့ပြီးနောက် ဂျာမနီနိုင်ငံအပေါ် လျှို့ဝှက်ထောက်လှမ်းသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဂျာမန်ဝန်ကြီးချုပ် မာကယ်ကို အမေရိကန် ထောက်လှမ်းရေးများက လျှို့ဝှက် ထောက်လှမ်းနေသည်ကို ဖော်ပြထားသည့် ဂျာမနီ ထောက်လှမ်းရေး သတင်းအချက်အလက်များကို ရှင်းလင်း ဆွေးနွေးနိုင်ရန် အမေရိကန် သံအမတ်ကြီး အန်မာဆွန်ကို ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment