menu

Sunday, 10 November 2013

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရေး လွှတ်တော် ဆုံးဖြတ်ချက် လိုက်နာမည်ဟု ပြည်ထောင်စုဝန်ကြီးဆို


ရန်ကုန်၊ နိုဝင်ဘာ ၉

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရေး ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို လိုက်နာသွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ရုံးတွင် နိုဝင်ဘာ ၉ ရက်နေ့က လျှပ်စစ် ဓာတ်အားခ တိုးမြှင့်ရေး ကိစ္စနှင့် ပတ်သက်၍ စက်မှုဇုန် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လျှပ်စစ်ဓာတ်အားခ မတက်လို့ မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ ပြည်ထောင်စု လွှတ်တော်က လျှော့ ဆိုတော့လည်း လျှော့ မှာပါ။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာပါ” ဟု လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။


လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းကို ပြန်လည် လျှော့ချရန် သို့မဟုတ် တိုးမြှင့် ကောက်ခံခြင်းကို ရပ်ဆိုင်းပေးရန် မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက ထောက်ခံ ဆွေးနွေး အတည်ပြုခဲ့သည်။

လက်ရှိတွင် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်ခြင်းအပေါ် ကန့်ကွက် ဆန္ဒပြရာတွင် ဦးဆောင်သူ ငါးဦးကို ပန်းပဲတန်း မြို့နယ်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis