ပန်းတနော်ကနေ ဝါးခယ်မကို မိုင် ၄၀ ကျော်ခရီးသာရှိလို့ နေမစောင်းခင် ဝါးခယ်မ ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။ ဝါးခယ်မကနေတစ်ဆင့် သောင်တန်းကို ရေလမ်းခရီးနဲ့ ၂ နာရီလောက် သွားရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပန်းတနော်ကနေ မိုင်အနည်းငယ် မောင်းပြီးတဲ့နောက် ဝါးခယ်မလမ်းကို ကြည့်ပြီး တော်တော်အံ့သြသွားရပါတယ်။
ဒီပုဂ္ဂိုလ်ကြီးနှစ်ယောက် မွေးဖွားရာဇာတိ မြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းကတော့ ၂၀၁၃ ခုနှစ်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်နေပါပြီဆိုတဲ့ နိုင်ငံမှာ အခုမှ ကျောက်ကြမ်း ခင်းခါစပဲ ဖြစ်ပါတယ်။
ဝါးခယ်မကို ရောက်တော့ အမှောင်သမ်းနေပါပြီ။ မိုင် ၄၀ ကျော်ခရီးကို ၄ နာရီလောက် ခက်ခက်ခဲခဲ မောင်းနှင်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ်းနားကနေ ဒေါက်တာသန့်ဇော်ဦး လာကြိုနေတဲ့ ပဲ့ထောင်နှစ်စီးနဲ့ ကျွန်တော်တို့ ရေလမ်းခရီးကို ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ ဧရာဝတီတိုင်း ဆိုတဲ့အတိုင်း မြစ်ထဲကနေ ချောင်းကြိုချောင်းကြားအတိုင်း သွားခဲ့ကြရတာပါ။ ဦးပိတ္တုပ်ရွာမှာရှိတဲ့ ဒေါက်တာသန့်ဇော်ဦး ဆေးခန်း ရောက်တော့ ည ၈ နာရီ ထိုးနေပါပြီ။ ဆေးခန်းကို ခဏဝင်ပြီး အဲဒီမှာ ရှိတဲ့ စာကြည့်တိုက် အခြေအနေကို လေ့လာပြီးမှ သောင်တန်းရွာကို ညအမှောင်ထဲ ဆက်လက် ခရီးထွက်ခဲ့ပါတယ်။
ည ၁၀ နာရီလောက်မှာတော့ မီးထိန်ထိန် လင်းနေတဲ့ အိမ်တစ်လုံးကို ကမ်းစပ်မှာ တွေ့လိုက် ရပါတယ်။ ပဲ့ထောင်က အဲဒီအိမ်ရှေ့ကို ထိုးဆိုက် လိုက်တဲ့အခါမှာ ခရစ်စတိုဖာကိုလမ်ဘတ်က ကုန်းမြေကို ရှာဖွေတွေ့ရှိခဲ့ သလိုမျိုး ကျွန်တော်တို့အားလုံး ပျော်ရွှင်သွားခဲ့ရပါတယ်။ ဒီအခြေအနေဟာ ၄ နာရီကြာ စွန့်စားပြီး လှေစီးခဲ့ရလို့ ဖြစ်နိုင်သလို မီးရောင် မြင်တွေ့ရလို့လည်း ဖြစ်နိုင်ပါတယ်။ ဆိပ်ကမ်းမှာတော့ လူ ၉ ယောက်၊ ၁၀ ယောက်လောက် လာကြိုနေတာကို တွေ့ရပါတယ်။ ဒီလူအုပ်စုထဲမှာ ကျွန်တော်တို့တည်းမယ့် အိမ်ရှင် ကိုမျိုးချစ်ဝင်းလည်း ပါပါတယ်။ သူက ငါးမွေးမြူတဲ့ လုပ်ငန်းကို လုပ်ကိုင်တဲ့ ကရင်လူမျိုး ဖြစ်ပါတယ်။ သူ့အိမ်ထဲကို ရောက်တဲ့အခါ ကျွန်တော်တို့အတွက် ထမင်းပွဲတွေ အဆင်သင့် ပြင်ထားပြီးပါပြီ။ ညအမှောင်ထဲမှာ ကျွန်တော်တို့ ဘာကိုမှ မလေ့လာနိုင်တော့ဘဲ မောမောနဲ့ ထမင်းစားပြီး အိပ်လိုက်ကြပါတယ်။
နောက်တစ်နေ့မနက် ကျွန်တော်နိုးတော့ ဖိလစ်လည်း အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ အဖွဲ့သား အားလုံးလည်း အဆင်သင့် ဖြစ်နေပြီမို့ ကိုမျိုးချစ်ဝင်းရဲ့ ပဲ့ထောင်တွေနဲ့ ငါးမွေးကန်တွေ ရှိရာကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းမှာ အဖြူအစိမ်း ဝတ်စုံလေးတွေနဲ့ လှေကို ကိုယ်တိုင်လှော်ခတ်ပြီး ကျောင်းသွားနေတဲ့ ကလေးငယ်တွေကို မြင်ခဲ့ရပါတယ်။ ချောင်းဘေးမှာရှိတဲ့ ရွာကလေးတွေဟာ ကျေးရွာအုပ်စု တစ်ခုမှာ တစ်ကျောင်းသာရှိတဲ့ မူလွန်ကျောင်းကို စာသွားသင်ရတာ ဖြစ်ပါတယ်။ စာသင်ခန်းတစ်ခုထဲမှာ ကလေး ၂၀၀ လောက်ကို ဆရာမ ၃ ယောက်လောက်နဲ့ ကျပ်ကျပ် တည်းတည်း စာသင်ပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
“ဒီမှာက ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးမုန့်တို့ကိုပဲ မွေးလေ့ရှိပါတယ်။ တလားပီးယားက တခြားငါးတွေနဲ့ ရောမွေးလို့ မရဘူး။ သူက တခြားငါးတွေရဲ့ အစာကို လုလုစားတော့ အခြားငါးတွေရဲ့ ကြီးထွားနှုန်းကို ထိခိုက်တယ်။ ငါးအစာကိုတော့ ဖွဲနုနဲ့ အစာတောင့်ကျွေးတာ များပါတယ်။ ကျွန်တော့်ကန်က ဧက ၅၀၀ ရှိပြီး တစ်နေ့အစာဖိုးက နှစ်သိန်းဖိုးလောက် ကျွေးရတယ်။ ငါးမွေးတဲ့အလုပ်က အမြဲမြတ်တယ်လို့ မပြောနိုင်ဘူး။ ရှုံးတဲ့နှစ်လည်း ရှိတယ်။ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ တွေမှာ အစာဖိုးတွေ ဈေးကြီးပြီး ငါးဈေးကျလို့ ကျွန်တော်တို့ အကြီးအကျယ် ရှုံးခဲ့တယ်။ ၂၀၁၂ ကျမှ ဦးမော့လာတာပါ။ ကျွန်တော်တို့ ဆီမှာတော့ လုပ်ငန်းတိုးချဲ့ဖို့ ချေးငွေတွေ လာပေးသံ မကြားရသေးဘူး။ ကိုယ့်ဟာ ကိုယ် အဆင်ပြေသလို လုပ်နေကြရတာပဲ”
ကိုမျိုးချစ်ဝင်းရဲ့အဆိုအရ ငါးကန်တစ်ကန်မှာ ပိုင်ရှင်အမြဲရှိဖို့ လိုပါတယ်။ ဧက ၅၀ ရှိတဲ့ ငါးကန်တစ်ကန်မှာ အလုပ်သမား ၁၇ ယောက် ထားရပါတယ်။ ပိုက်ဆွဲ အလုပ်သမား တစ်ယောက်ကို လစာ ၅၀,၀၀၀ လောက် ပေးရပြီး ငါးစာကျွေးတဲ့ မိန်းကလေး တစ်ယောက်ကို ၄၅,၀၀၀ လောက် ပေးရပါတယ်။ သူတို့တွေက ကန်ထဲမှာ လှေနဲ့သွားပြီး ငါးစာပက်ရတဲ့လူတွေ ဖြစ်ပါတယ်။ ဖော်ခါနီး ငါးကန်တစ်ကန် အတွက်တော့ ညဘက်တွေမှာ ကင်းမပြတ် စောင့်ရပါတယ်။ ဘာလို့လဲဆိုတော့ ဧရာဝတီတိုင်းထဲက သဘာဝမြစ်၊ ချောင်းတွေ၊ အင်းတွေမှာ ငါးမရှိလို့ပါပဲ။
အရင် ငါးတွေပေါများတုန်းက
မျိုးမချန်ဘဲ ပိုက်အကျဲ၊ ပိုက်အစိပ် အမျိုးမျိုးနဲ့ဖမ်းပြီး လုပ်ခဲ့တာတွေဟာ
အခုလက်ငင်း ဒုက္ခတွေကို ခံစားနေရပြီ ဖြစ်ပါတယ်။ ငါးမျှားတဲ့ သူတွေကလည်း
မိသမျှအကုန် ယူတယ်။ မျိုးဥနဲ့ ငါးပြေမတွေကို အလွတ်ပေးရ ကောင်းမှန်းလည်း
မသိဘူး။ ဒီလိုနဲ့ ရွာနီးချုပ်စပ်က ချောင်းမြောင်းတွေမှာ
ငါးမျိုးသုဉ်းခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဟင်းစားရှာတဲ့ ဆင်းရဲသား ကျောမွဲတွေဟာ အရဲစွန့်ပြီး ငါးကန်ထဲကငါးကို လာခိုးတော့ တာပါပဲ။ အင်းသားကြီးတွေ အလစ်မှာ အင်းထဲကို ဝင်တယ်။ ဒါ့ကြောင့် ညဘက်ကင်းလှည့်တဲ့ အင်းပိုင်ရှင်တွေနဲ့ တွေ့ရင် ပြဿနာ ဖြစ်တယ်။ အဖမ်းခံရတယ်။ ထောင်ကျတယ်။ ထောင်ကျသွားတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုက ဒုက္ခရောက်ကြရတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းနေတဲ့ရွာမှာ ပဋိပက္ခတွေ တိုးပွားလာတယ်။
ဒါ့ကြောင့် ဟင်းစားရှာတဲ့ ဆင်းရဲသား ကျောမွဲတွေဟာ အရဲစွန့်ပြီး ငါးကန်ထဲကငါးကို လာခိုးတော့ တာပါပဲ။ အင်းသားကြီးတွေ အလစ်မှာ အင်းထဲကို ဝင်တယ်။ ဒါ့ကြောင့် ညဘက်ကင်းလှည့်တဲ့ အင်းပိုင်ရှင်တွေနဲ့ တွေ့ရင် ပြဿနာ ဖြစ်တယ်။ အဖမ်းခံရတယ်။ ထောင်ကျတယ်။ ထောင်ကျသွားတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုက ဒုက္ခရောက်ကြရတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းနေတဲ့ရွာမှာ ပဋိပက္ခတွေ တိုးပွားလာတယ်။
ရန်ကုန်မြို့မှာ
ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်ပေါင်း မြောက်မြားစွာမှာ ရေးသားတဲ့ စီးပွားရေး
စီမံကိန်းတွေ သောသောညံနေပေမယ့် သောင်တန်း ရွာလေးကတော့ အမှောင်သမ်းနေဆဲပါပဲ။
အလင်းရောင်မရှိ၊ ရုပ်မြင်သံကြား စက်မရှိ၊ တိုက်နယ် ဆေးရုံ မရှိတဲ့
ဒီလူတွေအဖို့ မနက်မိုးလင်းကနေ ညနေအထိ သူတို့ရဲ့ဘဝလှေကို ပင်ပန်းကြီးစွာ
လှော်ခတ်နေရဆဲပဲ ဖြစ်ပါတယ်။
The Voice Weekly
No comments:
Post a Comment