menu

Thursday, 10 October 2013

ပြည်မြို့ ဗိုလ်ချုပ်ရုပ်တု လွမ်းသူ့ပန်းခွေချသူ ထောင်ဒဏ် ၇ ရက် ကျခံရန် တရားရုံးအမိန့်ချ


ရေခဲ (ပြည်) | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၀ မိနစ်

ဇူလိုင် ၁၉ ရက်တွင် ကျရောက်ခဲ့သည့် အာဇာနည်နေ့ အခမ်းအနားတွင် ပြည်မြို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လွမ်းသူ့ပန်းခွေချသူ ဦးသိန်းမင်းထွန်းကို ပြည်မြို့နယ် တရားရုံးက အောက်တိုဘာ ၉ ရက်တွင် ထောင်ဒဏ် ၇ ရက် သို့မဟုတ် ငွေဒဏ် ၂၀၀ ကျပ် ချမှတ်လိုက်သည်။
ဦးသိန်းမင်းဦးသည် ဇူလိုင် ၁၉ ရက် နံနက်က ကြယ်ပုံစံ ပန်းခွေကို ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိသည့် မြက်ခင်းပေါ်သို့ ချထားကာ အလေးပြုခဲ့သည်။ ထိုပန်းခွေနှင့် ဗိုလ်ချုပ်ရုပ်တုကို ပြည်ဒေသခံ နှစ်ထောင်ကျော်မှ ဂါရ၀ပြုခဲ့သည်။

ထိုအလေးပြုခြင်းမတိုင်မီ ဇူလိုင်လ ၁၈ ရက်ညနေပိုင်းတွင် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် ပန်းခွေ၊ ပန်းခြင်းချခြင်း၊
ဟောပြောခြင်း မပြုလုပ်ရန် တားမြစ်ကြောင်းနှင့် မလိုက်နာပါက ပုဒ်မ ၁၈၈ဖြင့် အရေးယူမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အသံချဲ့စက်ဖြင့် လိုက်လံကြေငြာခဲ့သည်။


ပုဒ်မ ၁၈၈ သည် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရေးပေါ်အခြေအနေများ မဖြစ်ပေါ်ရန် ကြိုတင်တားဆီးသည့်အနေဖြင့် ဒေသအာဏာပိုင်တို့က ထုတ်ပြန်နိုင်သည်။ ပြစ်မှုထင်ရှားသူကို အလုပ်မဲ့ ထောင်ဒဏ် တစ်လအထိဖြစ်စေ၊ ကျပ်၂၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

သို့သော် အဆိုပါကြေငြာချက်ကို ကျောင်းကြီးအိုးတန်းနှင့် ဆင်စုရပ်ကွက် နှစ်ခုတည်းတွင်သာ လိုက်လံကြေညာခဲ့ပြီး တစ်မြို့လုံး အတိုင်းအတာဖြင့် မသိရှိဟု ဦးသိန်းမင်းထွန်းမှ ဆိုသည်။

“ကြေညာချက်ကိုတော့ မသိဘူး။ ပန်းကြယ်ထောင်တဲ့အချိန် ပြည်သူလူထု စိတ်ငြိုငြင်မှုမရှိဘူး။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ခဲ့ဘူး။ လုံခြုံရေးလည်း မထိခိုက်ခဲ့ဘူး”ဟု ၄င်းမှ ဆက်လက် ပြောကြားခဲ့သည်။

ပြည်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်ကို ၁၉၇၆ ခုနှစ်က စတင် ဆောက်လုပ်ခဲ့သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis