menu

Sunday, 1 September 2013

တစ်ကျော့ပြန် သက်ဝင်လာသည့် လော့ခ်ျနက်စ် ရေနဂါးကြီး ပုံပြင်

Photo: တစ်ကျော့ပြန် သက်ဝင်လာသည့် လော့ခ်ျနက်စ် ရေနဂါးကြီး ပုံပြင် 

လော့ခ်ျနက်စ် ရေအိုင်ထဲမှ ထွက်ပေါ်လာသည့် ကြီးမားသော ရေဂယက်ထမှုကြီးကြောင့် လော့ခ်ျနက်စ် ရေနဂါးကြီး၏ ပုံပြင်သည် တစ်ကျော့ပြန် အသက်ဝင်လာခဲ့သည်။ အသက်(၅၀) အရွယ်ရှိ အပျော်တမ်း ဓာတ်ပုံဆရာ ဒေးဗစ်အဲလ်ဒါသည် ဗြိတိန်နိုင်ငံ၊ စကော့တလန် ကုန်းမြင့်ဒေသရှိ နာမည်ကျော် ရေအိုင်ကြီးတွင် သဘာဝ ရှုခင်းများကို ဓာတ်ပုံရိုက်နေစဉ် အဆိုပါ ရေဂယက်ကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ တည်ငြိမ်နေသော ရေထဲတွင် အကြောင်းအရာ အတိအကျ မသိဘဲ လှိုင်းထလာသော အခြေအနေနှင့် ပတ်သက်၍ ဒဏ္ဍာရီဆန်ဆန် ခန့်မှန်း ပြောဆိုနေသည့် လော့ခ်ျနက်စ် ရေနဂါးကြီး အမှန်တကယ် ရှိနေသလောဆိုသည့် မေးခွန်းများ ပြန်လည် နိုးကြားလာသည်။ ဒေးဗစ်က မိမိသည် အနက်ရောင် ပုံရိပ်တစ်ခုကိုလည်း တွေ့မြင်လိုက်ကြောင်း ဆိုသည်။ 

ဒေးဗစ်သည် ထိုစဉ်က ဖို့တ်အော်ဂက်စတို အနီးတွင် ငန်းတစ်ကောင်ကို ဓာတ်ပုံရိုက်နေရင်း ယခုမြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ အရှေ့ ကီလ်ဘရိုက်ဒ်တွင် နေထိုင်သော ဒေးဗစ်က "ကျွန်တော့် ညာဘက်ထောင့်နားက ရေထဲမှာ အနက်ရောင် အရိပ်ကြီး တစ်ခုကို ရုတ်တရက် တွေ့လိုက်ရတယ်။ အရှည်က (၁၅)ပေလောက် ရှိလိမ့်မယ်။ အဲဒီကနေပြီးတော့ လှိုင်းတွေ ထလာတာပါ။ ကျွန်တော် သေချာပေါက်ပြောနိုင်တာက ဒီရေလှိုင်းတွေဟာ ရေအောက် တက်လာတဲ့ အနက်ရောင် အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်လာတယ် ဆိုတာပါပဲ"ဟု ပြောကြားခဲ့သည်။

၎င်းက "အဲဒီအချိန်မှာ ရေက အရမ်းကို ငြိမ်နေတာပါ။ လှိုင်းကြက်ခွပ်လေးတွေတောင် မရှိသလောက်ပဲ။ ရေထဲမှာ တခြားဘာလှုပ်ရှားမှုမှလည်း မတွေ့ရဘူး။ လှေလည်းမရှိဘူး။ လော့ခ်ျနက်စ် ကန်ကြီးထဲမှာ ဘယ်သူမှလည်း ရှိမနေဘူး။ ဒါက ကျွန်တော် ရှင်းမပြတတ်တဲ့ အခြေအနေ တစ်ခုပါ"ဟုလည်း ဖွင့်ဟခဲ့သည်။ လော့ခ်ျနက်စ် ရေသတ္တဝါကြီး၏ သတင်းသည် နှစ်ပေါင်း(၈၀)ကျော်ကြာ တိမ်မြုပ်လိုက်၊ ပေါ်ပေါက်လာလိုက်နှင့် သံသရာ လည်နေခဲ့သည်။ (၁၉၃၄)ခုနှစ်က ဗိုလ်မှူးကြီးရောဘတ်ကင်းနက်သ် ဝီလ်ဆင်က ရေသတ္တဝါကြီး၏ ဦးခေါင်းပေါ်နေသော ဓာတ်ပုံကို ရိုက်ကူးခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းမှာ အတုအယောင် လိမ်ညာမှုဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ လော့ခ်ျနက်စ်တွင် အမျိုးအမည်မသိ ရေသတ္တဝါကြီးတစ်ကောင် ရှင်သန်နေဆဲဟု ယုံကြည်နေသူ အမြောက်အမြားလည်း ရှိနေဆဲ ဖြစ်သည်။ အချို့သော ပညာရှင်များက လော့ခ်ျနက်စ်တွင် ကျက်စားနေသည်မှာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောမျိုးစိတ် တစ်ခုဖြစ်သည့် ပလယ်စီအိုဆောရပ်စ် တစ်ကောင် မျိုးမသုဉ်းဘဲ ကျန်ရှိနေခြင်းဟုလည်း ခန့်မှန်းနေကြသည်။ အဆိုပါ သတ္တဝါများသည် ရှည်လျားသွယ်လျသော လည်တံရှိပြီး ခြေလက်များအစား ရေယက်များသာ ပါဝင်ကာ တိုတောင်းသော အမြီးမျိုး ရှိတတ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis