အချိန်ကာလတို့ အလီလီ ရွှေ့ပြောင်းခဲ့သော်လည်း၊ မြန်မာ့စပါးကျီ ဒေသတွင်းမှ
ဝါးဖက်ဦးထုပ် ဆောင်းထားသော လယ်သမား လုပ်သားတို့ကား၊ ခြေသလုံး မြုပ်သည့်
ရေပြင်တွင် မျိုးစေ့ ကြဲပက်ကာ၊ နွားနှင့် ဖက်၍ ရွှံ့ညွန်ထဲတွင် ရုန်းရသည့်
သမားရိုးကျ နည်းလမ်းများအတိုင်း လှုပ်ရှားနေရဆဲပင် ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ၊ လယ်သမားကြီး ဦးတင့်စိန်သည်၊ သူ၏
သက်ငယ်မိုးတဲငယ်မှနေ၍၊ တောတောင် သဘာဝ ရှုခင်းကို စိုးရိမ်ကြောင့်ကြစွာ
ငေးမော လေ့လာနေသည်။ ချေးငွေ တရားမဝင် ထုတ်ပေးသူများထဲ၌ အကြွေးနစ်
ပိတ်မိနေသည့် ဦးတင့်စိန်က မိသားစုဝင် လေးယောက်ရှိသော သူ့မိသားစုအတွက်
ငွေစုဆောင်း နိုင်ရန် ယခုမှစကာ ထမင်းမစားတော့ကြောင်း ပြောကြားခဲ့သည်။
သူ၏
မျိုးရိုးစဉ်ဆက် တစ်လျှောက် အရှည်တည်တံ့လာခဲ့သော မိဘလက်ငုတ် မြစိမ်းရောင်
စပါးခင်းများက၊ သူ့အား အကျိုးအမြတ် ရအောင် မစွမ်းနိုင်တော့ပြီ။
တွက်ကိန်းကား နောက်တစ်ကြိမ် ပြန်တွက်ရန် မရှိ။ ဆယ်ဧကရှိသော လယ်မှ တစ်နေ့တာ
ပျမ်းမျှ ဝင်ငွေက လေးဒေါ်လာ ထက် မပို။ သို့ရာတွင် သူ့ကုန်ကျစရိတ်က
ခြောက်ဒေါ်လာ ရှိသည် ဖြစ်ရာ၊ တစ်နေ့လျှင် နှစ်ဒေါ်လာနှုန်းဖြင့် မှန်မှန်ကြီး
အရှုံးပေါ်နေရတော့သည်။ “ဒီဝင်ငွေနဲ့တော့ အသက် မဆက်နိုင်ဘူး” ဟု ဦးတင့်စိန်က
ဆိုသည်။
လယ်မြေကို စွန့်လွှတ်ကာ၊ မြန်မာနိုင်ငံ၏ တိုးပွား ဖောင်းပွလာနေသော၊
လယ်မပိုင်သည့် လယ်သမား ဘဝကို ခံယူမည်လား၊ သို့မဟုတ် နိုင်ငံတော်၏
ပြုပြင်ပြောင်းလဲရေး အစိုးရသစ်က၊ လယ်သမားတို့၏ ကံကြမ္မာကို ပြန်လည်နိုးထ
ရှင်သန်စေမည်ကို စောင့်မျှော်ငံ့လင့် မည်လား။ အရှုံးပေါ်နေသော လယ်ယာလုပ်ငန်းက
ဦးတင့်စိန်အတွက် နာကျင်စေသော ရွေးချယ်စရာ များကိုသာ ချန်ထားရစ်ခဲ့လေသည်။
အပြောင်းအလဲများကမူ နိုင်ငံနှင့် အဝန်းပင်။ ပြုပြင်ပြောင်းလဲမှုကာလ ၁၂
လတာအတွင်း၊ စစ်အစိုးရဟောင်း အုပ်စုက စီးပွားရေးနှင့် နိုင်ငံရေး
ဖွင့်လှစ်မှုများကို ထွေးပွေ့ကြိုဆို ခဲ့ကြရာ၊ ဝါရှင်တန်မှသည်
တိုကျိုအစိုးရတို့ ထံမှပင် ချီးမွမ်းမှုများ ခံယူခဲ့ကြရသည်။
သို့ရာတွင် အပြောင်းအလဲတို့ သည် စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် အောက်သို့
ရာစုနှစ်ဝက်ခန့် မကျ ရောက်မီကာလက၊ ကမ္ဘာ့ဆန်တင်ပို့ ရောင်းချမှုတွင်
ဦးဆောင်နိုင်ခဲ့သော၊ နိုင်ငံ၏ နှလုံးသည်းပွတ်ပမာ ဖြစ်သည့် လယ်ယာမြေ
များတွင် နေထိုင်ကြသော၊ မြန်မာနိုင်ငံသား အများစုနေထိုင်ရာ ဆီသို့မူ၊
နှေးကွေးစွာ(သို့တည်းမဟုတ်) ပုံသဏ္ဍာန် မှားယွင်းစွာဖြင့် လာလျက် ရှိပေသည်။
တစ်ဒါဇင်ကျော်မျှသော လယ်သမားတို့ဖြင့် တွေ့ဆုံမေးမြန်းခြင်း နှင့်
မြေဩဇာ ကြွယ်ဝသော ဧရာဝတီ မြစ်ဝှမ်းဒေသ တစ်လွှား လှည့်လည် လေ့လာခြင်းတို့က
လယ်သမားတို့၏ မျှော်လင့်ချက် ကင်းမဲ့မှု ပမာဏကို ဖော်ထုတ်ပြသနေသည်။
ထိပ်တန်းအစိုးရ အရာရှိကြီးများကမူ၊ နိုင်ငံတော်၏ ပြောင်းလဲရေး အစီအစဉ်
ဒုတိယပိုင်းတွင် လယ်သမား အရေးကိစ္စများ အဓိကပါဝင်မည်ဟု ဆိုသည်။ အစိုးရနှင့်
သဘောထား ကွဲလွဲသူများအား ရာနှင့်ချီ၍အကျဉ်းမှ လွှတ်ပေးခြင်း၊ နိုင်ငံရေး
အတိုက်အခံ ပါတီတို့အား ကန့်သတ်ထားမှုများကို ဖြေလျှော့ပေးခြင်းနှင့်
အနောက်နိုင်ငံ များ၏ စီးပွားရေး ပိတ်ဆို့မှုများအား ဖြေလျှော့ပေးစေရန်
တို့ကို စွမ်းဆောင် နိုင်ခဲ့သော၊ ယင်းတို့ကယခုအခါ၊ ကျေးလက်ဒေသပြန်လည်
ထွန်းကားရေး ဆောင်ကြဉ်းရန် ရည်ရွယ်သည်ဟု ဆိုလာကြပြန်သည်။
ယင်းတို့၏ ပထမခြေလှမ်းများက အောင်မြင်မည့် လက္ခဏာများကို
ပြသနိုင်ခဲ့ခြင်း မရှိသေးချေ။ ပြုပြင် ပြောင်းလဲရေး များအတွက် အသစ်
ထုတ်ပြန်ထားသော ဥပဒေများအရ၊ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားခြင်း
ပြဿနာများနှင့်၊ လယ်ယာမြေများကို နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းတို့ကို
ဆန့်ကျင်ဆန္ဒပြရန်အတွက်၊ လယ်သမားတို့မှာ လမ်းမများပေါ်သို့ ထွက်ခဲ့ကြရလေပြီ။
လယ်ယာမဲ့ လယ်သမား အဖြစ် သတ်မှတ်ခံရသော လယ်သမား တို့က၊ အဆိုပါ အုံကြွမှုတွင်
ပါဝင်လာ ကြတော့သည်။ ဆန်လုပ်ငန်းတွင် ပြည်ပပို့ကုန်ပမာဏ အမြောက်အမြား
ဖြင့်တင်ရန် ခန့်မှန်းထားခြင်း သည်လည်း မျှော်မှန်းထားသည့် အတိုင်း
ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
လောင်းကြေးကား မြန်မာနိုင်ငံသစ်၏ အောင်မြင်မှုပင်။ မြန်မာ
ခေါင်းဆောင်တို့သည် ကမ္ဘာနှင့် ရင်းနှီးမြှုပ်နှံ သူတို့အား အကောင်ဆုံး
ဆိုသည်များကိုသာ ပြသရန် မျှော်လင့်ထားနေသည်။ ဆိုဗီယက်ဟန် ဗဟိုဦးစီး စီမံ
ကိန်းများနှင့် လွဲမှားသော စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်ကာလများ
လွန်မြောက်ပြီးနောက်၊ ရှေ့သို့ ဆက်လက် ချီတက်လျက် ရှိကြောင်းကို ယင်းတို့က
ပြသလိုပေသည်။ မြန်မာနိုင်ငံ၏ သန်းခြောက်ဆယ်မျှသော လူဦးရေ အနက်
ခုနှစ်ဆယ်ရာခိုင်နှုန်းက လယ်ယာများတွင် ရှင်သန်နေထိုင် ကြရသည်။ နောင်လာမည့်
အပြောင်း အလဲများက နိမ့်ကျသော လူတန်းစား အလွှာသစ် တစ်ရပ်နှင့် မတည်ငြိမ်မှု
ဇစ်မြစ်အလား အလာတို့ကို ဖန်းတီးလျက်၊ မြို့ပြ ဆင်းရဲသား ရပ်ကွက်များသို့
ရွှေ့ပြောင်း ဝင်ရောက်လာမည့် လယ်ယာ လုပ်သား အရေအတွက်ကို အဆုံးအဖြတ်
ပြုလုပ်ပေလိမ့်မည်။
အတိတ်ကာလ ပေါကြွယ်ဝမှု
နှစ်ဆယ်ရာစု အစောပိုင်းကာလ၊ ဗြိတိသျှ လက်အောက်ခံ ကိုလိုနီ
နိုင်ငံဘဝတွင်၊ ထိုစဉ်က Burma ဟု သိခဲ့ကြသော မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်
တင်ပို့မှု၏ ထက်ဝက်ကို စိုက်ပျိုး ထုတ်လုပ်ခဲ့သည်။
၁၈၈၆ ခုနှစ်တွင် ဗြိတိသျှတို့က မြန်မာနိုင်ငံအား အန္ဒိယပြည်နယ်
တစ်ရပ်အဖြစ်ထိရောက်စွာ သတ်မှတ် လိုက်ပြီးသောအခါ ချစ်တီး(Chettiars)
ခေါ်ချမ်းသာ ကြွယ်ဝသော အိန္ဒိယ တိုင်းရင်းသား လူမျိုးတစ်ရပ်က လယ်ယာမြေ
ငှားရမ်းခြင်း လုပ်ငန်းကို ကြီးစိုးလာခဲ့သည်။ ၁၉၃ဝ ခုနှစ်များ တစ်ဝိုက်တွင်
နိုင်ငံတကာ၏ အကောင်းဆုံး လယ်မြေ လေးပုံတစ်ပုံခန့်သည် ချစ်တီးတို့
လက်ဝယ်သို့ ရောက်ရှိလေသည်။ ချစ်တီးတို့သည် အပေါင်ခံလုပ်ငန်းဖြင့်
လည်းကောင်း၊ ပြောင်ပြောင်တင်းတင်း သိမ်းယူခြင်းဖြင့် လည်းကောင်း
ယင်းလယ်မြေတို့ကို ပိုင်ဆိုင်ခဲ့ကြသည်။
၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ ဝင်ရောက်လာသောအခါ၊ ချစ်တီး အများစုမှာ
အိန္ဒိယသို့ ပြန်လည်ထွက်ပြေး ခဲ့ကြသည်။ လယ်သမားတို့က လယ်ယာမြေများကို
ခေတ္တပြန်လည် ရရှိလိုက်သည်မှာ၊ ၁၉၆၂ ခုစစ်အာဏာ သိမ်းပိုက်မှုက ကပ်သင့်စေမည့်
“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”ဖြင့် ဦးဆောင် လမ်းပြသည့် တိုင်အောင်ပင်
ဖြစ်သည်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို နိုင်ငံတော်က ပိတ်ပင်သည်။ လယ်ယာမြေ
ဝေခြမ်းရေးတို့ကို ပြန်လည် ဆောင်ရွက်သည်။ ထုတ်လုပ်ရေး ခွဲတမ်းများ သတ်မှတ်
ပြဋ္ဌာန်းသည်။ လယ်သမားများ ရုန်းကန် လှုပ်ရှား ကြရပြန်တော့သည်။
မြန်မာတို့၏ အိမ်နီးချင်းနိုင်ငံတို့ကမူ စီးပွားဖြစ်ထွန်းလာခဲ့ကြသည်။
ထိုင်းနိုင်ငံသည် ယခုအခါ၊ ကမ္ဘာတွင် ဆန်နှင့် ရော်ဘာ ထိပ်တန်းတင်ပို့သူ
ဖြစ်လာခဲ့ပြီး၊ သကြားတင်ပို့မှုတွင် ဒုတိယအကြီးဆုံး ဖြစ်လာသည်။
မြန်မာတို့၏ နှလုံးသည်းပွတ် မြေများကား၊ အာရှဒေသတွင် မြေဩဇာ အကောင်းဆုံး
လယ်မြေများအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ အဖိုးတန် လယ်ယာ ထုတ်ကုန်များ
ဖြစ်သော၊ စပါး၊ ပဲမျိုးစုံတို့မှသည် ဆီထွက်သီး နှံများ၊ ပြောင်း၊ ရော်ဘာ၊
ကြံနှင့် အပူပိုင်းသီးနှံများ အထိ ထုတ်လုပ်ဖြစ်ထွန်းလျက် ရှိဆဲပင်။
ယနေ့ခေတ် လယ်ယာလုပ်သား တို့၏ ခက်ခဲ ဝမ်းနည်းဖွယ် အနေအထားမှာ
နေပြည်တော်ရှိ အစိုးရသစ်ထံတွင် ရှုံးနိမ့်ခြင်း မရှိသေးပါ။ နိုဘယ်လ်
ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံ ပါတီက
ဧပြီအတွင်း ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ အပြတ်အသတ်
အနိုင်ရရှိခဲ့ခြင်းက၊ လက်ရှိ အာဏာရ၊ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီအား၊
ရှင်းရှင်းလင်းလင်း သတိပေး အချက်ပြခဲ့ပြီ ဖြစ်သည်။ စစ်တပ် ကျောထောက်
နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီသည် နိုင်ငံ၏ အကြီးမားဆုံးသော
မဲဆန္ဒနယ်ဟု ဆိုရမည့်၊ လယ်ယာ လုပ်သားတို့၏ ထောက်ခံမှု မရရှိဘဲ၊ ၂ဝ၁၅ ခုနှစ်
အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်မရနိုင်ပေ။
“ကျွန်တော်တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ ကျေးလက်ကဏ္ဍမှာ
စီးပွားရေး ပြန်ပြီးအောင်မြင်ဖို့ ပါပဲ”ဟု အမျိုးသား စီမံကိန်းနှင့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးတင်နိုင်သိန်းက
ပြောကြား ခဲ့သည်။ ဦးတင်နိုင်သိန်းက လူသိရှင်ကြား ထုတ်ပြန် ကြေညာရခြင်း
မရှိသေးသော၊ ပြုပြင် ပြောင်းလဲရေး အစီအစဉ်များ Reuters သတင်းဌာနသို့
ကြိုတင်သုံးသပ် ပြောကြားပေးခဲ့သည်။
ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေးတွင် မျိုးကောင်း မျိုးသန့်စပါးများ
ပိုမိုရရှိရေး၊ ပုဂ္ဂလိက စိုက်ပျိုးရေး ဘဏ်များမှ တစ်ဆင့်ချေးငွေ
ပိုမိုထုတ်ပေးနိုင်ရေးနှင့် ကျေးရွာများတွင် သီးနှံ မျိုးစုံ
စိုက်ပျိုးနိုင်ရေးတို့ အဓိက ပါဝင်ကြောင်း ဦးတင်နိုင်သိန်းက
ပြောကြားခဲ့သည်။ လယ်တော လုပ်သားတို့ကို သရက်သီး၊ ငှက်ပျောသီး အစရှိသည့်
ဒုတိယသီးနှံ စိုက်ပျိုးရန် အားပေးမည် ဖြစ်သည်။ ဤနည်းအားဖြင့် ဝင်ငွေ ရလမ်း
အသစ်တစ်ရပ် ထပ်မံပေါ်ပေါက် စေမည်။ ကျေးလက်ဒေသ များတွင် ဖျော်ရည်စက်ရုံများ
တည်ထောင်ကာ၊ အဆိုပါ ဒုတိယသီးနှံများ အားဖြင့် ဖျော်ရည်နှင့် အခြား
တန်ဖိုးဆောင်း ကုန်ပစ္စည်းများ” ထုတ်လုပ်သွားစေမည်ဟု ဦးတင်နိုင်သိန်းက
ဆိုသည်။
“စိုက်ပျိုးရေး ကဏ္ဍကနေ၊ စက်မှု ကဏ္ဍကိုပါ ကျွန်တော်တို့ ဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။
အချို့ကမူ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ကုမ္ပဏီကြီးများက အငယ်စား
လယ်ယာလုပ်သားများကို ယင်းတို့၏ လယ်မြေများ ပေါ်မှ မောင်းထုတ်ရန်
အားပေးသကဲ့သို့ ဖြစ်စေမည်ဟု စိုးရိမ်ကြသည်။ ဥပဒေမူကြမ်း အသစ် နှစ်ရပ်
ဖြစ်သော လယ်ယာမြေ ဥပဒေနှင့် မြေလွတ်၊ မြေရိုင်း ဖုန်းဆိုးမြေ စီမံခန့်
ခွဲရေး ဥပဒေကြမ်းတို့သည် လယ်မြေတို့အား နိုင်ငံပိုင်အဖြစ် သိမ်းယူနိုင်သည့်
အခွင့်အလမ်းများ ဖန်းတီးပေးနေသည်ဟု လယ်ယာမြေ အရေးကိစ္စ လှုပ် ရှား
ဆောင်ရွက်သူတို့က ဝေဖန်ပြော ကြားမှုနှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ဖြစ်သည်။
တရုတ်မျိုးစပ်စပါး
အခြားသော ကနဦး ဆောင်ရွက်ချက်တစ်ရပ် ဖြစ်သည့် မျိုးစေ့နည်းပညာ တိုးတက်ရေး
ဆောင်ရွက်ချက် သည်လည်း စကတည်းက ယဉ်သကို ဆိုသကဲ့သို့ပင်။ လက်တွေ့
စမ်းသပ်ခြင်း ပြုမထားသော တရုတ်မျိုးစပ် စပါးမျိုးကွဲ တစ်ရပ်ကို၊
ဒေသအမြောက်အမြားတွင် မိတ်ဆက် စိုက်ပျိုးစေခဲ့ရာ၊ အလွန်တရာ ဆိုးရွား လှသော
ရလဒ်နှင့် ကြုံတွေခဲ့ရသည်ဟု အမေရိကန် စိုက်ပျိုးရေး သံအရာရှိက မကြာမီက
ရေးသားတင်ပြသော အစီရင်ခံစာတွင် ဖေါ်ပြပါရှိခဲ့သည်။ လယ်မြေ အများအပြားတွင်
မျိုးစေ့တို့ မအောင်ကြဟု လယ်သမားတို့က ဆို သည်။ အထွက်နှုန်း လျော့နည်းသည့်
အပြင်၊ သီးနှံရောဂါနှင့် ပိုးမွှားဘယလည်း ပိုမို ကျရောက်လွယ်သည်ဟု ဆိုကြသည်။
ပြည်ပတင်ပို့မူကလည်း စီးပွား မဖြစ်ထွန်းပေ။ အမေရိကန်သံအရာရှိက၊
ယခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပ ဆန်တင်ပို့မှု ၂၃% ကျဆင်းမည်ဟု
ခန့်မှန်းထားသည်။ အိန္ဒိယ နိုင်ငံက ပြည်ပဆန် တင်ပို့မှု ပြန်လည် စတင်
ဆောင်ရွက် လာသဖြင့် ရောင်းလိုအား မြင့်တက် လာပြီး၊ အာရှဒေသ တစ်ခွင်တွင်
ဈေးနှုန်းများ အထိနာ စေခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့
ဆန်လုပ်ငန်းကမူ ယခုနှစ်တွင် ပြည်ပတင်ပို့မှု နှစ်ဆတိုးကာ ဆန်တန်ချိန် ၁.၅
သန်းအထိ တင်ပို့နိုင်မည်ဟု ဇန်နဝါရီလ အတွင်းက ဟောကိန်းထုတ် ပြောကြားခဲ့သည်။
လယ်သမားကြီး ဦးတင့်စိန်က မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲနေပြီ ဖြစ်ကြောင်း သူ သိသော်လည်း၊ အထောက်အထား မတွေ့ရသေးဟု ဆို၏။
များစွာသော ရာစုနှစ်တို့သည် “လက်ခတ်ပုံ” ကဲ့သို့သော ကျေးရွာများ၏ ဘဝကို
ပြောင်းလဲပေးနိုင်ခြင်း မရှိသေးပေ။ အင်တာနက် မရှိ၊ လက်ကိုင်ဖုန်း မရှိ။
ရွာသားတို့သည် ယနေ့တိုင် နွားနှင့် ဖက်ရုန်းရဆဲ။ တံဇဉ်ကို လက်ဖြင့်
ကိုင်စွဲ၍ ရိတ်သိမ်းရဆဲပင် ဖြစ်သည်။
ဦးတင့်စိန်၏ တစ်နေ့တာ ဝင်ငွေ ၃၅ဝဝ ကျပ်(လေးဒေါ်လာခန့်)သည် ဇနီးသည်နှင့်
အရွယ်ရောက်ပြီး ကလေး နှစ်ဦး အတွက် အစားအသောက်ဖိုး အပါအဝင် ဖြစ်သောတစ်နေ့တာ
ကုန်ကျစရိတ် ၅ဝဝဝ ကျပ်၏ ပွတ်တိုက် သုတ်သင်မှုကို ခံရသည်သာ။ အပိုဝင်ငွေ
ရရန်အတွက် သူကနှီးတောင်းများ ယက်လုပ်ရ၏။ အရောင်းအဝယ် ကောင်းပါက တစ်နေ့လျှင်
နှီးတောင်း ဆယ်လုံးခန့်ကို တစ်လုံးခြောက်ရာခန့် ဖြင့် ရောင်းရ၏။
သို့ရာတွင် ဝယ်သူ တစ်ယောက် တစ်လေမှ ပေါ်မလာသည်မှာ၊ သီတင်းပတ်များ
ချီခဲ့ပေပြီ။
ငွေကြေးအခက်အခဲကို ဖြေရှင်းရန် တရားမဝင် ငွေချေးသူထံမှ၊ တစ်လလျှင်
တစ်ဆယ်ရာခိုင်နှုန်း အတိုးဖြင့် ငွေချေးရ၏။ ဤသို့ဖြင့် သုံးသိန်းခန့်
အကြွေးတင်ပြီး၊ အတိုးပေးရန် အတွက် အစိုးရဘဏ်မှ ငွေချေးပေးမည်။
“ကျုပ်တို့တော့ အကြွေးနစ်ပြီ”ဟု သူ့ဇနီးသည်က ဆို၏။
ငွေအပို ရှိလျှင် လက်တွန်း လယ်ထွန်စက် တစ်လုံး ဝယ်ယူလိုသည်ဟု
ဦးတင့်စိန်က ဆိုသည်။ သို့ရာတွင် လယ်ထွန်စက် အစား၊ သူ၏ ခိုင်းနွား
လေးကောင်နှင့် အသက် ၂ဝ အရွယ် ရှိသားကို သူကပို၍ အားထား၏။ အသက် ၁၅ နှစ်
အရွယ်ရှိ သမီးငယ်မှာ အနီးနားရှိ ချုပ်ထည်ဆိုင်တွင် စက်ချုပ်ရ၏။
မိသားစုနေထိုင်ရာ အခန်းနှစ်ခန်း ပါ ခြေတံရှည်ဝါးတဲလေးမှာ ကုလား
ထိုင်မရှိ၊ စားပွဲမရှိ၊ ခုံရှည်မရှိ။ နေဝင်ချိန် ရောက်သော် အိမ်ပြင်ရှိ
အလင်းရောင် အလို့ငှာ ဖိုထားသော မီးဖိုအနီး ပတ်လည်တွင် မိသားစုတစ်စု
တိုးဝှေ့ စုပြုံနေကြ၏။ မြန်မာနိုင်ငံရှိ အိမ်ခြေများအနက်
လေးပုံသုံးပုံခန့်မှာ လျှပ်စစ်မီး သွယ်တန်းထားခြင်း မရှိချေ။
ဦးတင့်စိန်တို့ရွာ အတွက် တစ်ခုတည်းသော၊ လျှပ်စစ်မီး ရလမ်းမှာ၊ အနီးရှိ
ရွာတစ်ရွာမှ ဒီဇယ်ဆီသုံး လျှပ်ထုတ်စက်ဖြင့် ဖြန့်ဖြူးပေးသော လျှပ်စစ်မီးသာ
ဖြစ်၏။ ညနေ ၆ နာရီမှ ည ၁ဝ နာရီအထိ မီးပေး၏။ မီးသီးတစ်ပွင့် အတွက် တစ်လလျှင်
၁၇ ဆင့်မျှ ကျသင့်လေသည်။
ဦးတင့်စိန်က သီးနှံအထွက် ကောင်းလျှင် လျှပ်စစ်မီး ဝယ်သုံးမည်ဟု
ကြံရွယ်သော်လည်း၊ လက်ရှိ အချိန်အထိ အနားမသီနိုင်သေး။ ငွေကြေး ကြပ်တည်းလှသည်
ဖြစ်၍ ရံဖန်ရံခါ၊ အစားအသောက် လျှော့ရ၏။ ကြက်သား၊ ဝက်သားနှင့် ငါးတို့အစား
ကန်စွန်းရွက်၊ ထမင်းနှင့် ငါးပိကိုသာ စားရ၏။ “တစ်ခါတလေ ကိုယ်တတ်နိုင်သလို
ပဲလေ”ဟု သူက ဆိုသည်။
စစ်အုပ်ချုပ်ရေးကာလအတွင်း ဆယ်စုနှစ်များနှင့် ချီ၍ ကြုံတွေ့ခဲ့ရသော
ပိတ်ဆို့ကန့်သတ်မှုများအကြောင်း မေးမြန်း သော နိုင်ငံရေး ဆိုင်ရာ
မေးခွန်းကိုမူ ဦးတင့်စိန်က ပြောဆိုရန် ရှောင်ရှားသည်။ သူ၏ကျေးရွာအား စစ်တပ်
ကျောထောက် နောက်ခံပြု အာဏာရပါတီက လက်သင့်သလို ရွေးချယ်ထားသည့် သူတစ်ဦးက
ဦးဆောင် အုပ်ချုပ်သည်။ ဥပဒေသစ် အရ ထိုသို့သော အလေ့အထများကို အဆုံးသတ်စေရန်
ဖြစ်သော်လည်း၊ ထိုအလေ့အထကား ကွယ်ပျောက်ခြင်း မရှိသေး။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကြမ်းသည် ဆိုရှယ်လစ်ခေတ်
ဥပဒေဟောင်းများကို ပြန်လည်ရေးသားခြင်း ဖြစ်ပြီး၊ ဒေသခံ
ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေး အရာရှိတို့ကို လျှို့ဝှက်မဲစနစ်ဖြင့်
ရွေးကောက် တင်မြှောက်နိုင်ရန် ပြဋ္ဌာန်းသည်။
ဒေသခံ အာဏာပိုင်တို့က ပေါ်ထွက်လာမည့် ဥပဒေသစ်များကို မည်သို့ အကောင်အထည်
ဖော်ဆောင်ရမည် နည်းဟု မျှော်လင့်စောင့်စား နေကြောင်းပြောကြား ကြသည်။ လက်ရှိ
အချိန်တွင်မူ၊ ကျေးရွာသားတို့က ယင်း အကြောင်းကို စကားမဟကြချေ။
ဆက်လက်ဖော်ပြပါမည်။
Independent News Journal
No comments:
Post a Comment