ချင်းတွင်းမြစ်
အနောက်ဘက်ကမ်း တစ်လျှောက် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်နှင့်
ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာအချို့တွင် ခွေးသားစားသုံးသူများကြောင့်
ခွေးဝယ်ယူသူများရှိပြီး ခွေးနှင့် ဒေသကြက် လဲလှယ်ဝယ်ယူသည့်စနစ်
ကျင့်သုံးလျက်ရှိကြောင်း သိရှိရသည်။
“ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာ ခွေးသားစားသုံးသူတွေ ရှိလာတဲ့အတွက် ခွေးတွေ ၀ယ်ယူတဲ့အထိ ရှိတယ်။ ခွေးအ၀ယ်တော်က ငွေနဲ့ပေးဝယ်တာ မဟုတ်ဘူး။ ဒေသကြက်တစ်ကောင်နဲ့ တိုက်ရိုက်လဲလှယ်ဝယ်တာ ပြီးခဲ့တဲ့လပိုင်းက ဆားလင်းကြီးမြို့နယ် ကံကုန်း၊ ဒုန်းတော၊ ရွာသာ ကျေးရွာတွေမှာ ခွေးရူးကိုက်ခံရတော့ ခွေးတွေ ရှင်းချင်တာနဲ့ အချို့က ကြက်တောင်မယူဘူး။ ခွေးကို အလကား ပေးပစ်ကြတာ။ ခွေးဝယ်တဲ့သူတွေက ယင်းမာပင်မြို့နယ် ရေကြည်ပင်ကျေးရွာက လာဝယ်တာ”ဟု ဆားလင်းကြီးမြို့နယ် ရွာသာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
“ခွေးသားစားတဲ့သူတွေက ခွေးတွေကို မွေးထားတာ။ ခွေးအ၀ယ်တော်က ခွေးသားစားတဲ့သူတွေကို တစ်ကောင်ခုနစ်ထောင်နဲ့ ပြန်ရောင်းတယ်လို့ ပြောသံကြားတယ်။ ရွာလာဝယ်တော့ ငွေမပေးဘူး။ ကြက်တစ်ကောင်နဲ့လဲတာ။ ရွာမှာကလည်း ခွေးရူးရောဂါကြောက်တော့ အချို့ခွေးကို အလကား ပေးသူတွေရှိသလို အချို့ကြက်နဲ့ လဲလှယ်ကြတယ်။ မြောက်ယမားချောင်း ဘေးဝဲယာကျေးရွာတွေမှာ ခွေးရူးကြောက်လို့ ခွေးအ၀ယ်တော်တွေဆီ ရောင်းပစ်ကြတယ်”ဟု ယင်းမာပင်မြို့နယ် ရေကြည်ပင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်ကျေးရွာအတွင်း ကံကုန်းကျေးရွာအုပ်စုအတွင်း ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာစသည့် ကျေးရွာများတွင် နှစ်စဉ် ခွေးရူးကိုက်ခြင်းနှင့် ကြုံတွေ့ခဲ့ရပြီး ခွေးရူးရောဂါဖြင့် အသက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများတွင် ခွေးပိုင်ရှင်များအနေဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးများထိုးရန် သက်ဆိုင်ရာက နှိုးဆော်ခဲ့သည့်နောက်ပိုင်း ခွေးများအား သုတ်သင်ရှင်းလင်းလျက်ရှိရာ ခွေးအ၀ယ်တော်များထံ ခွေးရောင်းချမှုများ ပိုများလာကြောင်း သိရှိရသည်။
7Day News Journal

No comments:
Post a Comment