ကြားဖူးခဲ့သည်။ စာချိုးကလေး တပိုင်းအစ။ အတိအကျတော့ မဟုတ်။ “လက်ဖက်ရည်
အဖန်သောက်ရင်ဖြင့်၊ ကြက်သ ရေအမှန်ရောက်ပါလိမ့်၊ ကြံသလောက် ပြီးတဲ့သူ”တဲ့။
လက်ဖက်ရည်ကြမ်းဝိုင်းသည် မြန်မာရိုးရာဓလေ့တရပ်။ မြန်မာ့လူနေမှု ယဉ်ကျေးမှုဓလေ့ကို ဖော်ကျူးပေးနိုင်တဲ့ သရုပ်ပြ မှုတခု။
အလုပ်သမားကြီးတွေလည်း လက်ဖက်ရည်ကြမ်းဝိုင်းဖြင့် နားနေအပန်းဖြေကြသည်။
လယ်သမားတွေလည်း လက်ဖက် ရည်ကြမ်းဝိုင်းနှင့် ဘဝအမောတွေကို ဖြေသိမ့်ကြသည်။
အလုပ်သမားတွေ လမ်းဘေးမှာ လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့ပြီး နားနေကြတာကို
သင့်လည်း မြင်တွေ့ဖူးခဲ့လိမ့်မည်။ ကျေးလက်တွေမှာလည်း
လက်ဖက်ရည်ကြမ်းဝိုင်းလေးတွေ ရှိခဲ့ သည်။ လက်ဖက်ရည်ကြမ်းတွေမှာ ထွေရာလေးပါး
ပြောဆိုဆွေးနွေးခဲ့ကြသည်။ “အဖန်ရေ သောက်သည်” ဟုလည်း ခေါ်တတ်သည်။
“ရေနွေးကြမ်းဝိုင်း” ဟုလည်း သုံးသည်။
ဧည့်စောင်လာရင်လည်း လက်ဖက်ရည်ကြမ်းဝိုင်းဖြင့် ဧည့်ခံတတ်သည်မှာ ကျေးလက်၏
ပျူငှာဖော်ရွေသော သဘောကို ဖော်ပြနေသည်။ မသိသော ဧည့်သည်ကိုပင်
လက်ဖက်ရည်သောက်ဖိတ်ပြီး ဧည့်ခံမိတ်ဖွဲ့ကြသည်။ လက်ဖက်ရည်ကြမ်း ဝိုင်းတွင်
ထညက်ခဲလေးများနှင့် ဧည့်ခံသည်။ ပဲကြော်သုတ်ကလေးလည်း ပါတတ်သည်။ ဘာမှ
မရှိသည့်အခါ သကြား ကို ပန်းကန်ထဲ ထည့်ပြီး လက်ဖက်ရည်အမြည်းအဖြစ်
ဧည့်ခံတတ်သော အညာကျေးလက်ဒေသလည်း ရှိသည်။ ငပိဖုတ်ကို အမြည်းလုပ်
သောက်ကြသည်လည်း ရှိသည်။
ပျူငှာသော သဘောသာမက ရိုင်းပင်းသော သဘောကိုလည်း လက်ဖက်ရည်ကြမ်းဝိုင်းက
ဖော်ပြပေးသည်။ လက်ဖက် ရည်ကြမ်းဝိုင်းတွင် ရင်းနှီးစွာ ဝိုင်းဖွဲ့ရင်း
ဘဝတူချင်း ရိုင်းပင်းသော စိတ်ဓာတ်တွေ မွေးမြူခဲ့ကြသည်။
ယခုတော့ လွမ်းဆွတ်ဖွယ်ဓလေ့တရပ် ရှိခဲ့သည်ဟုသာ ဆိုရတော့မည် ထင်သည်။
သည်ဓလေ့ အတော်ကြီးကို မှေးမှိန် လျော့ပါးစ ပြုလာပြီ။ ဧည့်သည်ကို
ထမင်းစားဖိတ်ဖို့ မပြောနှင့် လက်ဖက်ရည်ကြမ်း သောက်ဖို့ပင်
မဖိတ်နိုင်ကြတော့ပြီ။ ရှားပါးသော ခေတ်ကြီးအခြေအနေကို ဖော်ပြထင်ဟပ်ချက်ဟု
ဆိုရမည်။
ဟိုတုန်းက လက်ဖက်ခြောက်ကြမ်းကြမ်းကြီးတွေကြောင့် နီရဲနေသော
လက်ဖက်ရည်ကြမ်းကို အားပါးတရသောက်ရင်း ကျေနပ်နှစ်သိမ့်နေတတ်သော
မြန်မာလူမျိုးတွေကို ဟိုနေရာ ဒီနေရာ မြို့ပြကျေးလက် နေရာအနှံ့
တွေ့နိုင်ခဲ့သည်။ အခု တော့ သည်သို့ မဟုတ်ပြီ။
မြို့တွေပေါ်က လက်ဖက်ရည်အချိုဆိုင်တွေမှာတော့ လက်ဖက်ရေးကြမ်းပေးသော ဓလေ့
ကျန်နေသေးသည်။ ဟိုတုန်း ကလို ဖောဖောသီသီတော့ မဟုတ်။ ဆိုင်လာသူ ဘယ်နှစ်ယောက်
ဘာမှာ သောက်သည်၊ ဘာမှာ စာသည်ဆိုသည်ကို အကဲခတ်ပြီး လက်ဖက်ရည်ကြမ်းကို
အတိုင်းအတာဖြင့် ချပေးတတ်ကြသည်။
အခုခေတ်တွင် တောတွေမှာ လက်ဖက်ရည်ကြမ်းသောက်နိုင်သူဆိုသည်မှာ အတော်အတန်
စီးပွားရှိသူဟု တွက်ဆရ မည့် အခြေအနေမျိုး ရောက်နေသည်။ လက်ဖက်ရည်ကြမ်း
သောက်လွန်းမက သောက်ချင်လာသည့် ဆင်းရဲသားများ ခမျာ လက်ဖက်ရည်
သောက်နိုင်သူတို့ရဲ့ အိမ်ကို သွားပြီး “လက်ဖက်ရည်ကြမ်း တပုဂံလောက်
ပေးတိုက်စမ်းပါဗျာ” ဟု တောင်းသောက်ရသည့် ဘဝ ရောက်နေပြီ။ ဟိုတုန်းကလည်း
လက်ဖက်ခြောက်ဖိုးမရှိလို့ လက်ဖက်ရည်ကြမ်း မသောက် နိုင်ကြသည့်သူများ
ရှိခဲ့ပါသည်။ သို့ရာတွင် အနည်းစု ဖြစ်သည်။ ယခုမူ ကျနော် ထိတွေ့ရသမျှ
ကျေးလက်ဒေသများတွင် အများစုလို ဖြစ်လာသည်။
ကျနော်က လက်ဖက်ရည်ကြမ်း ကြိုက်သည်။ လက်ဖက်ခြောက်က
ကင်ဆာကာကွယ်နိုင်သည်ဆိုတဲ့ စာတွေ ဖတ်ထားရ လို့လည်း ပိုလို့ သောက်ဖြစ်သည်။
ကျေးလက်က ကျနော်တည်းခိုသည့်အိမ်တွင် ကိုယ့်မှာ ပါလာသည့် လက်ဖက်ခြောက်
အထုပ်ကလေး ဖြေနေချိန် ဆင်းရဲသား မိန်းမကြီးတယောက်က မြင်တွေ့သွားသည်။
သူ့ခမျာ သိချင်စိတ်ကို ချုပ်တည်း မထားနိုင်တော့။ “ဟယ်…ဘာလေးတွေလဲတော့”ဟု
ဆိုပြီး လာကိုင်ကြည့်သည်။ နိုင်ငံခြားက လက်ဖက်ခြောက် အမျိုး အစားကောင်းမို့
လက်ဖက်ညွန့်အခြောက်ကလေးတွေက သေးမျှင်နေသည်။ လက်ဖက်ရည်ခပ်လိုက်တော့ လက်ဖက်
ရည်အရောင်ကိုက စိမ်းနုနု ဝါလဲ့လဲ့ အရောင်လှနေသည်။ သူ့အဖော်တွေကို
သွားခေါ်ပြန်သည်။ ဆင်းရဲသား မိန်းမကြီး တွေနဲ့ သက်ကြီးရွယ်အို လူကြီးတွေ
လာပြီး လက်ဖက်ခြောက်လေးတွေကို ကိုင်ကြည့်ကြသည်။ ကျနော့်ရင်ထဲ နင့်ခနဲ
ဖြစ်သွားရသည်။ စိတ်မကောင်း။ ဒါမျိုး လက်ဖက်ခြောက်ကို တသက်နှင့်တကိုယ်
သူတို့ တခါမျှ မမြင်ဖူးခဲ့ဟု ဆိုကြသည်။ သူတို့ကို လက်ဖက်ရည်တိုက်ရင်း
နိုင်ငံခြားမြို့ကြီးတွေမှာ လက်ဖက်ရည်ကြမ်း ရောင်းသည့်ဆိုင်တွေ ရှိကြောင်း၊
သိပ် ဈေးကြီးကြောင်း၊ လက်ဖက်ရည်တခွက်ကို ဗမာငွေနှင့်ဆိုလျှင်
သောင်းချီပြီး ပေးရသည့် လက်ဖက်ခြာက် အမျိုးအစား များလည်း ရှိကြောင်း
ပြောပြတော့ ဟယ်ခနဲ ဟင်ခနဲ ဖြစ်ကြသည်။ သူတို့အနေနှင့်မူ
လက်ဖက်ခြောက်ထုပ်မဆိုထားနဲ့ လက်ဖက်ခြောက်ကလေးတွေ လက်လီဝယ်ဖို့ပင်
မတတ်နိုင်တော့ပြီဟု ဆိုလာကြသည်။
ပြောပြီး ငေးငိုင်တိတ်ဆိတ်သွားကြသည်။ သေးမျှင် တွန့်လိမ်ခြောက်သွေ့နေသော
သည်လက်ဖက်ခြောက်ဖတ် ကလေး များနှင့် သူတို့၏ဘဝတန်ဖိုးကို
ချိန်စက်တွေးတောနေသည်များလား မသိ။
ဧရာဝတီမြစ်ကြီး စီးမြဲစီးပါစေ။ မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
အမွေအနှစ်တွေ တည်မြဲတည်ပါစေ။ မြန်မာလူမျိုးတွေ လက်ဖက်ရည်
သောက်မြဲသောက်ပြီး ကြက်သရေ ရောက်မြဲရောက်ပါစေ။ ယဉ်ကျေးမှု ရိုးရာ
နွယ်ယှက်မြဲ နွယ်ပါစေ။ လက်ဖက်ရည်ကြမ်းဝိုင်းလေးတွေ ရှိမြဲရှိပါစေဟု
ဆန္ဒပြုမိပါသည်။
နေ့သစ် သတင်းမှ
No comments:
Post a Comment