menu

Tuesday, 29 October 2013

အိန္ဒိယအတိုက်အခံ မဲဆွယ်ဟောပြောပွဲမလုပ်ခင် ဗုံးများပေါက်ကွဲ၊ ငါးဦးသေဆုံး

foreign_idyatak_bloomberg-com

ပတ္တနာ၊ အောက်တိုဘာ ၂၈
အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြို့တော် ပတ္တနာတွင် အတိုက်အခံ BJP ပါတီမှ ဝန်ကြီးချုပ်လောင်း နာရန်ဒါမိုဒီ၏ စည်းရုံးမဲဆွယ် လူထုစုဝေးပွဲ မတိုင်ခင် ဗုံးခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ငါးဦး သေဆုံးသွားခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြ ထားသည်။
သဘောထား တင်းမာသော ဟိန္ဒူအမျိုးသားရေးဝါဒီ မစ္စတာမိုဒီ၏ မိန့်ခွန်းကို နားထောင်ရန် လူထောင်ပေါင်းများစွာ လာရောက်စုဝေးခြင်း မတိုင်ခင် အနီးအနား၌ ဗုံးခုနစ်လုံး ပေါက်ခဲ့ ခြင်းဖြစ်သည်။
စုစုပေါင်း လူ ၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘီဟာပြည်နယ် ဝန်ကြီးချုပ် နီတစ်ရှ်ကူးမားက သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားပေးခဲ့သည်။
“ခုအချိန်မျိုးမှာ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာကို ခန့်မှန်းပြောဆိုဖို့ မသင့်ပါဘူး။ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုး ဆိုတာ မဟုတ်ဘူးလို့ ကျွန်တော်ငြင်းပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် မစ္စတာ ကူးမားက ပြောကြားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး လူနှစ်ဦးကို ဖမ်းဆီးထားကြောင်း၊ မေးမြန်းစစ်ဆေးရန် အတွက်လည်း တော်တော်များများကို ထိန်းသိမ်းထားကြောင်း၊ ထို့ပြင် ဗဟိုအစိုးရကလည်း အကြမ်းဖက်မှုတိုက် ဖျက်ရေး တပ်ဖွဲ့များကို အခင်းဖြစ်ရာဒေသသို့ စေလွှတ်ထားကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။
ရုပ်သံများက ထုတ်လွှင့်သွားသော ဗီဒီယိုပြကွက်များတွင် အခင်းဖြစ်ရာ နေရာများတွင် မီးခိုးလုံးများ အူတက်နေပြီး လူများက ဟိုပြေးဒီပြေး ဖြစ်နေကြသည်။
ရဲတပ်ဖွဲ့ဝင်များက ဒဏ်ရာရသူများ ကို ဆေးရုံပို့ပေးရာတွင် ကူညီသယ်ဆောင် ပေးနေကြပြီး သွေးသံရဲရဲနှင့် လူများကို ဆေးရုံကားများက ခေါ်ဆောင်နေကြသည့် ရုပ်သံသတင်းများကို တွေ့ရသည်။
“ဒဏ်ရာရရှိတဲ့ သူတွေထဲက တစ်ဒါဇင်လောက်ဟာ စိုးရိမ်ရပါတယ်” ဟု ပတ္တနာဆေးရုံကြီးမှ အရာရှိတစ်ဦးက ပြောကြားသည်။
အချို့က ဗုံးဒဏ်ကြောင့် ကြီးကြီးကျယ်ကျယ် ဒဏ်ရာရခြင်းမဟုတ်ဘဲ လူအုပ်ကြီး လန့်ပြီး ထွက်ပြေးကြစဉ် တစ်ဦးနှင့်တစ်ဦး နင်းမိပြီး ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း အဆိုပါဆေးရုံမှ အရာရှိက ဖြည့်စွက်ပြောကြားသည်။
ဟိန္ဒူဘာသာဝင် များနှင့် မွတ်ဆလင်များ စည်းလုံးညီညွတ်စွာ နေထိုင်ခြင်းဖြင့် ဘီဟာပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်သင့်ကြောင်း ဟိန္ဒူခေါင်းဆောင် နာရန်ဒါမိုဒီက အဓိက မဲဆန္ဒနယ်မြေတွင် ပြုလုပ်သည့် စည်းရုံးလှုံ့ဆော်ပွဲတွင် ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis