အိန္ဒိယရုပ်သံ NWS ထံမှ ရရှိခဲ့သော ဗီဒီယိုပြကွက်တွင် မွမ်ဘိုင်းရှိ အိန္ဒိယ ရေတပ်သင်္ဘောကျင်း၌ သြဂုတ် ၁၄ ရက်က မီးလောင်မှုကို တွေ့ရစဉ် (Photo:AFP)
ရုရှားတွင် ပြုပြင်မွမ်းမံပြီး ပြန်လည်ပေးပို့ ထားသည်မှာ တစ်နှစ်ပင် မပြည့်သေးသော အိန္ဒိယ ရေငုပ်သင်္ဘော တစ်စင်းမှာ မွမ်ဘိုင်းမြို့ ဆိပ်ကမ်းတစ်ခုတွင် သြဂုတ် ၁၄ ရက် အစောပိုင်းက ပေါက်ကွဲနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲချိန်က သင်္ဘောပေါ်တွင် ရှိနေသော သင်္ဘောသား ၁၈ ဦးအနက် သေဆုံးသူ မည်မျှရှိနေသည်ကို မသိရသေးကြောင်း သိရသည်။
ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး INS Sindhurakshak ရေငုပ်သင်္ဘောကို ရုရှားတွင် အဓိကပြုပြင် မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး အိန္ဒိယသို့ ပြန်လည်ပေးပို့ထားခြင်း ဖြစ်သည်။ အရုဏ်တက်ချိန် ၀န်းကျင်တွင် ရေငုပ်သင်္ဘော ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်အား NDTV ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် နာရင်ဒရာကူမားဝီပုသီက ပြောကြားခဲ့သည်။ မီးလောင်မှုဖြစ်ရသည့် အကြောင်းရင်း တစ်ခုမှာ ဘက်ထရီစနစ် ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသော ရေတပ်အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သော်လည်း ကောက်ချက်ချရန်မှာ စောလွန်းနေသေးကြောင်း ပြောကြားခဲ့သည်။
ယင်းသင်္ဘော၏ လက်နက်များ တပ်ဆင်မှုနှင့် စက်ပိုင်းဆိုင်ရာတို့အတွက် အလုံးစုံ ပြုပြင်ပေးခဲ့သော ရုရှားကုမ္ပဏီ Zvyoz-dochka မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကမူ ယင်းသင်္ဘောကို ယခုနှစ် ဇန်န၀ါရီတွင် ပြန်လည်ပေးပို့သည့် အချိန်က အပြည့်အ၀ အသုံးပြုနိုင်သည့် အခြေအနေတွင် ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီက တိုင်းပြည်တာဝန် ထမ်းဆောင်နေစဉ် အသက်ဆုံးရှုံးခဲ့ရသော သင်္ဘောသားများအတွက် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သော်လည်း သေဆုံးသူ မည်မျှရှိကြောင်းကိုမူ မပြောကြားခဲ့ပေ။
အိန္ဒိယသည် ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောနှင့် ပထမဆုံး ပြည်တွင်းဖြစ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတို့ကို ထုတ်ဖော်ပြသခဲ့ပြီး ရက်ပိုင်းအတွင်း ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီတွင်လည်း အဆိုပါ ရေငုပ်သင်္ဘောသည် အန်ဒရာပရာဒေ့ပြည်နယ်ရှိ ၀ိသာခါပါသမ် ဆိပ်ကမ်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပြီး အသက် ၂၄ နှစ်ရှိ သင်္ဘောသားတစ်ဦး သေဆုံးခဲ့သည်။
ရုရှားထံမှ ရရှိခဲ့သော ယင်းရေငုပ်သင်္ဘောကို ၁၉၉၇ ခုနှစ်တွင် အိန္ဒိယက စတင်အသုံးပြုခဲ့သော်လည်း ရေငုပ်သင်္ဘောသစ်များတွင် ပါဝင်သော ဘေးကင်းစေရေး ကိရိယာအချို့ မပါဝင်ကြောင်း သိရသည်။ မတော်တဆမှုများ ဖြစ်ပွားပါက ခေတ်သစ်ရေငုပ် သင်္ဘောများကဲ့သို့ ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကြောင်းများ မရှိကြောင်း IHS Jane's Defense Weekly မှ ကာကွယ်ရေး ကျွမ်းကျင်ပညာရှင် ရာအူးဘီဒီက ပြောကြားခဲ့သည်။
Ref:AFP
Eleven Media Group
No comments:
Post a Comment