menu

Sunday, 27 January 2013

ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက်အတွက် အများပိုင်ဘဏ်များ လုပ်ကိုင်လာ

Photo: ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက်အတွက် အများပိုင်ဘဏ်များ လုပ်ကိုင်လာ

ခင်မျိုးသွယ် | စနေနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၃၁ မိနစ် 

 ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့ အိပ်ချိန်း ဈေးကွက် (Stock exchange market)အတွက် အများပိုင် ဘဏ်များ ဖွဲ့စည်းလုပ်ကိုင်လာကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။ 

“အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ် အနေနဲ့ အများပိုင်ဘဏ် လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီများ မှတ်ပုံတင်ဌာနမှာ တင်ထားပြီးပါပြီ။ ကုမ္ပဏီ ဖွဲ့ခွင့် ရပြီဆိုရင် ပြည်ပက ပညာရှင်တွေကို ခေါ်ပြီး ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု၊ လုပ်ငန်း အနေအထားတွေကို သုံးသပ်ပြီး ရှယ်ယာတန်ဖိုး သတ်မှတ်ပြီး ထုတ်ရောင်းပေးမှာပါ” ဟု ၎င်းဘဏ်မှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေ က ပြောသည်။

ထို့ပြင် “နိုင်ငံခြားသား လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရတာတွေ ရှိပါတယ်။ ပြည်ပက လာရင် အများစုက အများပိုင်ကုမ္ပဏီတွေ များတယ်။ အများပိုင်ဆိုတာက ပုဂ္ဂလိကထက် ပိုခိုင်မာတယ်။ သူတို့ဆီက လာလိုက်ရင်လည်း ရင်းနှီးမြှုပ်နှံမူတွေက အကြီးကြီးတွေ များတယ်။ ဒါကြောင့် ၂၀၁၅ မှာ ရန်ကုန် စတော့အိပ်ချိန်း ဈေးကွက်အတွက် လိုအပ်တဲ့အခါ ရှယ်ယာ ရောင်းနိုင်အောင် အခုကတည်းက ပြင်ဆင်ထားတာပါ” ဟု ၎င်းက ဆက်ပြောသည်။

 ထိုသို့ အများပိုင်ဘဏ် ပြောင်းလဲသည့်အခါ ပထမအဆင့် အနေဖြင့် ဘဏ်ဝန်ထမ်းများကို ရှယ်ယာများ အခမဲ့ ပေးမည်ဖြစ်ပြီး ဒုတိယဆင့် အနေဖြင့် ရှယ်ယာများကို အများပြည်သူများသို့ ရောင်းချပေးသွားမည် ဖြစ်သည်။ 

 “ကုမ္ပဏီဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လုပ်ငန်းပိုင်ဆိုင်မှု တစိတ်တဒေသကို ဝန်ထမ်းတွေကို ပေးအပ်ဖို့နဲ့ အမြတ်အစွန်းရတဲ့ ဘဏ်လုပ်ငန်းက ရရှိမယ့် အမြတ်ကို အများပြည်သူတွေကို မျှဝေခံစားခွင့်ပြုဖို့နဲ့ နိုင်ငံတကာဘဏ်တွေကို ယှဉ်ပြိုင်တဲ့အခါ အကြီးဆုံး အများပိုင်ဘဏ်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ ဒါရိုက်တာတဦးက ဆိုသည်။ 

ယင်းဘဏ်ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ပြီး ရုံးချုပ်ကို ပန်းပဲတန်းမြို့နယ်၊ ဆူးလေ ဘုရားလမ်းပေါ်တွင် ဖွင့်လှစ်ထားကာ ဘဏ်ခွဲပေါင်း ၂၅ ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အများပိုင်ဘဏ်များအနေဖြင့် ပထမပုဂ္ဂလိကဘဏ်၊ ရိုးမဘဏ်၊ မြန်မာ နိုင်ငံသားများဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် စသဖြင့် ဖွဲ့စည်းလုပ်ကိုင်ပြီးဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ Mizzima - News in Burmese  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis