menu

Thursday, 26 April 2012

ပဲခူးဆယ်မိုင်ကုန်းရှိ ဧကတစ်ရာ ကျယ်ဝန်းသည့် မြေနေရာ၌ ရုပ်ရှင်စတူဒီယို တစ်ခု တည်ဆောက် အသုံးပြုနိုင်ရန် မကြာမီ အကောင်အထည် ဖော်သွားမည်




e7294 ပဲခူးဆယ်မိုင်ကုန်းရှိ ဧက တစ်ရာ ကျယ်ဝန်းသည့်မြေနေရာ၌ ရုပ်ရှင်လောကသားများ အသုံးပြုနိုင်သည့် ရုပ်ရှင်စတူဒီယိုတစ်ခုကို တည်ဆောက် အသုံးပြုနိုင်ရန် မကြာမီ အကောင်အထည်ဖော် သွားမည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်စတူဒီယို တည်ဆောက်ရေး လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့်ညှိနှိုင်းမှုများ ပြုလုပ်ကာ ဆောင်ရွက်သွား မည်ဟု သိရသည်။

“ရုပ်ရှင်လောကသားတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ရုပ်ရှင်စတူဒီယိုတစ်ခုကို မကြာမီ အကောင် အထည်ဖော်သွားမှာပါ။ မြေနေရာ အတွက် ပဲခူးတိုင်း ဆယ်မိုင်ကုန်းမှာရှိတဲ့ ဧကတစ်ရာ ရရှိထားပြီးပါပြီ။ အဲဒီမြေနေရာပေါ်မှာ ရုပ်ရှင်စတူဒီယိုကို ဆောက်လုပ်ဖို့အတွက်လည်း ရွှေသံလွင်ကုမ္ပဏီက ကမ်းလှမ်းထားပါတယ်။ ဒါကြောင့် ညှိနှိုင်းမှုတွေစပြီး ဆောင်ရွက်နေတယ်လို့ ဆိုရမှာပါ။ သူတို့အနေနဲ့ ဆောက်လုပ်ပေးမယ် ဆိုရင်လည်း ဘယ်လိုနှောင်ကြိုးတွေနဲ့ ဆောက်လုပ်ပေးမှာလဲ၊ လွတ်လပ်စွာ အသုံးပြုခွင့်ပေးမှာလား၊ ရုပ်ရှင် လောကသားတွေက ငှားရမ်းအသုံးပြုရမှာလား ဆိုတာတွေကို အသေးစိတ် ဆွေးနွေးရပါမယ်။ အဲဒီညှိနှိုင်းမှုတွေ ပြီးသွားလို့ တည်ဆောက်တဲ့အပိုင်း ကျရင်တော့ လပိုင်းလောက်နဲ့ ပြီးနိုင်အောင် ကြိုးစားသွားပါမယ်။ မရှိမဖြစ် လိုအပ်တဲ့အရာဆိုတော့ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ကြိုးစားသွားပါမယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက ရှင်းပြခဲ့သည်။
ဒါရိုက်တာတစ်ဦးကလည်း “ကျွန်တော်တို့ ရုပ်ရှင်လောကအတွက် စတူဒီယိုဆိုတာ မရှိမဖြစ်လိုအပ် ပါတယ်။ ရုပ်ရှင်ရိုက်ကူးမယ်ဆိုရင် ရှုတင်အိမ် လေးငါးအိမ်ရယ်၊ မျှော်စင်ကျွန်းတို့ စိမ်းလန်းစိုပြေ တို့ရယ်လောက် လှည့်ပတ် ရိုက်နေကြရတာ။ ဒီတော့ ပရိသတ်တွေအတွက်လည်း ကြာတော့ ငြီးငွေ့စရာ ဖြစ်လာတာပေါ့လေ။ တကယ့်ကို အကျိုးရှိတဲ့ ထိရောက်တဲ့ စတူဒီယိုတစ်ခု ပေါ်ထွက်လာနိုင်အောင် ဆောင်ရွက် နိုင်မယ်၊ ရုပ်ရှင်လောကသား အားလုံးလည်း လွတ်လပ်စွာနဲ့ သင့်တင့်သော ဈေးနှုန်းဆိုတာမျိုးနဲ့ ရိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ” ဟု သူ၏အမြင်အား သုံးသပ်ခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis