တတိယ အကြိမ်မြောက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက် ကချင်ပြည်နယ်အတွင်း ထိုးစစ် ဆင်နေသည့် အစိုးရတပ်များ ရုတ်သိမ်းပေးရန် ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့က ဦးဂျီးနောင်က ပြောဆိုသည်။
ကေအိုင်အို ဗဟိုကော်မတီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်က အပစ်အခတ် ရပ်စဲရေးကို အရင် မလုပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲကို ဆွေးနွေးလိုခြင်းမှာ ယခင် တပ်မတော် အစိုးရလက်ထက် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကပင် နိုင်ငံတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့သော်လည်း နိုင်ငံရေး ဆွေးနွေးမှု လုံးဝ မပြုလုပ်နိုင် ခဲ့ကြောင်း၊ ယခင် တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေး ဆွေးနွေးပိုင်ခွင့် မရှိသဖြင့် နောင်တက်လာမည့် အစိုးရသစ်နှင့်သာ ဆွေးနွေးပါဟု ပြောကြားခဲ့ကြောင်၊း ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ စတင် ဖြစ်ပွားလာရာ ယခင် အတွေ့အကြုံများကြောင့် အပစ်အခတ် ရပ်စဲခြင်း မပြုလိုသေးပဲ နိုင်ငံရေး ဆွေးနွေးမှုကို အရင် ဆောင်ရွက်လိုကြောင်း ရှင်းလင်း တင်ပြသည်။
နှစ်ဦးနှစ်ဖက်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် မချုပ်နိုင်သေးသ၍ တပ်များ ရုတ်သိမ်းရန် မဖြစ်နိုင် သေးဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြောသည်။
ကေအိုင်အေသို့ ထိုးစစ်ဆင်နေသည့် အစိုးရတပ်များ မဆုတ်သေးသ၍ အပစ်အခတ် ရပ်စဲရေး မဖြစ်နိုင်သေး ကြောင်း အပစ်အခတ် ရပ်စဲရန် တာဝန်မှာ အစိုးရတွင် ရှိကြောင်း ဦးဂျီးနောင်က ဆက်လက် ပြောကြားသည်။
" တပ်တွေ အများကြီး ရှိနေတာ ယုံကြည်မှု မရှိသေးဘူးလို့ ခံစားရတယ် " ဟုလည်း ၎င်းက ဆိုသည်။
" ဇွန်လ ၉ ရက်နေ့ နောက်ပိုင်း အခြေအနေတွေ ထိန်းဖို့ အစိုးရတပ်တွေ များလာတာပါ၊ အပစ်အခတ် ရပ်စဲလိုက်ရင် တပ်တွေ လျော့သွားမယ်၊ တပ်တွေ ရှိနေသမျှတော့ ပြသနာတွေ ဖြစ်နေအုန်းမှာပဲ " ဟု ဦးအောင်သောင်းက ပြောသည်။
အပစ်အခတ် ရပ်စဲမှု တစ်စုံတစ်ရာ မရှိလျှင် တပ်များ ရုတ်သိမ်းပေးရန် မဖြစ်နိုင်ကြောင်း ဦးအောင်သောင်းက ၎င်း၏ ကိုယ်ပိုင်အမြင်ကို ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရွှေလီမြို့တွင် မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူညီမှုအချို့ ရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly
No comments:
Post a Comment