menu

Wednesday, 18 January 2012

ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲထားရှိမည်

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကြိုတင်မဲ ထားရှိမည်ဖြစ်ပြီး ရပ်/ကျေးနှင့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ပြဋ္ဌာန်းထား ရှိသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျ လုပ်ကိုင်ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၌ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ကြားဖြတ်ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ကြိုတင်မဲထားရှိရေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲကိစ္စက တော်တော်ကို အငြင်းပွားစရာဖြစ်သွားခဲ့တယ်။ ဒီတော့ ခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲကိစ္စကိုတော်တော် တိတိကျကျလုပ်ရမှာပါ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကလည်း မှန်မှန်ကန်ကန်နဲ့ လုပ်လိမ့်မယ်လို့ ထင်ပါတယ်” ပာု ပြောကြားခဲ့သည်။
ကြိုတင်မဲနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားသည်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ မဲပေးရမည့်နေ့တွင် ကိုယ်တိုင် မဲမပေးနိုင်သူများဖြစ်သည့် ခရီးသွားရမည့်သူများ၊ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရန်ရှိသူများ၊ နာမကျန်းဖြစ်နေသူများနှင့် ဆေးရုံတက်နေသူများ၊ အချုပ်ခန်းရောက်နေသူများမှာ မဲပေးရမည့် ရက်မတိုင်မီ နှစ်ရက်ကြိုတင်၍ ကြိုတင်မဲပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြည်တွင်းရှိ နိုင်ငံရေးပါတီများကလည်း ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ တရားမျှတမှုရှိစေရန် ကြိုတင်မဲကိစ္စအား ရှင်းလင်းသိသာ နိုင်စေရန် ဆောင်ရွက်သင့်ပြီး ကြိုတင်မဲ စနစ်ကို ဥပဒေနှင့်အညီ ဝင်ရောက်ကြည့် ရှုခွင့်ပေးရန်နှင့် ကိုယ်စားလှယ်လောင်းများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်ချက် များကို ခွင့်ပြုပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုက်တွန်းပြောဆိုခဲ့သည်။
YC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis