ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်ကို ဇန်န၀ါရီလ ၁၁ ရက်နေ့က ဒိန်းမတ်ပါလီမန်တွင် တွေ့ရစဉ်
ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ မူဝါဒဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်သည် မြန်မာနိုင်ငံသို့ မကြာမီလာ ရောက်လည်ပတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံကို ကူညီပေးရန်အတွက်လည်း စဉ်းစားနေကြောင်း သူ၏ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်မန်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ အဖွဲ့ဝင် ၂၇ နိုင်ငံရှိသော ဥရောပသမဂ္ဂသည် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ဘရက်ဆဲလ်၌ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံအရေးကို ဆုံးဖြတ်မည်ဖြစ်သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက ဖေဖော်ဝါရီလတွင် ပိတ်ဆို့အရေးယူမှုများ စတင်ရုပ်သိမ်းရန် စဉ်းစားထားမှုကို ကြေညာသွားဖွယ်ရှိသည်။ ဧပြီလလယ်တွင် ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ သုံးသပ်မှုများကို ဆောင်ရွက်သွားရန်ရှိသော်လည်း အချို့နိုင်ငံများက ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများမတိုင်မီ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုကြောင်း ဥရောပသမဂ္ဂ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးတိုက်တွန်းရန်အတွက် ဥရောပသမဂ္ဂအတွင်း ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း ဗြိတိန်နှင့် နောဒစ်နိုင်ငံအချို့က ဧပြီလ ရွေးကောက်ပွဲများကို စောင့်ကြည့်လိုသော်လည်း ပြင်သစ်၊ ဂျာမနီအပါအ၀င် အခြားဥရောပနိုင်ငံများက ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို အားပေးရန်အတွက် လျင်လျင်မြန်မြန် ဆောင်ရွက်လိုကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီက ရေးသားခဲ့သည်။
ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံကို ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများကို ယမန်နှစ်က တစ်နှစ် သက်တမ်းတိုးထားခဲ့သော်လည်း မကြာသေးခင်က ခရီးသွားလာမှုနှင့် ဘဏ္ဍာရေးထိန်းချုပ်ထားမှုများကို ဖယ်ရှားပေးခဲ့သည်။ ဥရောပ သမဂ္ဂသည် အကူအညီပေးရေးအစီအစဉ်များကို စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးလုပ်ငန်းများတွင် ကူညီရန်အတွက် ရန်ကုန်မြို့တွင် ရုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ကြေညာခဲ့သည်။
By EMG
No comments:
Post a Comment