အရုပ်နှင့် အသံပိုင်းဆိုင်ရာ အရည်အသွေးကို မြှင့်တင်ရိုက်ကူးထားသည့် ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင် ဇာတ်ကား အထူးပွဲပြသခြင်းကို ဇန်န၀ါ ရီလ၂၁ရက်နေ့ကရန်ကုန်မြို့သမ္မတ ရုပ်ရှင်ရုံ၌ပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသူများ၊ ဇာတ်ကားတွင် ပါဝင်ဖန်တီးထားကြသူများနှင့် မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင် ဇာတ်ကားသည် မန္တလေးတက္ကသိုလ်၌ ဆုံတွေ့ခဲ့ကြရသည့် ဘ၀ဖြတ်သန်းရပုံချင်း မတူညီသည့် သူငယ်ချင်းများ၏ သံယောဇဉ်နှင့် နှစ်ကာလများစွာ အသီးသီးရုန်းကန် ကြိုးစားခဲ့ကြရပြီးနောက် ပြန်လည်ဆုံတွေ့ကြပုံကို ပုံဖော်ထားခြင်းဖြစ်ပြီး တက္ကသိုလ်နောက်ခံ မြင်ကွင်းများနှင့် ဆွတ်ပျံ့ကြည်နူးဖွယ် လူငယ်ဘ၀ဖြတ်သန်းမှု ပုံရိပ်များကို မြင်တွေ့ခွင့်ရမည်ဖြစ်သည်။
‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားအား HD 900R Camera ဖြင့် ရိုက်ကူးခဲ့ပြီး ထိုင်းနိုင်ငံဘန်ကောက် မြို့ရှိ Technicolor Co.,Ltd တွင် အဆင့်မြင့် အရုပ်အသံများ ပြုလုပ်ခြင်း၊ အင်္ဂလိပ် subtitle ရေးထိုးခြင်း၊ Color Correction များကို အထူးပြုလုပ်ခြင်းနှင့် ဇာတ်ကားထုတ်လုပ်မှု ကိစ္စများအား ဆောင်ရွက်ခဲ့သည်ဟု သိရှိရသည်။ ဇာတ်ကားတွင် မန္တလေးမြို့၏ ရှုခင်းများ၊ ပုဂံရှေးဟောင်းစေတီ ပုထိုးများ၊ ရှမ်းပြည်နယ် ကလော၊ အောင်ပန်းရှုခင်းများကို ထည့်သွင်း ရိုက်ကူးထားပြီး အသံပိုင်းဆိုင်ရာ အဆင့်မြင့်ကောင်းမွန်ရန် အတွက် အသံလိုင်းပေါင်း ၂၀၀ အသုံးပြု ထားသည်ဟု သိရသည်။
‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင် ဇာတ်ကားသည် ခင်ခင်ထူး၏၀တ္ထုကို နေ၀င်းမြင့် ဇာတ်ညွှန်းရေးသား၍ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးပြီး သရုပ်ဆောင် နိုင်းနိုင်း၊ ရဲအောင်၊ ဖြိုးငွေစိုး၊ အောင်အောင်၊ မင်းထက်ကျော်ဇင်၊ စည်သူမောင်၊ ကျော်ကျော်ပိုင်မှူး၊ ဇင်မျိုး၊ သက်မွန်မြင့်၊ မေကဗျာ၊ ခင်လေးနွယ်၊ သင်းသင်းယုလှိုင်၊ ဟေမာန်အောင်အောင်၊ သီရိရှင်းသန့် တို့ အဓိက ပါဝင်ထားသည်ဟု သိရသည်။
EMG
No comments:
Post a Comment