![]() |
| အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာ ၁၁ ရက်က လွတ်မြောက်လာသည့် ကိုဒီငြိမ်းလင်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် |
မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သော ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွတ်မြောက် လာခဲ့သည်။
ယခု ထပ်မံလွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးတွင် ယခုအစိုးရ လက်ထက်တွင်မှ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချ ခံခဲ့ရသည့် အကျဉ်းသားများလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
လွတ်မြောက်လာခဲ့သူများမှာ အင်းစိန်ထောင်မှ ၁၁ ဦး၊ မန္တလေးထောင်မှ တစ်ဦး၊ တောင်ကြီးထောင်မှ တစ်ဦး၊ ပုသိမ်ထောင်မှ နှစ်ဦး၊ သာယာဝတီထောင်မှ နှစ်ဦး၊ ဘားအံထောင်မှ တစ်ဦး၊ တောင်ငူထောင်မှ တစ်ဦး၊ ကော့သောင်းထောင်မှ လေးဦး၊ သထုံထောင်မှ ၁၀ ဦး၊ ပဲခူးထောင်မှ ခြောက်ဦး၊ မြစ်ကြီးနားထောင်မှ တစ်ဦးနှင့် ဘူးသီးတောင်ထောင်မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
အင်းစိန်ထောင်မှ လွတ်မြောက်လာသူများတွင် မကြာသေးမီကမှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြင့် ထောင်ကျထားသူ အများစု ပါဝင်လာခဲ့ကြောင်း သိရသည်။


















