Thursday, 19 September 2013

ဖုန်းကံစမ်းမဲပေါက်သည်ဆိုပြီး ဘုန်းကြီးကိုပါ လိမ်လည်ရန်ကြိုးပမ်း

ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၂ မိနစ်

တယ်လီဖုန်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ငွေကြေးလိမ်လည်သူများက ဘုန်းကြီးတစ်ပါးကိုလည်း လိမ်လည်ရန် ကြိုးပမ်းခဲ့သည့်အတွက် ဗဟန်းရဲစခန်းက စက်တင်ဘာ ၁၇ ရက်တွင် အမှုဖွင့်ပြီး တရားခံကို ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါအမှုကို ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်ရပ်၊ ရွှေဂုံတိုင်လမ်း၊ သဒ္ဓမ္မ၀ံသ ကျောင်းဆရာတော် ဦးတိလောက က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်က ၄င်းဖုန်းဆီသို့ ၀၉ ၄၃--------ဖုန်းနံပါတ်ဖြင့် ဆက်သွယ်လာပြီး ငွေသိန်း(၄၅၀) တန်ဖုန်း ကံစမ်းမဲပေါက်ကြောင်း ပြောကြားမှုရှိလာသည်ဟု အမှုဖွင့်ရာတွင် ဆရာတော်က ထွက်ဆိုထားသည်။

ထို့ပြင် အဆိုပါဆက်သွယ်လာသူက အခွန်ငွေအဖြစ် ငွေကျပ် ၁၃၅၀,၀၀၀အား တာမွေမြို့နယ်ရှိ မွေးမြူရေးဘဏ်သို့ လွဲပေးရန် ဒလမြို့နယ်နေ ဦး---နှင့် အပေါင်းအပါများက ပြောဆိုခဲ့သည်ဟုလည်း ရဲတိုင်ရာတွင် ဆရာတော်က ပြောပြထားသည်။

ထို့ကြောင့် မရိုးမဖြောင့်သောနည်းဖြင့် ငွေလိမ်လည်ရန် သွေးဆောင်သူ ဦး---နှင့် အဖွဲ့အား စုံစမ်းရှာဖွေ ဖော်ထုတ်ပေးရန် တိုင်တန်းထားခြင်းဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဗဟန်းရဲစခန်းက (ပ)၃၆၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး လိမ်လည်ရန်လုပ်ဆောင်သူများကို စုံစမ်း ရှာဖွေလျက်ရှိပြီး ဖမ်းမိပါက ပုဒ်မ ၄၂၀ ဖြင့် တရားစွဲမည်ဟု ဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်သိရှိနိုင်ရန် တရားလိုဖြစ်သူ ဆရာတော် ဦးတိလောကထံသို့ ဆက်သွယ်ရာတွင်မူ အဆက်အသွယ် မရရှိခဲ့ပေ။

ယင်းသို့သော အလားတူလိမ်လည်မှုများမှာလည်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါ်ပေါက်လျက်ရှိသည်။ သမ္မတရုံးမှ ကံစမ်းမဲပေါက်သည်ဟု ဆက်သွယ်ပြောဆိုပြီး အခွန်ငွေကို ကြိုတင်ပေးသွင်းရန် လိမ်လည်ခြင်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ချထားပေးသော တယ်လီဖုန်းနံပါတ်များကို မဲဖောက်ပေးသည်ဟုဆိုကာ လိမ်လည်ကြခြင်းများလည်း ဖြစ်ဖူးကြောင်း မှုခင်းသတင်းများအရ သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment