Thursday, 19 September 2013

ဆေးထိုးမှား၍ ဒုက္ခတဖြစ်ရသည်ဟုဆိုကာ ဆရာဝန်ကို အမှုဖွင့်

ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၅ မိနစ်

ရွှေပြည်သာတွင် ကလေးငယ်တစ်ဦးဆေးထိုးမှား၍ ဒုက္ခိတဘ၀ရောက်ရသည်ဟုဆိုကာ ဆရာဝန်တစ်ဦးကို အရေးယူပေးရန် တိုင်တန်းလိုက်သဖြင့် လှော်ကားနယ်မြေရဲစခန်းက စက်တင်ဘာ ၁၇ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါအမှုကို ကလေးငယ်၏ ဖခင်ဖြစ်သူရွှေပြည်သာမြို့နယ်နေ ဦးမောင်ဇော်က အရေးယူပေးရန် အမှုဖွင့် တိုင်တန်းလိုက်ခြင်းဖြစ်သည်။

တရားလို၏ ဇနီးဖြစ်သူဒေါ်ချစ်အေးက အသက်လေးနှစ်ခန့်ရှိ သမီးဖြစ်သူ မစုပြည့်စုံ ကိုယ်ပူဖျားနေသဖြင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆေးခန်းတစ်ခုသို့ မေလ ၇ ရက်က သွားရောက်ပြသခဲ့သည်ဟု ဆိုထားသည်။

ထိုသို့ပြသရာတွင် ဆရာဝန်ဖြစ်သူက ကလေးငယ်၏ ယာဘက်တင်ပါးတွင် ဆေးတစ်လုံးထိုးပေး၍ နှစ်ရက်စာ သောက်ဆေးပေးပြီး ဒေါ်အေးချစ်က ဆေးကုသခ ကျပ် ၁၂၀၀ ပေးကာ အိမ်သို့ပြန်လာခဲ့သည်ဟု ရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ကလေးငယ်မှာ အိမ်အရောက်တွင် ခွေခနဲလဲကျပြီး ၄င်းခြေထောက်လမ်းလျှောက်၍ မရကြောင်း၊ ကယ်ပါဟု ပြောဆိုခဲ့ပြီး နောက်တစ်ရက်ကြာသည်ထိ မသက်သာသဖြင့် အဆိုပါ ဆေးခန်းသို့ပင် သွားရောက်ပြသခဲ့သည်ဟု ဦးမောင်ဇော်က အမှုဖွင့်စဉ်တွင် ရဲအား ပြောထားသည်။

ထို့ကြောင့် ဆရာဝန်က သောက်ဆေး သုံးခွက်စာနှင့် လိမ်းဆေးထပ်မံပေးခဲ့သော်လည်း နောက်တစ်ရက်အကြာထိ မသက်သာသဖြင့် ယင်းဆရာဝန်ထံ ထပ်မံပြသရာတွင် ကလေးဆေးရုံသို့ သွားရောက်ပြသရန် တိုက်တွန်းခဲ့သည်ဟု ဆိုထားသည်။

ရန်ကုန် ကလေးဆေးရုံသို့ သွားရောက်ပြသရာတွင်လည်း ကလေးငယ်မှာ ဆေးထိုးမှားခြင်းဖြစ်ပြီး ချက်ချင်းဆေးရုံတက်ရမည်ဟု ညွန်ကြားခဲ့သဖြင့် ဆေးရုံသို့ တက်ရောက်ကုသခဲ့သည်ဟု ရဲမှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ကလေးငယ်မှာ ဆေးရုံမှ ဆင်းခဲ့ရသော်လည်း မသက်သာဘဲ ခြေထောက်အောက်ပိုင်း သိမ်သွားပြီး ကောင်းစွာ လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတဘ၀သို့ ရောက်ရှိခဲ့ရသည်ဟု ကလေးငယ်ဖခင်က ပြောပြထားသည်။

အဆိုပါ ဆေးထိုးမှားသည့် ကိစ္စဖြင့် ပတ်သက်၍ ဆေးကုသခဲ့သည့် ဒေါက်တာဖြစ်သူက (၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ငွေကျပ် ကိုးသိန်း ဆေးကုသစရိတ်ပေးခဲ့သော်လည်း ကလေးဆေးကုသငွေသည် ကိုးသိန်းထက်မက ကုန်ကျခဲ့သည်ဟု ဖခင်ဖြစ်သူက ဆိုခဲ့သည်။

ထို့ကြောင့်ပင် သမီးငယ်ကလေးငယ်မှ ဒုက်္ခိတဘ၀သို့ ရောက်ရှိခဲ့သဖြင့် အထက်ပါဆရာဝန်ကို အရေးယူပေးရန် အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါဆရာဝန်ကို ဖမ်းဆီးစစ်ဆေးနိုင်ရန် လှော်ကားနယ်မြေ ရဲစခန်းက (ပ)၂၈၂/၂၀၁၃ဖြင့် အမှုဖွင့် ပြီး ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် တရားစွဲတင်နိုင်အောင် လုပ်ဆောင်လျက်ရှိသည်ဟု တိုင်းရဲဌာနက ဆိုထားသည်။
Mizzima News

No comments:

Post a Comment