မြန်မာ့ ရေတပ်မတော်တွင် ရေငုပ်သင်္ဘော တပ်ဆင် အသုံးပြုရန် စီစဉ်နေသည်ဟု
သတင်းများ ပေါ်ထွက်လာခြင်းကြောင့် ယင်းသတင်းများ ခိုင်မာမှု ရှိမရှိ၊
ဖြစ်နိုင်ခြေ ရှိ မရှိနှင့် ဒေသတွင်းအရေး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအပေါ်
မည်ကဲ့သို့သော အကျိုးသက်ရောက်မှုများ ပေါ်ပေါက်လာနိုင်သည်ကို သြစတြေးလျ
အခြေစိုက် Lowy Institute for International Policy မှ ထုတ်ဝေသည့် The
Interpreter တွင် သုံးသပ် ရေးသားထားသည်ကို သာဘာပြန် ဖော်ပြထားခြင်း
ဖြစ်သည်။
မြန်မာနိုင်ငံက
ရေငုပ်သင်္ဘော စွမ်းရည် ပိုင်ဆိုင်နိုင်ရေး ကြိုးပမ်း လုပ်ဆောင်နေသည်ဟု
ပြီးခဲ့သည့် ခြောက်လခန့် အတွင်း သတင်းမီဒီယာများ၊ ဝက်ဘ်ဆိုက်များတွင်
သတင်းများ မကြာခဏ ပေါ်ပေါက် လာခဲ့သည်။ ယင်းသတင်းသာ မှန်ကန်ပါက မြန်မာနှင့်
ဒေသတွင်း အရေးတွင်သာမက အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း တစ်ခုလုံးတွင်ပါ
အရေးပါသော အကျိုးသက်ရောက်မှုများ ပေါ်ပေါက်လာမည် ဖြစ်သည်။မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စိတ်လှုပ်ရှားဖွယ် သတင်းများမှာ အတိတ်ကာလများတွင်လည်း ပေါ်ထွက်ခဲ့ဖူးသဖြင့် သတင်းမှားများ ဟုတ်မဟုတ်ကိုသာ ဆန်းစစ်ရမည် ဖြစ်သည်။ ရေငုပ်သင်္ဘော ရောင်းချမှုနှင့် မြန်မာနိုင်ငံကြား ပတ်သက်မှုမှာ လက်ရှိ တစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၀၃ ခုနှစ်အတွင်းကလည်း အသေးစား ရေငုပ်သင်္ဘော တစ်စင်း သို့မဟုတ် နှစ်စင်းထိ ဝယ်ယူရန် မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဆွေးနွေးခဲ့ကြသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
တန်ချိန် ၁၁၀ ရှိ ယူဂို (Yugo) နှင့် တန်ချိန် ၃၇၀ ရှိ ဆန်အို (Sang-O) အတန်းအစား မြောက်ကိုရီးယား နိုင်ငံထုတ် ရေငုပ်သင်္ဘော အသေးစားများကို ဝယ်ယူရန် မြန်မာနိုင်ငံက စိတ်ဝင်စားခဲ့ပြီး ရေကြောင်းပိုင်နက် ကာကွယ်ရေး၊ နိုင်ငံခြား ကျူးကျော်မှု တားဆီးရေးတို့တွင် ရေငုပ်သင်္ဘော များကို အသုံးပြုရန် စိတ်ဝင်စားသည်ကို ယင်းအချက်က ဖော်ပြပေးခဲ့သည်။
မြန်မာနိုင်ငံက ဆန်အို ရေငုပ်သင်္ဘောတစ်စင်း ဝယ်ယူရန် ရွေးချယ်ခဲ့သော်လည်း ၂၀၀၂ ခုနစ် နောက်ပိုင်းတွင် သဘောတူညီချက်ကို စွန့်လွှတ်လိုက်သည်ဟု ကာကွယ်ရေးရာ သတင်း Jane’s Defense Weekly တွင် ဖော်ပြထားသည်။ ရေငုပ်သင်္ဘော၏ တန်ဖိုးကြောင့်သာမက ဖြစ်နိုင်သည်မှာ ရေငုပ်သင်္ဘော စွမ်းရည်ပြည့် တာဝန် ထမ်းဆောင်နိုင်ရေး နည်းပညာ အခက်အခဲများရှိကြောင်း စစ်ခေါင်းဆောင်များ နောက်ပိုင်းတွင် သဘောပေါက် လက်ခံလာခြင်းကြောင့် သဘောတူညီချက်ကို ဖျက်သိမ်းခြင်း ဖြစ်နိုင်သည်။
ယင်းကဲ့သို့သော သတင်းများကို မည်သည့်အခါမျှ အတည်ပြုနိုင်ခြင်း မရှိခဲ့သော်လည်း အချို့သော ဖြစ်ပေါ် တိုးတက်မှုများက သတင်းများ၏ မှန်ကန်နိုင်မှုကို အားဖြည့်ပေးနေသည်။ ဥပမာအားဖြင့်- ၁၉၈၈ လူထုအုံကြွမှု ဖြစ်ရပ် နောက်ပိုင်းတွင် ရည်မှန်းချက်ကြီးသည့် အစီအစဉ်တစ်ရပ်ကို တပ်မတော်အစိုးရ အဖွဲ့သစ်က ချမှတ်ခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့များ ခေတ်မီရေးနှင့် အင်အား တိုးချဲ့ရေးကို လုပ်ဆောင်ခဲ့သည်။ ယင်းအစီအစဉ်တွင် ရေတပ် လက်နက်တပ်ဆင်ရေး အစီအစဉ်ပါ ပါဝင်သည်။ ထို့အပြင် မြန်မာ့ တပ်မတော်ရေ အရာရှိများ ပါကစ္စတန်နိုင်ငံ၌ ရေငုပ်သင်္ဘော လေ့ကျင့်ရေး သင်တန်းများ တက်ရောက်နေသည်ဟု ၁၉၉၉ ခုနစ်တွင် သတင်းများ ပေါ်ထွက် လာပြန်သည်။ ၁၉၉၀ ပြည့်လွန် နှစ်များတွင် မြန်မာနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လာခြင်းကြောင့်လည်း ရေငုပ်သင်္ဘော သတင်းများမှာ ပိုမို ဆက်စပ်မှု ရှိလာခဲ့သည်။
ဗိုလ်ချုပ်ကြီးများက ပြုံယမ်းထံမှ ဒုံးကျည်များ အပါအဝင် လက်နက်များ ဝယ်ယူရန် စိတ်ဝင်စားခဲ့ပါက လက်နက် စာရင်းတွင် ရေငုပ်သင်္ဘောများ မပါဝင်ဘဲ နေမည်မဟုတ် သုံးသပ် စဉ်းစားမှုများ ပေါ်ပေါက် လာသည်။ မြောက်ကိုရီးယားက ဗီယက်နမ်ကို ယူဂို အတန်းအစား ရေငုပ်သင်္ဘောများ ၁၉၉၇ ခုနစ်တွင် ရောင်းချခဲ့သည့်အတွက် မည်သည့်အတွက် မြန်မာနိုင်ငံကို မရောင်းချသနည်းဟူသော ပုစ္ဆာ ပေါ်ပေါက်လာသည်။
လာမည့် ဆယ်စုနှစ်အတွင်း မြန်မာ ရေတပ်က သင်္ဘောသစ်များ ဝယ်ယူ တပ်ဆင်မည် ဖြစ်ပြီး အချို့သင်္ဘောများတွင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လက်နက်စနစ်များပါ တပ်ဆင်မည် ဖြစ်သည်။ သို့သော်လည်း မြန်မာရေတပ်၏ အဓိက အာရုံစိုက်ရာကဏ္ဍသည် ရေပေါ်သွား သင်္ဘောများ ကဏ္ဍတွင်သာ ဖြစ်သည်။ မြန်မာရေတပ် အရာရှိများကို အိန္ဒိယ ရေတပ်က Foxtrat အတန်းအစား ရေငုပ်သင်္ဘောပေါ်တွင် စစ်ရေးလေ့ကျင့် သင်ကြားပေးနေကြောင်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက ၂၀၁၀ ပြည့်နှစ်တွင် ထုတ်ဖော် ပြောကြားခဲ့ပြီး ရုရှားနိုင်ငံထံမှ Foxtrat အတန်းအစား ရေငုပ်သင်္ဘော နှစ်စင်း ဝယ်ယူရန် နေပြည်တော်က သုံးသပ်လျက် ရှိသည်ဟု သတင်းများ ပေါ်ထွက်လာခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။
၂၀၁၃ ခုနစ် ဇွန်လအတွင်း ရုရှားနိုင်ငံ ခရီးစဉ်တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တန်ချိန် ၃၀၀၀ ကီလိုရှိ အတန်းအစား ဒီဇယ်ရေငုပ်သင်္ဘော နှစ်စင်း ဝယ်ယူရန် ဆွေးနွေးခဲ့ကြောင်း သတင်းများ ပေါ်ထွက်လာသည်။ ထို့အပြင် စိန့်ပီတာ စဘတ်မြို့ရှိ ရေတပ် သင်္ဘောကျင်း တစ်ခုသို့ ကာကွယ်ရေးဦးစီးချုပ် လျှို့ဝှက်စွာ သွားရောက် လည်ပတ်ခဲ့ကြောင်း သတင်းပေးပို့ မှုများလည်း ပေါ်ပေါက်ခဲ့သည်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနစ်တွင် ရေငုပ်သင်္ဘော တပ်ဖွဲ့တစ်ရပ် တည်ထောင်ရန် မျှော်လင့်ထားကြောင်း များစွာသော သတင်းသုံးသပ်ချက် များတွင် ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ၏ သက်တမ်း အိုမင်းနေပြီဖြစ်သော Agosta-70 ရေငုပ်သင်္ဘောများကို ဝယ်ယူခြင်း မပြုဘဲ ရုရှားနိုင်ငံထုတ် ကီလို အတန်းအစား ရေငုပ်သင်္ဘောများကို မြန်မာက ရွေးချယ် ခဲ့သည်ဟုလည်း အချို့က ခန့်မှန်း ပြောကြားခဲ့ကြသည်။ ထို့အပြင် မြန်မာ့ တပ်မတော်ရေ အရာရှိများနှင့် အခြားသော အဆင့်အတန်းများမှာ အခြေခံ ရေငုပ်သင်္ဘော လေ့ကျင့်ခန်းများကို ပါကစ္စတန်နိုင်ငံ၌ လေ့ကျင့် သင်ကြားခဲ့ကြောင်း ၂၀၁၃ ခုနစ် ဧပြီလတွင် သတင်းများ ထွက်ပေါ် ခဲ့သည်။ ယင်းကဲ့သို့သော သတင်းများ ပေါ်ထွက်လာခြင်းကြောင့် “ရေအောက် စွမ်းရည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရေး မြန်မာနိုင်ငံက အခိုင်အမာ ခြေလှမ်းများ ချမှတ်လာပြီ” ဟု ကာကွယ်ရေးရာ Jane’s Defense Weekly တွင် ရေးသားခဲ့ကြသည်။ ယင်းသတင်း ပေးပို့ချက်တွင် စဉ်းစား သုံးသပ်ရန် လိုအပ်သည့် အချက်များကိုပါ ဖော်ပြထားသည်။
ပထမအနေနှင့် မြန်မာနှင့် ရုရှား နှစ်နိုင်ငံလုံး တရားဝင် ထုတ်ပြန်ခြင်း မရှိပေ။ ထို့ကြောင့် သတင်း မီဒီယာများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ ဝက်ဘ်ဆိုက်များတွင် အတည်မပြုနိုင်သော သတင်းများနှင့် ပြည့်နှက် နေတော့သည်။ ယင်းသတင်း အများစုမှာ အစောပိုင်း သတင်းများကိုသာ ပြန်လည် ဖော်ပြကြခြင်း ဖြစ်ပြီး သတင်းရင်းမြစ်နှင့် အတည်ပြုချက်များကို ထည့်သွင်း ဖော်ပြခြင်း မရှိပေ။
ဒုတိယအနေနှင့် ထွက်ပေါ်လာသော သတင်းများကို မည်သည့် နိုင်ငံကမျှ တုံ့ပြန်မှု မရှိသဖြင့် သတင်းများ၏ တိကျမှုအပေါ် မေးခွန်းထုတ်ရန် လိုလာပြန်သည်။ ပုံမုန် အခြေအနေမှာဆိုလျှင် မြန်မာနိုင်ငံက ရေငုပ်သင်္ဘော ဝယ်ယူရန် ကြိုးပမ်းလာပါက အိမ်နီးချင်း နိုင်ငံများထံမှ မှတ်ချက် ပေးမှုများ ပေါ်ပေါက်လာမည် ဖြစ်သလို ဗြိတိန်၊ အမေရိကန် စသည့် နိုင်ငံများ၏ တုံ့ပြန်မှုများလည်း ပေါ်ပေါက်လာမည် ဖြစ်သည်။
တတိယအနေနှင့် မြန်မာ့ လက်နက်ကိုင် တပ်ဖွဲ့များမှာ ၁၉၈၈ ခုနှစ်ကထက် ပိုမို အင်အား ကြီးမားလျက်ရှိပြီး လက်နက်ကောင်းများ တပ်ဆင်ထားပြီး အချိုးညီညီ ဖွဲ့စည်းထားမှုရှိကာ စွမ်းဆောင်ရည်လည်း ယခင်ကထက် ထက်မြက်နေပြီ ဖြစ်သည်။ ထို့အပြင် မြန်မာ့တပ်မတော်မှာ သမားရိုးကျ စစ်ဆင်ရေး နည်းဗျူဟာများကိုလည်း ချမှတ် ကျင့်သုံးနေပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့တွင် ကြီးစွာသော ပြဿနာများ ကြုံတွေ့နေရပြီး လာမည့် အနာဂတ်ကာလ အနီးစပ်ဆုံး ဆိုရလျှင် ၂၀၁၅ ခုနစ်တွင် ရေငုပ်သင်္ဘော တပ်ဖွဲ့တစ်ရပ် ဖွဲ့စည်းနိုင်ရန်မှာ လွန်စွာ ခက်ခဲမည် ဖြစ်သည်။ အဓိက အခက်အခဲကြီး နှစ်ရပ်မှာ ရင်းမြစ်နှင့် ကျွမ်းကျင်မှု ကင်းမဲ့နေခြင်း ဖြစ်သည်။
ကာကွယ်ရေး အသုံးစရိတ်မှာ တရားဝင် အသုံးစရိတ်၏ ၁၄ ရာခိုင်နှုန်းသာရှိပြီး ယင်းပမာဏမှာ ထပ်မံ လျှော့ချ ခံရနိုင်ခြေ ရှိနေသည်။ ထို့အပြင် ရေငုပ်သင်္ဘော တပ်ဖွဲ့များ တည်ထောင်ပါ မြန်မာ့ တပ်မတော် စစ်အသုံးစရိတ် လွန်စွာ ကျပ်တည်းသွားမည် ဖြစ်သည်။ ရေပြင်အောက် စစ်ဆင်ရေး နည်းလမ်းများမှာ အသေးစိတ် အထူးပြု လုပ်ဆောင်ရန် လိုအပ်ပြီး အဆင့်မြင့် နည်းပညာများ လိုအပ် သလို၊ အထောက်အကူပြု အဆောက်အအုံများ တည်ဆောက်ရေး၊ ကိုင်တွယ် အသုံးပြုမည့်သူများ လေ့ကျင့် သင်ကြားပေးရေး စသည်တို့ကိုလည်း လုပ်ဆောင်ရမည် ဖြစ်သည်။ ယင်းအခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
အခြားသော နိုင်ငံများမှာ နယ်ပယ် အချို့တွင် ဝင်ရောက် ကူညီ လုပ်ဆောင်ပေးနိုင်မည် ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ခေတ်မီ ရေတပ်များပင် ရေငုပ်သင်္ဘော အခြေခံ အဆောက်အဦများနှင့် ပတ်သက်လျှင် အခက်အခဲများ ကြုံတွေ့ရလျက် ရှိသည်။
ယင်းအရေးမှာ မြန်မာအစိုးရ၏ ဦးစားပေး အစီအစဉ်များ၊ သမ္မတ ဦးသိန်းစိန် နှင့် ကာကွယ်ရေး ဦးစီးချုပ်ကြား ဆက်ဆံရေး အခြေအနေများနှင့် ပတ်သက်ပြီးလည်း မေးခွန်းထုတ်မှုများ ပေါ်ပေါက်လာမည် ဖြစ်သည်။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှာ အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီ မျိုးချစ် တပ်မတော် တည်ထောင်ရေးကို အာရုံစိုက် လုပ်ဆောင်မည်ဟု ပြောကြားထားသည်။ ယင်းကဲ့သို့သော တပ်မတော် တည်ထောင်ရေးကို သမ္မတ ဦးသိန်းစိန်က သဘောတူသော်လည်း ကာကွယ်ရေး နယ်ပယ်မှာ နည်းပါးလှသော ရင်းမြစ်များ ရရှိနိုင်ရေးကို အခြားသော အစိုးရ နယ်ပယ်များနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ အစိုးရအဖွဲ့၏ အလှမ်းကျယ်လှသော ပြုပြင် ပြောင်းလဲရေး အစီအစဉ်နှင့် ဝန်ကြီး ဌာနများ၏ လိုအပ်ချက်များကြောင့်လည်း ကာကွယ်ရေး အသုံးစရိတ် တိုးချဲ့ရေး လိုအပ်ချက်များ ရှိနေဦးမည် ဖြစ်သည်။
ထို့အပြင် ရေငုပ်သင်္ဘော တစ်စင်း သို့မဟုတ် နှစ်စင်း ဝယ်ယူလိုက်ပါကလည်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ဆက်ဆံရေးအပေါ် သက်ရောက်မှုများ ပေါ်ပေါက်လာမည် ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများစွာ သမရိုးကျ ရေငုပ်သင်္ဘောများ ဝယ်ယူ အသုံးပြုလျက် ရှိသလို ဝယ်ယူရန် စီစဉ်လျက်ရှိသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား မကြာသေးမီကာလအတွင်း ရေကြောင်းပိုင်နက် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းဖြစ်ရပ်များ ဖြစ်ပွားပြီးသည့်နောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံထံမှ ရေငုပ်သင်္ဘော နှစ်စင်း ဝယ်ယူရန် လုပ်ဆောင်ခဲ့သည်။ ရေအောက် စစ်ဆင်ရေး လက်နက်ပြိုင်ပွဲများ ပေါ်ပေါက်နေပြီဆိုသော ပြောကြားချက်များမှာ ဆန္ဒ စောလွန်းသော ပြောကြားချက်များ ဖြစ်သည်။ သို့သော်လည်း ယင်းကဲ့သို့သော ပြောကြားချက်များမှာ နေပြည်တော်၏ အာရုံကို ဆွဲဆောင်နိုင်မည်မှာ သံသယရှိရန် မလိုပေ။ မြန်မာနိုင်ငံ၏ မဟာဗျူဟာ ပတ်ဝန်းကျင်မှာလည်း ပြောင်းလဲနေပြီ ဖြစ်သည်။
အမေရိကန်နှင့် ဗြိတိန် နှစ်နိုင်ငံမှာ မြန်မာနိုင်ငံနှင့် စစ်တပ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးကို အစမ်းသဘော စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။ သြစတြေးလျ နိုင်ငံသည်လည်း မြန်မာနိုင်ငံသို့ စစ်သံမှူးတစ်ဦး စေလွတ်လိုက်ပြီ ဖြစ်သည်။ ထို့အပြင် ၁၉၅၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် သြစတြေးလျ ရေတပ် သင်္ဘော တစ်စင်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီ ဖြစ်သည်။ ယင်းကဲ့သို့သော ရေကြောင်း သံတမန်ရေးရာ တိုးတက်မှုများ ပေါ်ပေါက်နေပြီ ဖြစ်သော်လည်း တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နိုင်ခြေရှိပြီး တန်ဖိုးကြီးသည့် လက်နက် ဝယ်ယူရေး အစီအစဉ်များကို ယင်းနိုင်ငံများက လက်ခံကြိုဆိုကြမည် မဟုတ်ပေ။
မြန်မာအရေးနှင့် ပတ်သက်လျှင် မဟာဗျုဟာ လေ့လာ သုံးသပ်သူများမှာ မှားယွင်း အကဲဖြတ်လေ့ ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင်း၌ တရုတ်နိုင်ငံ၏ စစ်အခြေစိုက် စခန်းကြီး တစ်ခုတည်ရှိ သည်ဟု ယခင်က မှားယွင်းစွာ လက်ခံထားခဲ့ ဖူးသည်။ ထို့အပြင် မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနစ် အရောက်တွင် နျူကလီးယား လက်နက် ပိုင်ဆိုင်နိုင်ရေး ဦးတည် ကြိုးပမ်းနေသည်ဟုလည်း သတင်းပေးပို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ ယင်းကဲ့သို့သော ပြောကြားချက်များမှာ လက်တွေ့ကျသည့် အမြင်များ မဟုတ်ပေ။
ယင်းကဲ့သို့သော အချက်များပေါ် ပေါက်ခဲ့ခြင်းကြောင့် ရေငုပ်သင်္ဘောများ ရောင်းချရေး လျှို့ဝှက် သဘောတူညီချက်များ ပြုလုပ်ထားသည်ဆိုသော သတင်းများကို သေချာစွာ ဆန်းစစ်သင့်သည်။ မြန်မာနိုင်ငံမှာ လေ့လာ သုံးသပ်သူများကို အမြဲတမ်း အံ့သြ ထိတ်လန့်စေခဲ့သည်။ ရေအောက် စစ်ဆင်ရေး အစီအစဉ် မရှိကြောင်း ခိုင်လုံစွာ သက်သေမပြနိုင်ခင် ကာလနှင့် ရေငုပ်သင်္ဘော ဝယ်ယူကြောင်း တရားဝင် အတည်ပြုချက် ထွက်ပေါ်မလာခင် ကာလအတွင်း၌မူ သံသယနှင့် စောင့်ကြည့်နေရမည် ဖြစ်သည်။
အောင်ငြိမ်းချမ်း
ကိုးကား - The Interpreter
THe Voice Myanmar
No comments:
Post a Comment