Saturday, 1 February 2014

စောလူးမင်း ကျောက်စာပါ အက္ခရာများ ခိုင်မာစေရန် အိန္ဒိယပို့ သုတေသနပြု

Photo: စောလူးမင်း ကျောက်စာပါ အက္ခရာများ ခိုင်မာစေရန် အိန္ဒိယပို့ သုတေသနပြု

မန္တလေး၊ ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ ပေတော ပရဟိတ ဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း တွေ့ရှိသော စောလူးမင်း ကျောက်စာပါ အက္ခရာများကို ပိုမိုတိကျ ခိုင်မာသော အထောက်အထား ဖြစ်စေရန် အတွက်  အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသန ဌာနသို့ ဇန်နဝါရီလ နောက်ဆုံးပတ်ခန့်က ပေးပို့ သုတေသန ပြုထားကြောင်း ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

“ပျူဘာသာနဲ့ ရေးထားတဲ့ စာကြောင်း ခုနစ်ကြောင်းကို ပို့ထားပါတယ်။ ဝန်ကြီးရဲ့ လမ်းညွှန်မှု ခံယူပြီး ကျန်ရှိတဲ့ ကျောက်စာပါ အက္ခရာတွေကို ထပ်ပေး ပို့သွားမှာပါ” ဟု ၎င်းက ယဉ်ကျေးမှု ဝန်ကြီးဌာနကို ရှင်းလင်းရာ၌ ထည့်သွင်း ပြောကြားသည်။

ယင်းကျောက်စာကို   မြစ်သားမြို့ မြို့မ အရှေ့ရပ်ကွက်၊ ၁၁ လမ်း  ပေတော ပရဟိတ ဘုန်းတော်ကြီးသင် ကျောင်းတိုက်တွင် မြစ်သား သမိုင်းစာအုပ် ရေးရန်အတွက် ကျောက်စာ ရှာဖွေရာမှ ကျောင်းဝင်း အတွင်း၌ လေးနေရာ ကွဲ၍ လေးပိုင်း တွေ့ရခြင်း ဖြစ်ပြီး  ကျောက်စာတစ်ချပ် ပီပြင်စေရန်  နှစ်ပိုင်း ကျန်သေးကြောင်း မြစ်သားမြို့ ဒေသခံ ဦးညွန့်မောင်က ပြောကြားသည်။

“လတ်တလော ရထားတဲ့ အနေအထားအရ ဗြဟ္မီအက္ခရာကနေ ဆင်းသက်လာတဲ့ ပလဝ အက္ခရာနဲ့ ရေးထိုးထားတယ်လို့ သိရပါတယ်” ဟု အဆိုပါဌာန ပျူဘာသာ ပညာရှင် ဦးစိန်ဝင်းက ဆိုသည်။

ကျန်ရှိသော ကျောက်စာ အပိုင်းအစများကို ရှာဖွေသော်လည်း  ယနေ့တိုင် မတွေ့ရှိရသေးကြောင်း ယင်းကျောင်းတိုက် ဆရာတော် အရှင်ဉာဏဓဇက မိန့်ကြားသည်။

ယင်း မြန်မာသက္ကရာဇ် ၄၄၁ ခုနှစ်၌ စောလူးမင်း ရေးထိုးခဲ့သော ကျောက်စာ ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် တွေ့ရှိပြီး မွန်၊ ပျူ၊ ပါဠိ၊ သက္ကတ ဘာသာများ ပါရှိပြီး ဂျွမ်းဘာသာဖြင့် ရေးထိုးထားသည်မှာ မဖြစ်နိုင်ကြောင်း ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့် ယင်းဌာနမှ တာဝန်ရှိသူများ၊ မြန်မာစာ အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ယင်းကျောက်စာကို လာရောက် လေ့လာခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment