Wednesday, 4 September 2013

၁၅၀၀ က ပေးတဲ့ ဒုက္ခ

မြန်မာ့ဆက်သွယ်ရေးက ဖုန်းကတ်များကို အရေအတွက် ကန့်သတ်ကာ ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးလာခဲ့သည်မှာ သြဂုတ်လတွင် ငါးလပြည့်သွားခဲ့ပြီ ဖြစ်သည်။ တစ်လလျှင် ဖုန်းကတ်အရေအတွက် ၃၅ ၀,၀၀၀ ချထားပေးခဲ့ခြင်းဖြစ်ရာ ဖုန်းကတ်ပေါင်း ၁၇ သိန်းကျော် ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

တစ်နည်းဆိုရပါမူ ပြည်သူ ၁၇ ဒသမ ၅ သိန်းဖုန်းကိုင်နိုင်ပြီဟု ဆိုရမည် ဖြစ်သည်။ သို့သော် ထိုသူတို့အားလုံး ဖုန်းခေါ်ဆိုမှု၊ ဖုန်းဝင်လက်ခံနိုင်မှု အားလုံးတို့တွင် အဆင်ပြေချောမွေ့ပါ၏လော။ မြို့ပြနှင့် နီးစပ်သော၊ တစ်နည်းအားဖြင့် မြို့ပြရှိ တယ်လီဖုန်း ရေဒီယိုစခန်းများနှင့် နီးစပ်ရာဒေသများတွင် နေထိုင်သူများသာ ဖုန်းခေါ်ဆိုမှုအတွက် အဆင်ပြေနေသည်ကို တွေ့ရှိရသည်။

ဖုန်းကတ်ပေါင်း ၁၇ ဒသမ ၅ သိန်းသည် ကျေးလက်ဒေသများအထိ အများအပြားပျံ့နှံ့ရောက်ရှိသွားကာ မိုဘိုင်းဖုန်းပိုင်ဆိုင်မှု အရေအတွက်များပြားလာမည် ဖြစ်သော်လည်း ပိုင်ဆိုင်သည့်ဖုန်းကို အသုံးချကာ ဆက်သွယ်ပြောဆိုနိုင်မှုမှာ မများလှသော အရေအတွက်သာဖြစ်သည်ကို လက်တွေ့အခြေအနေများက ပြဆိုနေသည်။

ကျေးလက်နေ ပြည်သူများအတွက် ၁၅၀၀ တန်ဖုန်းကတ်သည် ပေးကားပေး၏ မရဆိုသကဲ့သို့ဖြစ်လျက် ရှိနေသည်။ နောက်ဆက်တွဲ ဖြစ်ရပ်များအဖြစ် ကျေးလက်ဒေသများတွင် ဖုန်းကတ်ရရှိသူများက ဖုန်းလိုင်း မမိခြင်း၊ ဆက်သွယ်ပြောဆို၍ မရခြင်း၊ ၀ယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းတို့ကြောင့် မြို့ပြနှင့် နီးစပ်ရာဒေသများသို့ မိမိရရှိထားသည့် ဖုန်းကတ်များကို ပြန်လည်ရောင်းချခြင်းကြောင့် ၁၅၀၀ တန် ဖုန်းကတ်သည် ၁၀၀,၀၀၀ ကျော်တန်ဖုန်းအဖြစ် မှောင်ခိုဈေးကွက် ထွက်ပေါ်လာတော့သည်။

ကမ္ဘာ့အလယ်တွင် အထွေထွေအကြောင်းကြောင်းကြောင့် နောက်ကျကျန်နေခဲ့သော မိမိတို့ မြန်မာနိုင်ငံသည် ဆက်သွယ်ရေးကဏ္ဍတွင်လည်း ဘဏ္ဍာငွေကြေး မလုံလောက်မှု၊ ဆက်သွယ်ရေး ရေဒီယိုစခန်းများ အလုံအလောက်မရှိမှုတို့ကြောင့် တစ်နိုင်ငံလုံးမိုဘိုင်းဖုန်းကွန်ရက် လွှမ်းခြုံနိုင်မှုအခြေအနေမရှိသည်ကို နားလည်ပါသည်။

ဆက်သွယ်ရေးအတွက် ဘဏ္ဍာငွေကြေးမလုံလောက်မှု၊ ဆက်သွယ်ရေး ရေဒီယိုစခန်းများ တိုးချဲ့ဆောက်လုပ်ရန်တို့အတွက် လိုအပ်သည့် ဘဏ္ဍာငွေကို ဖုန်းကတ်များရောင်းချခြင်း၊ ဖုန်းသုံးစွဲခတို့ဖြင့် ဖြေရှင်းရန် ကြိုးစားသည်ကိုလည်း တွေ့ရှိရသည်။

၁၅၀၀ ကျပ်တန် ဖုန်းကတ်ပေါင်း ၁၇ ဒသမ ၅ သိန်းအတွက် ရောင်းချရငွေမှာ သိန်းပေါင်း ၂၆,၂၅၀ ဖြစ်သည်။ ထို့အပြင် ဖုန်းကတ်သုံးစွဲသူတို့အတွက် ကန့်သတ်ထားသည်မှာ တစ်လလျှင် ၂၅၀၀ ကျပ် မသုံးမဖြစ်သုံးနေရသည်ဖြစ်ရာ ဖုန်းကိုင်ဆောင်သူတစ်ဦးသည် တစ်လလျှင် အနည်းဆုံး ကျပ် ၃၀၀၀ ခန့် သုံးစွဲမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းကတ်ပေါင်း ၁၇ ဒသမ ၅ သိန်းမှရရှိငွေသည် သိန်းပေါင်း ၅၂,၅၀၀ ဖြစ်သည်။

ဖုန်းကတ်ရောင်းရငွေနှင့် ဖုန်းပြောခသတ်မှတ်ငွေ နှစ်မျိုးပေါင်းကို တွက်ချက်ကြည့်မည်ဆိုပါက မြန်မာ့ဆက်သွယ်ရေး၏ ၀င်ငွေသည် ငါးလအတွင်း ကျပ်သိန်းပေါင်း ၇၈,၇၅၀ သိန်း ၀င်ငွေရရှိပြီး ဖြစ်သည်။ မေးခွန်းထုတ်စရာကား ထိုငွေကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော်ဖြင့် မိုဘိုင်းဆက်သွယ်ရေး စခန်းပေါင်း မည်မျှဆောက်လုပ်ပေးပြီး ဖြစ်သနည်း။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြချက်အရ မိုဘိုင်းစခန်းပေါင်း ၁,၄၁၃ ခု တည်ဆောက်ပြီး ဖြစ်သည်ဟုဆိုသည်။ ထို့အပြင် တစ်နိုင်ငံလုံး၏ မိုဘိုင်းကွန်ရက် ဖြန့်ကျက်နိုင်မှုသည် ၈၀ ရာခိုင်နှုန်းရှိသည်ဟု ဆိုထားသည်။ သို့သော် လက်တွေ့အခြေ အနေတွင်မူ ကျေးလက်နေ ဖုန်းကိုင်ဆောင်သူ မြောက်မြားစွာတို့သည် ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေဆဲပင် ဖြစ်သည်။
 မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၅၆ မိနစ်

No comments:

Post a Comment