Wednesday, 4 September 2013

ဆီးရီးယားကို အနောက်နိုင်ငံများ တိုက်ခိုက်ပါက ဒေသလုံးဆိုင်ရာစစ်ပွဲတစ်ခုဖြစ်လာနိုင်ကြောင်း အာဆတ် သတိပေး

အနောက်နိုင်ငံများအနေဖြင့် ဆီးရီးယားကိုစစ်ရေးတိုက်ခိုက်မှု ပြုလုပ်ပါက ပေါက်ကွဲတော့မလို ဖြစ်နေ သည့် အရှေ့အလယ်ပိုင်းဒေသတွင်၊ တစ်ဒေသလုံးဆိုင်ရာ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်သည့်အန္တရာယ်ရှိ ကြောင်း ဆီးရီးယားခေါင်းဆောင် ဘက်ရှာအယ်လ်အာဆတ် (Bashar al-Assad) က သတိပေးလိုက်ကြောင်း စက်တင်ဘာ ၃ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ပြင်သစ်သတင်းစာ Le Figaro နှင့် အင်တာဗျူးတွင် ထိုကဲ့သို့သတိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဆီးရီးယားအစိုးရသည် ပြီးခဲ့သည့်လက ဓာတုဗေဒလက်နက်များအသုံးပြု တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့်အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များကဆီးရီးယားအားတိုက်ခိုက်ရန်ရှိနေရာ၊ အကယ် ၍ ပြင်သစ်အနေဖြင့် ထိုတိုက်ခိုက်မှုတွင် ပါဝင်ပါကဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်းလည်း အာဆတ်က သတိပေးခဲ့သည်။

“အရှေ့အလယ်ပိုင်းဟာ ယမ်းမှုန့်တွေရှိတဲ့ စည်တစ်ခုလိုပါပဲ။ ပြီးတော့ စနက်ကြိုးကလည်း တဖြည်းဖြည်း တိုလာပါပြီ” ဟု ဒမတ်စကတ်မြို့တွင် အာဆတ်က Le Figaro သတင်းစာ၏ သတင်းထောက်ကို ပြော ကြားခဲ့သည်။ ထိုအင်တာဗျူးမှာ အာဆတ်အဖို့ အနောက်မီဒီယာများနှင့် ရှားရှားပါးပါး ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုလည်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဆီးရီးယားက ဘယ်လိုတုံ့ပြန်မယ်ဆိုတာ တစ်ခုတည်းကို ပြောလို့မရပါဘူး” ဟု အာဆတ်က ပြောခဲ့သည်။
“ယမ်းမှုန့်တွေရှိတဲ့စည် ပေါက်ကွဲပြီ ဆိုတာနဲ့ ဘယ်သူကမှ အခြေအနေကို ထိန်းချုပ်နိုင်တော့မှာ မဟုတ် ပါဘူး။ ဖရိုဖရဲ အခြေအနေနဲ့ အစွန်းရောက်ဝါဒဟာ ပျံ့နှံ့သွားပါလိမ့်မယ်။ ပြီးတော့ ဒေသလုံးဆိုင်ရာ စစ်ပွဲကြီးတစ်ခုကို ဖြစ်လာစေမယ့် အန္တရာယ်လည်း ရှိပါတယ်” ဟု သူကပြောသည်။

သြဂုတ်လ ၂၁ ရက်က ဓာတုဗေဒလက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့်၊ ဆီးရီးယားအား အမေရိကန်ကတိုက်ခိုက်မည်ဟု ခြိမ်းခြောက်လျက်ရှိရာ၊ အမေရိကန်၏ ဆောင်ရွက်မှုကို ပြင်သစ်က ထောက်ခံကူညီနိုင်ရန် ပြင်ဆင်လျက်ရှိနေသည်။ ပြင်သစ်အနေဖြင့် ထိုလုပ်ရပ်များ၏ အကျိုးဆက်ကို ဆင်ခြင်သင့်ကြောင်းလည်း ဆီးရီးယားသမ္မတအာဆတ်က သတိပေးခဲ့သည်။
“ဆီးရီးယားနိုင်ငံနဲ့ ဆီးရီးယားပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို ထိပါးအောင်လုပ်ကိုင်နေတဲ့ ဘယ်သူ မဆိုရန်သူပါပဲ” ဟု အာဆတ်က ဆိုသည်။

“ပြင်သစ်ပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ရန်သူတွေမဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်သစ်နိုင်ငံရဲ့ မူဝါဒကတော့ ဆီးရီးယား ပြည်သူတွေကို ရန်လိုနေသလို ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

ပြင်သစ်နိုင်ငံရဲ့မူဝါဒက ဆီးရီးယားပြည်သူတွေကို ဆန့်ကျင်ရန်လိုနေတဲ့အတွက် ပြင်သစ်နိုင်ငံဟာ ဆီး ရီးယားရဲ့ရန်သူလို ဖြစ်သွားပါလိမ့်မယ်။ အဲဒါဆိုရင် ပြင်သစ်ရဲ့အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့
ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်” ဟု အာဆတ်က ပြောခဲ့သည်။
 AFP
Mizzima News

No comments:

Post a Comment