Friday, 18 January 2013

ငွေဝင်တိုးစက်လှေကိစ္စ ရဲနှင့်အပြန်အလှန် လေးဂွတိုက်ပွဲဆင်နွဲခဲ့ကြ

Photo: ငွေဝင်တိုးစက်လှေကိစ္စ ရဲနှင့်အပြန်အလှန် လေးဂွတိုက်ပွဲဆင်နွဲခဲ့ကြ

ထက်အောင်ခန့်-ယမင်း (မြစ်မခ) 
by Myit Makha Mediagroup on 18 Jan, 2013

ဇန်နဝါရီလ(၁၆)ရက်နေ့က ဘုရင့်နောင်ဗောတံတား အမှတ်(၁) တွင် နစ်မြုပ်ခဲ့သည့် ငွေဝင်တိုးစက်လှေအတွင်း၌ရှိသည့် ကုန်ပစ္စည်းများကို လာရောက်ယူဆောင်ကြသူများအား ရဲမှ လေးဂွဖြင့် ခြောက်လန့်ပစ်ခတ်ခဲ့ပြီး လာရောက်ယူဆောင်သူများမှလည်း လေးဂွများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
 
ရန်ကုန်မှမြိတ်သို့ ကုန်ပစ္စည်းတင်ဆောင်သော ငွေဝင်တိုးစက်လှေ သည် ကုန်ပစ္စည်းအပြည့်ဖြင့် နစ်မြုပ်ခဲ့ကြောင်းသိရသည်။ ထိုစက်လှေအတွင်း၌ရှိသော ပစ္စည်းများအား လာရောက်ယူဆောင် ကြရာမှ ရဲမှလေးခွဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
 
“အခုလာယူတဲ့သူတွေက ရှမ်းချောင်း၊ ဒိုင်ဆုကလူတွေများတယ်။ သူတို့ကိုရဲက ခြောက်လှန့်ပြီး ပစ်တယ်။ ထိအောင်တော့ မပစ်ဘူး။ သူတို့ကလည်း ပြန်ပစ်တယ်။ ကျွန်တော့်ကိုတောင် ခဲတစ်လုံးထိသွားသေးတယ်။”ဟု လာရောက်ကြည့်ရှုသူတစ်ဦးက ပြောသည်။
 
ထိုစက်လှေနစ်မြုတ်မှုအပေါ် ယင်းအနီးအနားတွင် နေထိုင်သူများက ထင်မြင်ချက်မျိုးစုံ ပြောဆို လျက်ရှိပြီး ယခုအခါတွင် ယင်းစက်လှေအား ပြန်လည်ဆယ်ယူနေပြီဖြစ်သည်။
 
စက်လှေနစ်မြုပ်မှုတွင် ကုန်ပစ္စည်းများသာ ဆုံးရှုံးမှုရှိပြီး အခြားမည်သည့် အသက်အန္တရယ်မှ မရှိကြောင်း သိရသည်။
 
“အဲ့ဒီစက်လှေမြုပ်သွားတာကို ကျွန်တော်ကြားတာက အရှေ့က တိုင်မှာတပ်ထားတဲ့ကြိုး မဖြုတ်လို့မြုတ်သွားတယ်လို့ ကြားတယ်။ အဲ့ဒီကြိုးကို မဖြုတ်ပဲစက်လှေကို မောင်းရင်းနစ်မြုတ် သွားတယ်။ အဲ့ဒီအထဲမှာ ကုန်ပစ္စည်းတွေက အပြည့်ပဲ။”ဟု ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှ ဆိုက်က္ကား မောင်းသူတစ်ဦးက ပြောသည်။
 
ယင်းစက်လှေထဲတွင် ဆန်အိတ်များအပြင် အခြားလူသုံးကုန်ပစ္စည်းမျိုးစုံအပြည့်ပါဝင်ကြောင်းကိုလည်း သိရသည်။
 
“ဆန်အိတ်တွေတင်ပဲ ၀မ်းဗိုက်ထဲမှာ (၂၀၀၀) ကျော်လောက်ပါတယ်လို့ ကြားတယ်။ ဆန်အိတ်တွေ အပြင်အခြား ကုန်ပစ္စည်းတွေဖြစ်တဲ့ ခြင်ဆေးခွေတွေ၊ ဖယောင်းတိုင်တွေ၊ တိုလီမိုလီတွေ အကုန်ပါတယ်။”ဟု စက်လှေပြန် လည်ဆယ်ယူရာတွင် လာရောက်ကြည့်ရှုသူတစ်ဦးကပြောသည်။
 
ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ယခုစက်လှေနစ်မြုပ်မှုမှာ (၃)ကြိမ်မြောက် နစ်မြုပ်မှုလည်းဖြစ်သည်။

အေးချမ်းမွန်မှ   Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Myit Makha Mediagroup 

No comments:

Post a Comment